သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားအချို့ လွတ်မြောက်မှု ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် ကြိုဆို


မြန်မာနိုင်ငံက ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသား
တဦးဖြစ်တဲ့ ဦးဝင်းတင်နဲ့ အခြားနိုင်ငံရေး
အကျဉ်းသားအချို့ ပြန်လည်လွတ်မြောက်လာတဲ့
အပေါ် ကြိုဆိုကြောင်းနဲ့ အလားတူဆုံးဖြတ်ချက်
မျိုးတွေ အစိုးရက ချမှတ်စေချင်တယ်လို့ မြန်မာ
နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး
ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား
(Tomas Ojea Quintana) က ပြောလိုက်ပါတယ်။
မစ္စတာကင်တားနားကို ဆက်သွယ်မေးမြန်းပြီး
ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မစ္စတာကင်တားနားဟာ ပြီးခဲ့တဲ့ သြဂုတ်လကပဲ
မြန်မာနိုင်ငံကို သွားရောက်ပြီးတော့ ဦးဝင်းတင်
အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ကို တွေ့ဆုံခွင့်ရခဲ့သူပါ။ အခုလို နိုင်ငံရေး
အကျဉ်းသားအချို့လွှတ်ဖို့ စစ်အစိုးရရဲ့ လုပ်ရပ်အပေါ် ကြိုဆိုတယ်လို့ မစ္စတာ
ကင်တားနားက ပြောပါတယ်။

"နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ဖို့ မြန်မာအစိုးရရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။
ကျနော် မြန်မာနိုင်ငံကို သွားရောက်စဉ်တုန်းက ထောင်ထဲမှာ ဦးဝင်းတင်နဲ့ တွေ့ခဲ့ရပါ
တယ်။ အခုလို သူ့ကိုလွှတ်ပေးလိုက်တာကို ကြိုဆိုပါတယ်။ အခြား သာမန်အကျဉ်းသား
တွေ အတော်များများလည်း လွတ်တယ်လို့ သိရပါတယ်။ ဒါလည်း အရေးကြီးပါတယ်။
ဒီလို ဆုံးဖြတ်ချက်မျိုးတွေအတွက် မြန်မာအစိုးရကို ကျနော် အားပေးနေပါတယ်။"

မစ္စတာကင်တားနားဟာ မြန်မာနိုင်ငံကိုရောက်စဉ် စစ်အစိုးရရဲ့ နိုင်ငံရေးလမ်းပြမြေပုံ
ကို ရည်ညွှန်းပြောဆိုခဲ့တာကြောင့် အတိုက်အခံအချို့ရဲ့ ဝေဖန်တာကို ခံခဲ့ရပါတယ်။
အခုလည်း လာမယ့် ၂၀၁၀ ခုနှစ် စစ်အစိုးရ ရွေးကောက်ပွဲမတိုင်ခင် မြန်မာနိုင်ငံမှာ
လူ့အခွင့်အရေးအခြေအနေ တိုးတက်လာအောင်လုပ်ဖို့ စစ်အစိုးရကို အကြံပြုခဲ့တယ်
လို့ ပြောပါတယ်။

"နောက်လာမယ့် တနှစ်ခွဲအတွင်းမှာ လူ့အခွင့်အရေးဆိုင်ရာ တိုးတက်လာစေဖို့
ဆုံးဖြတ်ချက်မျိုး ချမှတ်လုပ်ဆောင်ဖို့ မြန်မာအစိုးရကို ကျနော် ပြီးခဲ့တဲ့ခရီးစဉ်အတွင်း
က အကြံပြုခဲ့ပါတယ်။ ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ဆိုတာလည်း
ပါဝင်ပါတယ်။"

အခုလွတ်တဲ့အထဲမှာ ဦးဝင်းတင်နဲ့ ၁၉၉၀ ပြည့် ရွေးကောက်ခံကိုယ်စားလှယ်အချို့
ပါဝင်တယ်ဆိုပေမယ့် နိုင်ငံတကာက တောင်းဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်ရေး၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးသဘောတော့
ဖြစ်မလာသေးဘူးလို့ ဆိုရမှာပါ။ ဒါပေမယ့် မစ္စတာကင်တားနားကတော့ အခုလိုအခြေ
အနေကို ကနဦးပထမအဆင့်လို့ ယူဆခဲ့ပါတယ်။

"ဦးဝင်းတင်ဆိုတာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထင်ကရ ပုဂ္ဂိုလ်တဦးပါ။
ဒီအချက်က အလွန်အရေးပါတယ်လို့ ကျနော်ထင်ပါတယ်။ ဒါဟာ ပထမဆုံးအဆင့်
ဖြစ်ပါလိမ့်မယ်။ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား အတော်များများ ရှိနေ
ပါသေးတယ်။ အစိုးရအနေနဲ့ ဒီလူတွေကိုလည်း ဆက်ပြီးလွှတ်ပေးသင့်တယ်လို့ ကျနော်
ယူဆပါတယ်။"

နိုင်ငံရေးအကျဉ်းသားအချို့ အခုလွှတ်တယ်လို့ဆိုပေမယ့် ဒီရက်ပိုင်းအတွင်းမှာပဲ ပြီးခဲ့တဲ့
တနှစ်ဝန်းကျင်က ဖမ်းဆီးထားသူတွေကို ရုံးထုတ်တရားစွဲတာ၊ နောက်ထပ်ဖမ်းဆီးမှု
တွေ ရှိနေတာကြောင့် အခုအခြေအနေမှာ လူ့အခွင့်အရေးအခြေအနေ တိုးတက်လာ
တယ်လို့ ပြောဖို့တော့ ခက်ပါတယ်။ မစ္စတာကင်တားနားကလည်း ဒါကို သဘောတူပါ
တယ်။ ဥပမာ တရားဥပဒေအရ အခွင့်အလမ်းတွေ ကင်းမဲ့နေတာတွေအပေါ် သူ့အနေနဲ့
စိုးရိမ်မိတယ်လို့ ပြောပါတယ်။

"မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေ နောက်ထပ်ဖမ်းဆီးတာတွေ၊ ဖမ်းဆီးထားသူ
တွေကို တရားစွဲဆိုတာတွေ တရားရုံးမှာ သူတို့ရဲ့အခြေအနေ ဘယ်လိုဖြစ်နေတာတွေ
စသဖြင့် နေ့စဉ်အခြေအနေတွေကို ကျနော် သိရှိထားပါတယ်။ ကျနော့်စိုးရိမ်ချက်က
တော့ သူတို့အတွက် တရားခွင်မှာ တရားဥပဒေဆိုင်ရာ အခွင့်အလမ်း အာမခံချက်တွေ
မရှိတာပါပဲ။ ဒါကို အစိုးရနဲ့ ဖြေရှင်းဆောင်ရွက်နေပါတယ်။"

မစ္စတာကင်တားနားဟာ နောက်နှစ် ၂၀၀၉ ခုနှစ် မတ်လ နှစ်စဉ်လုပ်နေကြ လူ့အခွင့်
အရေးကောင်စီမှာ မြန်မာ့လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာ တင်ရဦးမှာပါ။
ဒီမတိုင်ခင်တော့ မြန်မာနိုင်ငံကို ထပ်သွားရောက်နိုင်ဖို့ မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်း
ထားတယ်လို့ ပြောပြပါတယ်။

အခုလို သတင်းစာဆရာကြီး ဦးဝင်းတင် လွတ်မြောက်လာတဲ့အပေါ်မှာ ကမ္ဘာ့စာနယ်
ဇင်းအဖွဲ့တွေက ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြပါတယ်။ ဒီအထဲမှာ WAN လို့ခေါ်တဲ့ ကမ္ဘာ့
သတင်းစာကြီးများအဖွဲ့လည်း ပါဝင်ပါတယ်။ WAN အဖွဲ့က ပြောခွင့်ရသူ လယ်ရီ
ကေးလ်မန်း (Larry Kilman) က အခုလိုပြောပါတယ်။

"ဦးဝင်းတင် နောက်ဆုံးမှာ လွတ်မြောက်လာတာအတွက် ဝမ်းသာပါတယ်။ ဒါပေမယ့်
သူဟာ လွတ်သင့်တာ အချိန်ကျော်လွန်နေပါပြီ။ အခု ကျနော်တို့သိထားသမျှတော့
သတင်းစာဆရာ ၆ ဦး အကျဉ်းထောင်မှာ ရှိပါသေးတယ်။ သူတို့လွတ်မြောက်လာ
လိမ့်မယ်လို့လည်း ကျနော်တို့ မျှော်လင့်ပါတယ်။"

WAN အဖွဲ့ကြီးဟာ ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ် လွတ်မြောက်ရေး ရွှေကလောင်ရှင်ဆု
ချီးမြှင့်ခဲ့ပါတယ်။ ဦးဝင်းတင်ဟာ အလားတူ နိုင်ငံတကာရဲ့ လွတ်မြောက်ရေးဆုတွေ၊
စာနယ်ဇင်းဆိုင်ရာ လွတ်လပ်ခွင့်ဆုတွေ အတော်များများ ချီးမြှင့်ခံခဲ့ရသူ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG