သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဖိနှိပ်ခံ မြန်မာလူထု လွတ်မြောက်ရေး ကုလသမဂ္ဂက ပိုကြိုးပမ်းသင့်ဟု သမ္မတဘုရှ် တိုက်တွန်း


ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အမေရိကန်
သမ္မတအဖြစ် နောက်ဆုံးပြောတဲ့မိန့်ခွန်းလို့
ခန့်မှန်းနိုင်တဲ့ သမ္မတဘုရှ်ရဲ့ မိန့်ခွန်းထဲမှာ မြန်မာ
နိုင်ငံအကြောင်း အပါအဝင် အကြမ်းဖက်မှု
တိုက်ဖျက်ရေး၊ နျူကလီးယားလက်နက် မပြန့်
ပွားရေးနဲ့ လက်ရှိ အမေရိကန် ဘဏ္ဍာရေး
အကျပ်အတည်းတွေကို အလေးထားပြောဆိုခဲ့ပါ
တယ်။ အကြောင်းစုံကို မစုမြတ်မွန်က တင်ပြ
ပေးထားပါတယ်။

ကုလသမဂ္ဂရဲ့ နှစ်ပတ်လည် အထွေထွေညီလာခံ
မှာ အင်္ဂါနေ့က သမ္မတဘုရှ် မိန့်ခွန်းပြောကြား
တာမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ နျူကလီး
ယားလက်နက် မပြန့်ပွားရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ညီညီညွတ်ညွတ်
လုပ်သွားကြဖို့ တိုက်တွန်းခဲ့သလို အမေရိကန်မှာ လက်ရှိကြုံတွေ့နေရတဲ့ ဘဏ္ဍာရေး
အကျပ်အတည်းတွေကို အမေရိကန်အစိုးရနဲ့ ကွန်ဂရက်စ်လွှတ်တော်တို့က ကိုင်တွယ်
ဖြေရှင်းသွားမှာဖြစ်တယ် ဆိုတာကို သမ္မတဘုရှ်က အဓိကပြောကြားခဲ့ပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ မြန်မာနိုင်ငံ အပါအဝင် တခြားနိုင်ငံတွေက
လူ့အခွင့်အရေးတွေ တိုးတက်လာရေးအတွက် ကုလသမဂ္ဂ အဖွဲ့ကြီးအနေနဲ့
ဆောင်ရွက်သင့်တာကိုလည်း သမ္မတဘုရှ်က ခုလိုပြောခဲ့ပါတယ်။

"၂၁ ရာစုမှာ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ စွမ်းဆောင်နိုင်မှုအပေါ် ကမ္ဘာကြီးရဲ့ ယုံကြည်မှုရှိဖို့
လိုအပ်လာပါတယ်။ အောင်မြင်မှုတွေ၊ ပိုမိုကောင်းမွန်လာတဲ့ ဆောင်ရွက်မှုတွေအပေါ်
မှာ အခြေခံထားသင့်တဲ့ အဖွဲ့ကြီးမှာ အုပ်ချုပ်ရေးပိုင်းအရ အမှားတွေရှိရင်လည်း
ပြင်ဆင်ရမှာဖြစ်ပါတယ်။

"ဥပမာအားဖြင့် လူ့အခွင့်အရေး ချိုးဖောက်နေတဲ့သူတွေကို ပုံမှန် အကာအကွယ်ပေး
နေတဲ့ လူ့အခွင့်အရေးကောင်စီကို အမြန်ဆုံး ပြန်လည်သုံးသပ်သင့်ပါတယ်။ နှစ်ရှည်
လများ ဖိနှိပ်ခံနေရတဲ့ မြန်မာပြည်သူတွေ လွတ်မြောက်ရေးအတွက် ကြိုပမ်းမှုတွေကို
ဒီ့ထက်ပိုပြီး အားထုတ်ဆောင်ရွက်သင့်ပါတယ်။"

အာဖဂန်နစ္စတန်၊ လက်ဘနွန်၊ ပါလက်စတိုင်း ပိုင်နက်ဒေသ၊ တခါ ယူကရိန်းနဲ့
လိုက်ဘေးရီးယားနိုင်ငံတွေမှာ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်လာကြဖို့အတွက်လည်း
အားပေးထောက်ခံကြဖို့ သမ္မတဘုရှ်က တိုက်တွန်းခဲ့ပါတယ်။ ရုရှနိုင်ငံဘက်ကနေ
သြဂုတ်လမှာ ဝင်ရောက်ကျူးကျော်ခံခဲ့ရတဲ့ ဂျော်ဂျီယာနိုင်ငံက ပြည်သူတွေနဲ့ တသား
ထဲရှိကြဖို့ကိုလည်း သမ္မတဘုရှ်က တောင်းဆိုခဲ့ပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ ပတ်သက်လို့တော့ ကုလသမဂ္ဂ အပါအဝင် တခြား ကမ္ဘာ့
အဖွဲ့အစည်းတွေအနေနဲ့ ဖြစ်လာပြီးမှ ဆုံးဖြတ်ချက်ချမှာထက် ကြိုတင်ကာကွယ်ရေး
တွေလုပ်ဖို့ အာရုံစိုက်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

"အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ နိုင်ငံစုံပါဝင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့
စိတ်ဓာတ်ရေးအရ တညီတညွတ်တည်း တုံ့ပြန်သင့်ပါတယ်။ အပြစ်မဲ့သူတွေအပေါ်
တမင်သက်သက် တိုက်ခိုက်တာကိုတော့ ဘယ်လိုနည်းနဲ့မှ ခြွင်းချက်ပေးလို့ မရပါဘူး။
အသေခံဗုံးခွဲတာ၊ ဓားစာခံတွေကို ဖမ်းဆီးထားတာ၊ ပြန်ပေးဆွဲတာ စတဲ့လုပ်ရပ်တွေ
ဟာ ဘယ်လိုမှ တရားမဝင်ဘူးဆိုတာကို အခု အထွေထွေညီလာခံမှာ တက်ရောက်နေ
ကြတဲ့ နိုင်ငံအများစုက လက်ခံထားကြပါတယ်။"

ကုလသမဂ္ဂအဖွဲ့နဲ့ Global Fund အဖွဲ့ကြီးတို့ ဆောင်ရွက်နေကြတဲ့ အာဖရိကတိုက်နဲ့
တခြားဒေသတွေက အိတ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်နဲ့ ငှက်ဖျားရောဂါတိုက်ဖျက်ရေး
လုပ်ငန်းတွေအတွက် အမေရိကန်နိုင်ငံက ဒေါ်လာဘီလီယံနဲ့ချီ ထောက်ပံ့ခဲ့တာကိုလည်း
သမ္မတဘုရှ်က အလေးထားပြီး ပြောခဲ့ပါတယ်။ ထို့အတူ တခြားနိုင်ငံတွေကလည်း
ထောက်ပံ့မယ်လို့ ပြောထားတဲ့ ကတိတွေအတိုင်း အကောင်အထည်ဖော်ကြဖို့ကိုလည်း
အမေရိကန်သမ္မတဘုရှ်က ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းထဲမှာ တိုက်တွန်း
သွားပါတယ်။

နယူးယောက်ခ်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို သွားပြီး
တက်ရောက်တဲ့ သမ္မတဘုရှ်ဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ သီးသန့်
တွေ့ဆုံတဲ့အခါ အလေးထားဆွေးနွေးကြမယ့် ကိစ္စရပ်တွေထဲမှာ မြန်မာ့အရေးကိုလည်း
ထည့်သွင်းဆွေးနွေးမှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောခဲ့ပါတယ်။

မနေ့ အင်္ဂါနေ့ကတော့ သမ္မတဘုရှ်နဲ့ သမ္မတကတော် လော်ရာဘုရှ် (Laura Bush)
တို့ဟာ မြန်မာနိုင်ငံက သံယာတော်တပါး အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံက လူ့အခွင့်
အရေး လှုပ်ရှားနေသူတွေနဲ့ တွေ့ဆုံပြီး နေ့လယ်စာ စားခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်
ရွှေဝါရောင်လှုပ်ရှားမှုတုန်းက သံယာ့ကိုယ်စားလှယ်အဖွဲ့ ဥက္ကဋ္ဌအဖြစ် လှုပ်ရှားခဲ့သူ
အရှင်ကောဝိဒဟာ အမေရိကန်သမ္မတရဲ့ ဖိတ်ကြားခံရတဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်
ဆရာတော်ကိုဆက်သွယ်ပြီး တွေ့ဆုံပွဲမှာ ဘာတွေပြောပြခဲ့သလဲလို့ မေးတဲ့အခါမှာ
ဆရာတော် အရှင်ကောဝိဒက အခုလိုမိန့်ပါတယ်။

"မြန်မာစစ်အစိုးရဟာ ပြည်သူကတင်မြှောက်ထားတဲ့ အစိုးရမဟုတ်ဘူး။ ၁၉၉၀ ခုနှစ်
မှာ ရွေးကောက်ထားတဲ့ အန်န်အယ်လ်ဒီပါတီအပေါ် လျစ်လျူရှုပြီး ၂၀၁၀ ခုနှစ်မှာ
ရွေးကောက်ပွဲလုပ်မယ်ဆိုပြီး လုပ်နေကြတယ်။ ဒါတွေကို အသိအမှတ်မပြုဖို့ ဦးဇင်း
တောင်းဆိုပါတယ်။

"နောက်တခုက ကမ္ဘာ့ကုလသမဂ္ဂ နိုင်ငံတကာခုံရုံးမှာ နအဖစစ်အစိုးရကို အရေးယူဖို့
တောင်းဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆိုင်ကလုံးဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး
ပြည်သူတွေကို အကြောင်းမကြားတာ၊ သူတို့သိလျက်သားနဲ့ ပြည်သူတွေကို အကြောင်း
မကြားဘူးဆိုတာ ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာဖြစ်တယ်။

"ဆိုင်ကလုံးဖြစ်ပြီးနောက်ပိုင်းမှာလည်း ပြည်သူတွေက နေရေးထိုင်ရေး၊ စားရေး
သောက်ရေးတွေက အရမ်းခက်ခဲနေတယ်။ အဲဒါတွေ ဦးဇင်းတင်ပြပါတယ်။ ပြီးတော့
UN Security ကလည်း ဦးဇင်းတို့ မြန်မာပြည်သူတွေအတွက် အခုအချိန်မှာ အင်မတန်
ရွံမုန်းစရာ ဖြစ်နေပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဂမ်ဘာရီကလည်း မြန်မာနိုင်ငံကို
အခေါက်ခေါက်အခါခါ သွားတယ်။ ဒါပေမယ့် ဦးဇင်းတို့ ဆင်းရဲသားပြည်သူတွေ၊ ဦးဇင်း
တို့ရဲ့ လူ့အခွင့်အရေး၊ ငတ်မွတ်နေတဲ့ ပြည်သူတွေအတွက် မျှော်လင့်ချက်ရောင်ခြည်
ဆိုတာ ဘာမှပေါ်မလာဘူး။ နအဖနဲ့ပဲ စကားတွေပြော၊ အပေးအယူတွေလုပ်ပြီး
ပြန်သွားတယ်။

"ဘန်ကီမွန်းကလည်း ဆိုင်ကလုံးဖြစ်တဲ့ အတော်အတွင်းမှာ ရောက်လာတယ်၊ သန်းရွှေ
နဲ့တွေ့တယ်။ ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဆက်သွားဖို့ သူက နအဖကို
တိုက်တွန်းခဲ့သေးတယ်။ ဦးဇင်းတို့ ကန့်ကွက်ထားတဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို၊
ဦးဇင်းတို့မလိုချင်တဲ့ နအဖစစ်အစိုးရကိုတောင်မှ သူတို့က အားပေးခဲ့တယ်ဆိုတာ
ဒီမိုကရေစီ လိုချင်နေကြတဲ့ ပြည်သူတွေကို စော်ကားတယ်။ နိုင်ငံရေးတက်ကြွတဲ့သူ
တွေကိုလည်း စော်ကားတာဖြစ်တယ်လို့ ဦးဇင်းပြောပြခဲ့ပါတယ်။"

အဲဒီလို အရှင်ဘုရားရဲ့ ပြောဆိုချက်တွေအပေါ်မှာရော အမေရိကန်သမ္မတဘုရှ်က
ဘယ်လိုများ တုံ့ပြန်ပြောဆိုခဲ့ပါသလဲ။

"သူတို့ကလည်း တတ်နိုင်သလောက် လုပ်ပေးမယ်ဆိုတာ ပြောပါတယ်။ ဦးဇင်းကလည်း
အပြောသက်သက် မလိုချင်ဘူး၊ လုပ်တာပဲလိုချင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့်
သူတို့လုပ်တယ်ဆိုတာလည်း ဦးဇင်းတို့ သိပ်တော့ မျှော်လင့်ချက်မရှိပါဘူး။ ဦးဇင်း
ထင်မြင်ချက်က သမ္မတသက်တမ်းလည်း သူက ကုန်တော့မှာ။ အဲတော့ သူ သမ္မတ
သက်တမ်း မကုန်ခင်လေးမှာ လူ့အခွင့်အရေးကိစ္စ၊ ဒီမိုကရေစီကိစ္စတွေကို စိတ်ဝင်စား
တယ်ဆိုပြီး နိုင်ငံတကာက လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ခေါ်ပြီးတွေ့ဆုံတာလို့ပဲ
ဦးဇင်းမြင်ပါတယ်။

"ဒါပေမယ့် သူတတ်နိုင်သလောက်တော့ သူ့သက်တမ်းမကုန်ခင်လေးမှာ နည်းနည်း
ပါးပါး လုပ်သွားလိမ့်မယ်လို့တော့ ဦးဇင်းမျှော်လင့်တာပေါ့။ အဲဒီပွဲပြီးတဲ့အခါ သမ္မတ
ကတော် လော်ရာဘုရှ်နဲ့ ဦးဇင်းတို့ ဓာတ်ပုံတွေ အများကြီးတွဲရိုက်ကြပါတယ်။ ရိုက်တဲ့
အခါ သမ္မတရယ်၊ သမ္မတကတော်ရယ်၊ ဦးဇင်းရယ် တတန်း။ ဦးဇင်းက ဂျာနယ်လစ်
တွေရှေ့မှာ မြန်မာပြည်အကြောင်း စကားထပြောရပါတယ်။ လော်ရာဘုရှ်ကလည်း
ဦးဇင်းတို့ မြန်မာပြည်အကြောင်း အလေးပေးပြီး အများကြီးပြောသွားပါတယ်။
တခြားနိုင်ငံအကြောင်းတောင် မပြောဘဲနဲ့ မြန်မာပြည်အကြောင်းပဲ သူက ပြောသွား
ပါတယ်။

"အရင်တုန်းကတော့ လော်ရာဘုရှ်က လာဖို့အစီအစဉ် မရှိပါဘူး။ ဦးဇင်းနဲ့တွေ့ချင်
တယ်ဆိုပြီး ညကမှ လောလော လောလောနဲ့ လုပ်လိုက်တာဖြစ်တယ်။ သူကတော့
အများကြီးကူညီနိုင်မယ်ထင်ပါတယ်။ ဦးဇင်းပြောပြတာကတော့ မြန်မာနိုင်ငံမှာ
အကျဉ်းကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်းလည်း ပြောပါတယ်။ သူတို့က
တော့ မိန်းမသားချင်း ကိုယ်ချင်းစာပြီးတော့ အများကြီးကူညီနိုင်လိမ့်မယ်လို့ ဦးဇင်း
မျှော်လင့်ပါတယ်။"

အမေရိကန်သမ္မတဘုရှ်၊ သမ္မတကတော် လော်ရာဘုရှ်တို့နဲ့ အင်္ဂါနေ့က
နယူးယောက်ခ်မြို့မှာ တွေ့ဆုံခွင့်ရခဲ့သူ အရှင်ကောဝိဒ မိန့်ကြားခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG