သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်မြောက်လာသူ ဒေါက်တာမေဝင်းမြင့် နိုင်ငံရေး ဆက်လုပ်သွားမည်


အမျိုးသားဒီမိုကရေစီအဖွ့ဲချုပ် (အန်အယ်လ်ဒီ) ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေဝင်းမြင့် ကိုလည်း အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးလိုက်တာပါ။ လွတ်ငြိမ်းသက်သာခွင့်နဲ့ အကျိုးပြု လုပ်ငန်းတွေ လုပ်နိုင်ဖို့ ဆိုပြီး အာဏာပိုင်တွေ ဖက်က ဆိုနေပေမယ့်လည်း အသက် (၅၉) နှစ် အရွယ်ရှိနေပြီဖြစ်ပြီး ထောင်တွင်းမှာ ကျန်းမာရေး ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဒေါ်မေဝင်းမြင့် ကိုယ်တိုင်ဟာဆိုရင်လည်း လွတ်ရက်စေ့ပြီး ထပ်ဖမ်းထားတာကို ခံထားရသူ တယောက်ဖြစ်တယ်လို့ ဆိုပါတယ်။


“အန်တီတို့ဆို ရက်တွေကျော် နေတာပါပဲ။ အန်တီက ၇နှစ်ပဲ ကျတာလေ။ အခု ၁၀က နဲ့ စွဲထားတယ်။ အန်တီက နဂိုကတည်းက သွေးတိုးရှိတော့ ညီလာခံ တက်ကတည်းက ပါးတခြမ်းရွဲ့နေပါတယ်။ ထောင်ထဲမှာ အန်တီက သွေးကြော ကျဉ်းတဲ့ ရောဂါဖြစ်တယ်။ နောက်ပြီး လက်မောင်း ကပ်သွားပြီးတော့ လက်မမြောက်နိုင်တာလည်း ဖြစ်သွားပါတယ်။”


ဒီလို လွတ်ရက်ကျော်လွန် ဖမ်းဆီးခံထားရသူတွေ အပါအဝင် တကယ်တမ်း ပြန်လွှတ်ပေးဖို့သင့်တဲ့ နိုင်ငံရေး အကျဉ်းသား တွေကလည်း မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ အများအပြား ရှိနေသေးတယ်လို့လည်း ဒေါ်မေဝင်းမြင့် က ပြောပါသေးတယ်။


“အခု အန်တီတို့ လူနည်းစုကိုပဲ လွှတ်တာပါ။ မနေ့က ကြားရသလောက်ဆို အတိအကျတော့ မသိပါဘူး။ ဆယ်ဂဏန်းလောက်ပဲ ကြားရပါတယ်။ အထဲမှာ အများကြီး ကျန်ပါသေးတယ်။ အင်းစိန် ဗဟို အကျဉ်းထောင်မှာရှိတဲ့ သူတွေကိုပဲ အများကြီးကျန်တယ်။ တပြည်လုံးမှာဆို တော်တော် များမှာပါ။ အန်တီလည်း စိတ်မကောင်းလဲ ဖြစ်ရပါတယ်။ ကိုယ့်လိုပဲ လွတ်လာစေချင်ပါတယ်။ အထဲမှာ သူတို့ကိုယ်တိုင်ရော၊ သူတို့ရဲ့ မိသားစုရော အင်မတန်မှ အကျပ်အတည်းတွေ၊ လူမှုရေး ဒုက္ခတွေ အများကြီး ကြုံတွေ့ရပါတယ်။ အဲဒီလူတွေအတွက် အန်တီ အများကြီး စိတ်မကောင်းဖြစ်မိပါတယ်။ အန်တီလိုပဲ အမြန်ဆုံး အပြင်ထွက်လာနိုင်ပါစေလို့ မျှော်လင့်ပါတယ်။ တိုင်းပြည်ကို ဒီမိုကရေစီ ထူထောင်ဖို့ သွားမယ်ဆိုရင် အရေးအကြီးဆုံးကတော့ အမျိုးသား ပြန်လည် ညီညွတ်ရေးပါပဲ။ အထဲမှာ ဖမ်းထားတဲ့သူအများကြီးရှိပြီး အပြင်မှာပဲ ရှိတဲ့သူတွေနဲ့ ဒီမိုကရေစီ နိုင်ငံကို သွားနိုင်မယ်လို့တော့ မယူဆပါဘူး။”

မနေ့တုန်းက အာဏာပိုင်တွေ ပြန်လွှွတ်ပေးလိုက်တဲ့အထဲက နိုင်ငံရေး အကျဉ်းသား တဦးဖြစ်တဲ့ ဒေါက်တာ ဒေါ်မေဝင်းမြင့် ဖြစ်ပါတယ်။ အာဏာပိုင်တွေဖက်က သူ့ကို ပြန်လွှတ်ပေးတဲ့ နေရာမှာ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ မပတ်သက်ဖို့ သတိပေးမှုတွေ ရှိခဲ့တယ်လို့လည်း ဒေါ်မေဝင်းမြင့် က ပြောပါတယ်။ ဒါပေမယ့်လို့ သူ့အနေနဲ့ကတော့ အစွမ်းရှိသလောက်၊ တတ်နိုင်သလို ဒီမိုကရေစီရေးအတွက် ဆက်လုပ်သွားဦးမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG