သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နို့မှုန့် မြန်မာ့ကလေးများအတွက် အန္တရာယ်ဖြစ်ဖွယ်ရှိ


တရုတ်နိုင်ငံမှာ မယ်လမင်းဓာတုပစ္စည်းတွေ ပါဝင်နေတဲ့ နို့မှုန့်တွေကြောင့် ကလေးငယ်
တွေ ကျောက်ကပ်ပျက်စီးပြီး သေဆုံးမှုတချို့ ရှိလာတာကြောင့် အိမ်နီးချင်းနိုင်ငံတွေမှာ
လည်း အလားတူ တရုတ်နို့မှုန့်တွေအပေါ် စိုးရိမ်ချက်တွေ ရှိလာပါတယ်။ မြန်မာနိုင်ငံ
အတွင်းမှာတော့ အစိုးရအာဏာပိုင်တွေက ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းမယ်လို့
ပြောထားပေမယ့် တရားဝင်ဈေးကွက်ထဲမှာတော့ စစ်တာဆေးတာတွေ မတွေ့ရသေး
ဘူးလို့ ဒေသခံတွေက ပြောပြပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြ
ပေးထားပါတယ်။

တရုတ်နိုင်ငံက ဆန်းလုတံဆိပ် နို့မှုန့်တွေမှာ မယ်လမင်းဓာတုပစ္စည်း ပါဝင်တာကြောင့်
ကလေးငယ်တွေ တော်တော်များများ ကျောက်ကပ်ပျက်စီးကုန်ပြီး တခြား တရုတ်နို့မှုန့်
တံဆိပ်တွေမှာလည်း အလားတူ ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတဲ့ စိုးရိမ်ချက်တွေ
ဖြစ်လာပါတယ်။ တချိန်တည်းမှာ ဟောင်ကောင်က ကလေးငယ်တဦးမှာ မယ်လမင်း
အဆိပ်သင့်တယ်ဆိုတာ တွေ့ရတော့ တရုတ်ရဲ့အိမ်နီးချင်း အခြားအာရှနိုင်ငံတွေမှာ
လည်း တရုတ်နို့မှုန့် သုံးစွဲတာကြောင့် ကလေးငယ်တွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်
စရာတွေ ဖြစ်လာပါတယ်။

မြန်မာနိုင်ငံကိုလည်း ဒီလိုမျိုး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ တရုတ်နို့မှုန့်တွေ ဝင်လာ
နိုင်တယ်ဆိုပြီး ယူနီဆက်ဖ် အာရှ-ပစ္စဖိတ်ရုံးက စိုးရိမ်ကြောင်း ထုတ်ပြန်လာပါတယ်။
မြန်မာနိုင်ငံထဲမှာတော့ အာဏာပိုင်တွေဘက်က အများပြည်သူကို သတိပေး သတင်း
ထုတ်ပြန်တာမျိုး၊ ဆိုင်တွေမှာ စစ်ဆေးတာမျိုးတွေ မရှိဘူးလို့ သိရပါတယ်။

တရုတ်နိုင်ငံကပစ္စည်းတွေ အဓိကဝင်ရောက်တဲ့ မန္တလေးဈေးကွက်နဲ့ပတ်သက်လို့
မန္တလေးနယ်ခံတဦးက အခုလိုရှင်းပြပါတယ်။

"ဒီဘက်ကိုဝင်တာ များသောအားဖြင့် နွားနီဆိုတဲ့နို့မှုန့်ပဲ ဝင်တာများတယ်။ ပြဿနာ
ဖြစ်တဲ့နို့မှုန့်က နည်းနည်းဈေးကြီးတော့ ဒီဘက်ကို သိပ်မဝင်ဘူး။"

အစိုးရအာဏာပိုင်တွေဘက်က တစုံတရာ သတိပေးတာမျိုးရော သတိထားမိပါလား။

"အခုထိတော့ ဘာမှမကြားမိသေးပါဘူး။"

အရောင်းအဝယ်တွေရော ဘယ်လိုနေလဲ။

"သိပ်ပြီး အထွေအထူးတော့ မရှိလှဘူး။ လူတွေစိတ်ထဲမှာ ဖြစ်တဲ့နို့မှုန့်နဲ့ ဒီမှာဝင်နေတဲ့
နို့မှုန့်နဲ့ မဆိုင်ဘူးလို့ပဲ ထင်နေကြတယ်။ ဒီမှာက နွားနီတံဆိပ် နို့မှုန့်ပဲ ဝင်တာများ
တယ်။"

ပုံမှန်တော့ အဲဒီနွားနီတံဆိပ်နို့မှုန့်က အရောင်းအဝယ် လိုက်နေတုန်းပဲလား။

"အရောင်းအဝယ် ဖြစ်နေတုန်းပါပဲ။ လူတွေရဲ့စိတ်ထဲမှာ နွားနီက ခုနဖြစ်တဲ့ကိစ္စနဲ့
မဆိုင်ဘူးလို့ ထင်နေကြတုန်းပဲ။ အဲဒါက ကျနော်တို့ဆီက သိပ်မသိနိုင်ဘူးထင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ ကလေးဖြစ်တယ်ဆိုရင်လည်း ရိုးရိုးဖြစ်တယ်ပဲထင်မှာပဲ။"

ရန်ကုန်ဘက်မှာတော့ ပြည်ပကလာတဲ့ သတင်းတွေကြောင့် အများပြည်သူကြားမှာ
တရုတ်နို့မှုန့်နဲ့ပတ်သက်ပြီး စိုးရိမ်နေကြပေမယ့် အစိုးရဘက်ကတော့ တရားဝင်သတင်း
ထုတ်ပြန်တာမျိုး မရှိဘူးလို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။

"သိကြပါတယ်။ အားလုံးက ကြောက်တော့ ကြောက်နေကြတာပေါ့။ ပြီးတော့ နွားနီ
နို့မှုန့်ပါမှာကို စိုးရိမ်နေကြတယ်။"

ဆိုင်တွေဘာတွေမှာ ဝင်စစ်တာမျိုးတွေရော ရှိပါသလား။

"တွေ့လည်း မတွေ့ဘူး၊ ကြားလည်း မကြားမိပါဘူး။ လူတွေ ကြောက်နေတာပဲရှိတယ်။
အဲလိုမျိုးလုပ်နေတယ်လို့တော့ ဘယ်မှာမှ သတင်းမကြားပါဘူး။ သူတို့ရဲ့ စီးတီးမာ့တ်
ကြီးတွေမှာ လုပ်ရင်တော့ မသိဘူး၊ စီးတီးမာ့တ် မသွားနိုင်တဲ့ သာမန်လူတန်းစားတွေ
ကတော့ မကြားဘူး။"

အစိုးရကရော ဒါနဲ့ပတ်သက်လို့ သတိပေးချက်ထုတ်တာတွေ ရှိပါလား။

"သောက်ရေသန့်တွေကိုတောင် သူတို့ သတိပေးချက် မလုပ်နိုင်မှတော့ နွားနီနို့မှုန့်
လောက်ကိုတော့ ဝေးပါတယ်။"

အခု လူတွေကြားထဲမှာ စိုးရိမ်စိတ်ဖြစ်နေတယ်ဆိုတာက ဘယ်လိုမျိုးသတင်းရပြီး
စိုးရိမ်စိတ် ဖြစ်နေကြတာလဲ။

"စိုးရိမ်စိတ်ဆိုတာ အစ်မတို့က တရုတ်ပစ္စည်းတွေပဲ အားကိုးနေရတာ။ တရုတ်ပြည်မှာ
နို့မှုန့်တွေဖြစ်တယ်ဆိုရင် အစ်မတို့ဆီမှာ အခြေခံသုံးတဲ့ နွားနီနို့မှုန့်ဆိုတာ ဘူးနဲ့တောင်
မလာနိုင်ပါဘူး၊ နွားအနီရောင်တံဆိပ်နဲ့ပါတဲ့ ပက်ကင်ကိုပဲ သာမန်ပြည်သူလူထု အကုန်
သုံးနေကြတာပါ။ နို့ဆီထက်သက်သာတယ်။ လသားအရွယ် အမေနို့မတိုက်နိုင်တဲ့
ကလေးတွေဆိုလည်း လက်တိုဂျင်တွေ ဘာတွေဆိုတာ မကပ်နိုင်တော့ နွားနီနို့မှုန့်ကိုပဲ
ဖျော်တိုက်ရတာ။ အခြေခံလူတန်းစားတိုင်း နွားနီနို့မှုန့်ကိုပဲ သောက်ရတယ်။ အဲဒီနို့မှုန့်
ပါမှာကိုပဲ စိုးရိမ်ကြတယ်။"

တရုတ်ပြည်မှာ အခုလို ပြဿနာဖြစ်တယ်ဆိုတာ လူတွေက ဘယ်လိုများ သိကြပါလဲ။

"ဒါကတော့ အစ်မတို့အားကိုးနေရတဲ့ သတင်းဌာနတွေကပဲ သိရတာပေါ့။"

အခုလို အစိုးရဘက်က အများပြည်သူအပေါ် တရားဝင် သတင်းထုတ်ပြန်တာ မရှိသေး
တဲ့အပေါ် စိုးရိမ်မိတယ်လို့ ယူနီဆက်ဖ် အာရှ-ပစ္စဖိတ်ရုံးက မောနစ် စကစ်မိုးကလည်း
အခုလိုပြောခဲ့ပါတယ်။

"နို့မှုန့်ပြဿနာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ အများပြည်သူကို သတိပေးကြေညာတာ
မျိုးတွေ လုံးဝမတွေ့ရသေးပါဘူး။ အစိုးရသတင်းတွေမှာရော၊ ကျန်းမာရေးဝန်ကြီးဌာန
ကရော ဆောင်ရွက်တာမျိုးတွေမှာ မတွေ့ရသေးပါဘူး။ ဥပမာ ဘင်္ဂလားဒေ့ရှ်မှာဆိုရင်
နို့မှုန့်နမူနာတွေယူပြီး စစ်ဆေးတာတွေ ရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာက သိပ်ပြီး
စိုးရိမ်စရာ ကြီးကြီးကျယ်ကျယ် မရောက်သရွေ့ အစိုးရဘက်က သတိပေးထုတ်ပြန်တာ
မျိုးတွေ လုပ်လေ့မရှိပါဘူး" လို့ ယူနီဆက်ဖ်အရာရှိ မောနစ် စကစ်မိုး ပြောသွားတာ
ဖြစ်ပါတယ်။

ယူနီဆက်ဖ်အနေနဲ့ မြန်မာနိုင်ငံက အစိုးရတာဝန်ရှိသူတွေနဲ့တွဲပြီး နို့မှုန့်ကိစ္စနဲ့
ပတ်သက်လို့ ဖြေရှင်းဆောင်ရွက်ဖို့ ကြိုးစားနေတယ်လို့ ယူနီဆက်ဖ် ဘန်ကောက်ရုံး
ပြောခွင့်ရသူ ရှန်တာ ဘလိုးမင်းက ပြောပါတယ်။

"အခုဖြစ်နေတဲ့ နို့မှုန့်တွေ ဒေသတွင်းက မြန်မာနိုင်ငံအပါအဝင် တခြားနိုင်ငံတွေကို
ပျံ့နှံ့သွားနိုင်တာဟာ စိုးရိမ်စရာဖြစ်ပါတယ်။ ဒီအတွက် ကျန်းမာရေးဝန်ကြီးဌာနနဲ့
တခြားအဖွဲ့အစည်းတွေနဲ့အတူ သူတို့ ညှိနှိုင်းဆောင်ရွက်နေပါတယ်" လို့ ယူနီဆက်ဖ်
ဘန်ကောက်ရုံး ပြောခွင့်ရသူက ပြောသွားတာဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ နို့မှုန့်ပြဿနာကြောင့် ကလေးငယ် ၁၃,၀၀၀ ကျော် ဆေးရုံတင်ထား
ရပြီး အဲဒီအထဲက ၁၀၀ ကျော်ဟာ စိုးရိမ်ရတဲ့အနေအထား ရှိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာနက ဒီကိစ္စပေါ်မှာ
အရေးယူကိုင်တွယ်နိုင်ဖို့ အစာနဲ့ ဆေးဝါးဌာန (FDA) ကို ညွန်ကြားထားတယ်လို့ ဆိုပါ
တယ်။ FDA ကိုတော့ အခုအထိ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။ ရန်ကုန်မှာရှိတဲ့
ယူနီဆက်ဖ်ရုံးကတော့ သူတို့အနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ ညှိနှိုင်းပြီး
အစိုးရပိုင်းက တာဝန်ရှိသူတွေနဲ့ တွဲပြီးဆောင်ရွက်နေပါပြီလို့ ဗွီအိုအေကို ပြောခဲ့ပါ
တယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG