မြန်မာစစ်အစိုးရ အာဏာပိုင်တွေက အကျဉ်းသားတွေ ထောင်ချီလွှတ်ပေးမယ်လို့ ကြေငြာလိုက်ပြီးတဲ့နောက် နောက်ထပ် ဆက်ပြီး လွှတ်ပေးနေတာတွေ ရှိပေမယ့် ဒီကနေ့ ပြန်လွှတ်ပေးတဲ့ အထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ပါလာတယ် လို့တော့ မကြားရပါဘူး။ ဒါ့အပြင် မူလက ပြန်လွှတ်ပေးဖို့ သတ်မှတ်ထားတဲ့ နိုင်ငံရေးအကျဉ်းသား ကိုတောင် ထောင်ထဲ ပြန်ပို့လိုက်တယ်ဆိုတယ် သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ အကြောင်းစုံကို ဦးအောင်လွင်ဦးက တင်ပြပေးပါတယ်။
အကျဉ်းသား စုစုပေါင်း ကိုးထောင်နဲ့ နှစ်ယောက်ကို ပြန်လွှတ်ပေးမယ်လို့ အာဏာပိုင်တွေက ကြေငြာပြီးတဲ့နောက် နိုင်ငံတဝန်း အကျဉ်းထောင်တွေက အကျဉ်းသားတွေကို ဆက်လွှတ်ပေးနေတာပါ။ ဒါပေမယ့် မနေ့တုန်းက လွှတ်တဲ့အထဲမှာ ထင်ရှားတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် နဲ့ အဓိက အတိုက်အခံ နိုင်ငံရေး ပါတီကြီး တခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အဖွဲ့ဝင် တချို့ အပါအဝင်၊ နိုင်ငံရေး အကျဉ်းသားတချို့ ပါလာခဲ့ပေမယ့် ဒီနေ့မှာတော့ ဒီလိုပါလာတယ်ဆိုတဲ့ သတင်းတွေကိုတော့ မကြားရပါဘူး။ အခုနောက်ဆုံး အကျဉ်းသားတွေ ဆက်လွှတ်ပေးနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ကို မေးကြည့်ရာမှာတော့ -
“ထပ်မကြားဘူး ဒီနေ့လေ။ ထောင်တွေမှာတော့ ၉၀၀၀ကျော်ကိုတော့ ဆက်လွှတ်နေတယ်။ နိုင်ငံရေးသမားတော့ နောက်ထပ် မကြားဘူး။”
ဒီလိုပဲ ရန်ကုန် အင်းစိန်ထောင်ရှေ့ကို ရောက်သွားတဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တယောက်ကလည်းပဲ ဒီကနေ့ အကျဉ်းသားတချို့ ပြန်လွှတ်ပေးတာ တွေ့ရပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ ပါမလာတဲ့အကြောင်း အခုလိုဆိုပါတယ်။
“ဒီနေ့ ပထမဦးဆုံး လွှတ်တာကတော့ မိန်းကလေး အယောက် ၂၀၊ ၂၅လောက် ရှိလိမ့်မယ်။ သူတို့ကို ထပ်ပြီး စုံစမ်းကြည့်တော့ သူတို့က ဘာပြောလဲဆိုတော့ ယောင်္ကျားလေးတွေက နောက်အသုတ်မှာ လွှတ်မှာတဲ့၊ ၄၀။ ၄၀ ပြီးရင် ဒီနေ့အတွက် ပြီးသွားပြီ။ မနက်ဖြန်မှာ များမယ်လို့တော့ ထပ်ပြောတယ်။ အဲဒီထဲမှာတော့ နိုင်ငံရေးအကျဉ်းသား တယောက်မှတော့ မပါလာဘူး။ ဒီနေ့အတွက်ကတော့။ မနေ့က ဦးရေက ကျွန်တော်တို့ ပျမ်းမျှ တွက်ကြည့်ရသလောက် ၁၅၀၊ ၂၀၀ အလွန်ဆုံး အဲဒီ ပတ်ဝန်းကျင်လောက်ပေါ့။”
မြန်မာစစ်အစိုးရကတော့ အကျဉ်းကျခံနေရသူတွေ အများအပြားကို နိုင်ငံအကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ ရည်ရွယ်ပြီး ပြစ်ဒဏ်တွေက သက်ညှာခွင့်ပေး ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဒီအထဲမှာ နိုင်ငံရေးမှာ ပါဝင်ခဲ့လို့ ဖမ်းဆီးထောင်ချ ခံနေရသူ မဆိုသလောက်သာ ပါလာတဲ့အတွက် နိုင်ငံရေးလှုပ်ရှားသူတွေဖက်ကတော့ အားရကျေနပ်မှုတော့ မရှိကြသေးပါဘူး။
“သူတို့ လွှတ်တဲ့ သတင်းမှာ ပါတာကိုက ရာဇဝတ်သားတွေ၊ ပြစ်ဒဏ်ကျတဲ့ သူတွေလို့ ပြောတာကိုး။ နိုင်ငံရေးသမားကို သီးခြား မပြောပါဘူး။ နိုင်ငံရေး အရ နှစ်ရှည်လများ ထောင်ကျတဲ့ အမြင့်ဆုံး ပြစ်ဒဏ်ကိုလည်း ခံစားပြီးပြီ။ အဲဒီလို ခံစားပြီးတော့ ကျော်နေတဲ့ သူတွေက အများစု။ တော်တော်ကို မကောင်းတာပေါ့။ တရားဥပဒေ စိုးမိုးရေးနဲ့ဆိုရင် မျက်စိနဲ့ ကြည့်ရင်တောင် တော်တော် မကောင်းတဲ့ ကိစ္စပါ။ ဘာပဲဖြစ်ဖြစ် လွတ်လာတဲ့ သူတွေအတွက်တော့ ကျွန်တော်တို့ ဝမ်းသားပါတယ်။”
မနေ့တုန်းက နိုင်ငံတဝန်းမှာရှိတဲ့ အကျဉ်းထောင်တွေက ပြန်လွှတ်ပေးတဲ့အထဲမှာတော့ သတင်းစာ ဆရာကြီး ဦးဝင်းတင် အပါအဝင်၊ နိုင်ငံရေးအကျဉ်းသား (၇) ယောက်လွှတ်ပေးခဲ့တယ်လို့လည်း အန်အယ်လ်ဒီ ကပြောပါတယ်။ ဒါပေမယ့်လို့ မနေ့တုန်းက ဒီလွှတ်ပေးတယ်လို့ ပြောဆိုထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကိုယ်ရေးအရာရှိအဖြစ်နဲ့ တာဝန်ယူခဲ့ဘူးတဲ့ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန် ကိုတော့ အာဏာပိုင်တွေက ပြန်လွှတ်မပေးခဲ့ဘူး ဆိုပြီးတော့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေ အပြောအရကတော့ ကသာထောင်မှာ ထောင်ကျနေတဲ့ ဦးဝင်းထိန် ကို ပြန်လွှတ်ပေးမယ်ဆိုပြီး မိသားစုကို အကြောင်းကြားခဲ့ပြီး နောက်ဆုံးအချိန်ကျမှ အစီအစဉ် အပြောင်းအလဲရှိတဲ့အတွက် လွှတ်မပေးဖြစ်တဲ့ အကြောင်း အသိပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ကတော့ မိသားစုနဲ့ တိုက်ရိုက် အဆက်အသွယ် မရတဲ့အတွက် တိတိကျကျ မသိရသေးပေမယ့် ဒီသတင်းထွက်နေတာ ကြားရတဲ့အကြောင်း ပြောပါတယ်။
“ကျွန်တော်တို့လည်း မနက်က သတင်းကြားရတယ်။ သူ့ရဲ့ ဇနီးက မန္တလေးကနေ သင်္ဘောအချိန်နဲ့ စောင့်နေတာ။ နောက် ကသာ က လှမ်းဆက်တယ်။ ကသာ က တက်လာတော့ ပြန်ပြီးတော့ ထိန်းသိမ်းထားတဲ့ သဘောလို ပြောနေတယ်။ ကျွန်တော်တို့ကတော့ တိုက်ရိုက်မရတော့ confirm တော့ မလုပ်နိုင်ဘူး။ အဲဒီ သတင်းတော့ ကြားပါတယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရ အာဏာပိုင်တွေ ဖက်ကတော့ အကျဉ်းသား ကိုးထောင်ကျော် လွှတ်မယ့်အကြောင်း မနေ့တုန်းက နိုင်ငံပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပေမယ့်၊ ဒါနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေ ထုတ်ပြန်ပြောဆို တာမျိုးတော့လည်း မရှိပါဘူး။