သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခွန်ထမ်းတွေကို အကာအကွယ်ပေးဖို့ အမေရိကန် လွှတ်တော်အမတ်တွေ တောင်းဆို


အကျပ်ရိုက်နေတဲ့ အမေရိကန် ရင်းနှီးမြှုပ်နှံမှု
ကုမ္ပဏီကြီးတွေကို အဖတ်ဆယ်နိုင်ဖို့ အစိုးရက
ဒေါ်လာ ဘီလီယံ ၇၀၀ (ဒေါ်လာသန်းပေါင်း
၇၀၀,၀၀၀) သုံးစွဲမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး
အမေရိကန်လွှတ်တော်မှာ အချေအတင်
ဆွေးနွေးနေကြပါတယ်။ အခွန်ထမ်းပြည်သူတွေ
ကို အကာအကွယ်ပေးနိုင်ဖို့နဲ့ လွှတ်တော်ကနေ
စိစစ် ကွပ်ကဲပေးနိုင်ဖို့ ဒီ့ထက်မက တိုးပြီး
လုပ်ဆောင်ပေးရမယ်လို့ လွှတ်တော်အမတ်တွေ
က တောင်းဆိုနေကြပါတယ်။ ဒီအကြောင်းနဲ့
ပတ်သက်လို့ ဗွီအိုအေ လွှတ်တော်သတင်းထောက်
ဒန် ရော်ဘင်ဆင် (Dan Robinson) သတင်း
ပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းက စုစည်းတင်ပြ
ပေးထားပါတယ်။

သမ္မတဘုရှ် အစိုးရက အဆိုပြုထားတဲ့ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး လွှတ်တော်မှာ ဒီမို
ကရက်အမတ်တွေနဲ့ ရီပတ်ဘလီကန် အမတ်တချို့က မကျေမနပ် ဖြစ်နေကြပါတယ်။
သမ္မတဘုရှ် အစိုးရနဲ့ လွှတ်တော်အမတ်တွေကြား စေ့စပ်ညှိနှိုင်းတာတွေ ဆက်လုပ်
နေကြပြီး ဥပဒေမူကြမ်းကို မနက်ဖြန် အစောဆုံး လွှတ်တော်အတွင်းမှာ ဖြန့်ဝေနိုင်မယ်
လို့ ခန့်မှန်းရပါတယ်။ အကျပ်ရိုက်နေတဲ့ အမေရိကန် ဘဏ္ဍာရေးကုမ္ပဏီကြီးတွေကို
ကယ်တင်ဖို့အတွက် ပြည်ထောင်စုအစိုးရက ဒေါ်လာသန်းပေါင်း ၇၀၀,၀၀၀ သုံးစွဲဖို့
အရေး လွှတ်တော်က အတည်ပြုပေးဖို့ အချေအတင် ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

အထူးသဖြင့် အိမ်ဝယ်ဖို့ ဘဏ်တွေက ထုတ်ချေးထားပြီး ပြန်မဆပ်နိုင်တဲ့ပြဿနာ၊
ဆုံးရှုံးတော့မယ့် အခြေပစ္စည်းတွေ ပြန်ဝယ်ယူရေး စတဲ့အချက်တွေအတွက် ဒီငွေတွေ
ကို ဘယ်လိုသုံးစွဲမလဲဆိုတာကို ညှိနှိုင်းနေကြတာ ဖြစ်ပါတယ်။ စာမျက်နှာ သုံးမျက်နှာ
ပါတဲ့ ဘဏ္ဍာရေးဝန်ကြီး ဟင်နရီ ပေါလ်ဆင် (Henry Paulson) အဆိုပြုလိုက်တဲ့ ဒီအစီ
အစဉ်ဟာ အမေရိကန် အခွန်ထမ်းပြည်သူတွေအတွက် ထိခိုက်ဖို့သိပ်လွယ်တဲ့ အနေ
အထား ဖြစ်နေတယ်လို့ အော်ရီဂွန်ပြည်နယ်ကိုယ်စားပြု အောက်လွှတ်တော် ဒီမိုကရက်
အမတ် ပီတာ ဒက်ဖာဇီရို (Peter DeFazio) က အခုလိုဝေဖန်လိုက်ပါတယ်။

"အခွန်ထမ်းပြည်သူတွေအတွက် အကောင်းဆုံးဖြစ်အောင် ဒီအစီအစဉ်ကို လုပ်ထားတာ
လို့ ဝန်ကြီး ပေါလ်ဆင်က ပြောနေပေမယ့် ဒီအတိုင်းဖြစ်လာမယ့်ပုံ မပေါ်ပါဘူး။
ဒီကုမ္ပဏီကြီးတွေရဲ့ အခြေပစ္စည်းတွေကို အာမခံအနေနဲ့ ယူထားကြမလား၊ ဒါမှမဟုတ်
သူတို့ကို ငွေထုတ်ချေးမှာလား၊ ဒီအရှုပ် အမှိုက်တွေကို ဈေးချရောင်းမှာလား၊ တဒေါ်လာ
မှာ ၂၂ ဆင့်နှုန်းနဲ့ သူတို့ကို ဈေးတွေလျှော့ သတ်မှတ်ခိုင်းမှာလား စသဖြင့်တော့
လုပ်ကြဖို့ လိုပါတယ်။"

အလားတူ ဖလော်ရီဒါပြည်နယ်ကိုယ်စားပြု ရီပတ်ဘလီကန် အောက်လွှတ်တော်အမတ်
ကလစ်ဖ် စတန်းစ် (Cliff Stearns) ကလည်း ဒီအဆိုပြုချက်ဟာ ဘဏ္ဍာရေးဝန်ကြီးကို
မကြုံစဘူး အထူးအာဏာတွေပေးထားပြီး အသုံးစရိတ်တွေနဲ့ပတ်သက်ပြီး ကြီးကြပ်
ကွပ်ကဲဖို့ တာဝန်တွေကိုလည်း ဖော်ပြမထားဘူးလို့ ဝေဖန်လိုက်ပါတယ်။

"ဒီအစီအစဉ်က အမေရိကန်တွေ အိမ်ဝယ်တဲ့ ကြွေးမြီကိုကိုင်ထားတဲ့ နိုင်ငံခြားဘဏ်
တွေကို ဒေါ်လာသန်း ထောင်နဲ့ချီ အကုန်အကျခံ၊ အကျိုးခံစားခွင့်တွေပေးမယ်၊ တမျိုး
သားလုံးရဲ့ အကြွေးအမြီ ၁၁.၃ ထရီလီယံ ဒေါ်လာအထိ မကြုံစဘူး ထိုးတက်သွားပါပြီ။
အမေရိကန်ပြည်ထောင်စုရဲ့ သမိုင်းမှာ အစိုးရက ငွေကြေးပမာဏ အများဆုံးနဲ့ အကြွေး
တွေကို အမ်းယူမယ့် အစီအစဉ်ကြီး ဖြစ်ပေမယ့်လည်း အခွန်ထမ်းပြည်သူတွေကို အကာ
အကွယ်ပေးဖို့ ဘာတခုမှတော့ ပြောမထားပါဘူး။"

သမ္မတဘုရှ် အစိုးရရဲ့ ကနဦးအဆိုပြုချက်က နောက်ဆုံး ဘာတွေ အဖြေထွက်လာမလဲ
ဆိုတာ အဓိပ္ပာယ် ရှာလို့မရ ဖြစ်နေတယ်၊ လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ ဘယ်ဥပဒေ
မဆို အားကိုးအားထားပြုလို့ရပြီး တာဝန်ခံနိုင်တဲ့ အနေအထားထိရောက်အောင် ပြဋ္ဌာန်း
ရလိမ့်မယ်လို့ အထက်လွှတ်တော် ဒီမိုကရက်အမတ်ခေါင်းဆောင် ဟယ်ရီ ရိဒ်
(Harry Reid) က အခုလို သုံးသပ်ပါတယ်။

"ဒီလုပ်ငန်းစဉ်မှာ ကောင်းကောင်းဝေဖန်ပိုင်းခြားတာကို မပစ်ပယ်ဘဲ အမှားအမှန်ကို
မမှိတ်မသုန် စိစစ်သွားကြရမှာပါ။ သမ္မတဘုရှ် အစိုးရက သူတို့အဆိုပြုထားတဲ့ ဥပဒေ
မူကြမ်းကို အလေးအနက် ဆွေးနွေးတာလည်းမရှိ၊ ပိုကောင်းအောင်လည်း ပြင်ဖို့မကြိုး
စားဘဲ လွှတ်တော်ကိုပဲ အတည်ပြုပေးဖို့ အစဉ်တစိုက် တောင်းဆိုနေတော့တာ
ဒီအတိုင်းတော့ လက်ပိုက်ကြည့်နေလို့ မရပါဘူး။"

ပြိုကွဲလုနီးပါးဖြစ်နေတဲ့ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးတွေရဲ့ အလုပ်
အမှုဆောင် အရာရှိကြီးတွေအတွက် လစာတွေ သန်းနဲ့ချီပြီး ယူနေကြတဲ့အပေါ် လူထု
က မကျေမနပ် ဖြစ်နေတာကြောင့် ဥပဒေပြုလွှတ်တော်အနေနဲ့ သူတို့အတွက်
လျော်ကြေးကို ကန့်သတ်နိုင်ဖို့လည်းရှိတယ်လို့ ဆိုကြပါတယ်။

အထက်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးက ဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီး လာမယ့်
ရက်အနည်းငယ်အတွင်း အပြီးသတ် ညှိနှိုင်းနိုင်ကြလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
ဒီဥပဒေကို အပြီးသတ် မညှိနှိုင်းနိုင်သရွေ့ အစုရှယ်ယာဈေးကွက်ကို ဂယက်ရိုက်နေဦး
မှာဖြစ်တဲ့အတွက် တနင်္လာနေ့က ဝေါလ် စထရိ (Wall Street) ရဲ့ ပင်မ ဒေါင်း ဂျုံးစ်
(Dow Jones) အစုရှယ်ယာဈေးဟာ ပျမ်းမျှ ၃၇၁ မှတ်အထိ ကျဆင်းသွားခဲ့တယ်လို့
ဗွီအိုအေ လွှတ်တော်သတင်းထောက် ဒန် ရော်ဘင်ဆင်က သတင်းပေးပို့ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG