မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံကလာတဲ့
ကျန်းမာရေးနဲ့မညီတဲ့ နို့မှုန်တွေ ပျံ့နှံ့လာနိုင်တာ
ကြောင့် စိုးရိမ်စရာရှိတယ်လို့
ယူနီဆက်ဖ် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့က
ပြောပါတယ်။ ကလေးငယ်တွေ ကျန်းမာရေးအတွက်
အကောင်းဆုံးကတော့ မိခင်နို့
တိုက်ကြွေးခြင်း ဖြစ်တယ်လို့လည်း ပြောပါတယ်။ ယူနီဆက်ဖ်
ပြောခွင့်ရသူတဦးနဲ့
ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး အကြောင်းစုံကို
တင်ပြပေးထားပါတယ်။
တရုတ်နိုင်ငံကတော့ သူတို့ဆီက
နို့မှုန့်ကုမ္ပဏီ ၂၂ ခုကထုတ်တဲ့ နို့မှုန့်တွေဟာ
မယ်လမင်း ဓာတုပစ္စည်းတွေ ပါတာကြောင့်
ကျန်းမာရေးမညီညွတ်ဘူးဆိုပြီး ကြေညာ
ခဲ့ပါတယ်။ ဒီအထဲက နို့မှုန်တံဆိပ်တမျိုး
မြန်မာနိုင်ငံမှာ တွေ့ထားပြီး ဒါကို အာဏာပိုင်
တွေက ဖျက်ဆီးဖို့ ဆောင်ရွက်နေတယ်လို့
အေပီသတင်းတရပ်မှာ ဖော်ပြပါတယ်။
ဒါပေမယ့် ဒီ နို့မှုန့်တံဆိပ်ဖြစ်တဲ့ ရီလီတံဆိပ်နို့မှုန့်တွေကို
မဖြန့်ဖြူးရသေးဘူးလို့တော့
ဆိုထားပါတယ်။ တကယ်ကတော့ အခြားကုန်တွေထက် ဈေးသက်သာတဲ့ တရုတ်နို့မှုန့်
အပါအဝင် တရုတ်ကုန်ပစ္စည်း အတော်များများကို မြန်မာပြည်သူတွေက အသုံးများ
တာကြောင့်
ကျန်းမာရေးနဲ့မညီတဲ့ တရုတ်နို့မှုန့်တွေပါ ပါလာမလားဆိုတာ စိုးရိမ်မှုတွေ
ရှိနေပါတယ်။
ယူနီဆက်ဖ် အာရှ-ပစိဖိတ်ရုံး ပြောခွင့်ရသူ ရှန်တာဘလိုးမန်းက အခုလို
ပြောပါတယ်။
"ဒီပြဿနာက တရုတ်နိုင်ငံအတွင်းမှာတင် မဟုတ်ပါဘူး၊
ဒေသအတွင်းနဲ့ နိုင်ငံတကာ
က ကလေးငယ်တွေကိုပါ ထိခိုက်မှုရှိလာနိုင်တာကို ကျမတို့
အရမ်းစိုးရိမ်နေပါတယ်။
ဒါပေမယ့် အခုအချိန်မှာတော့ ဒီ ကျန်းမာရေးနဲ့ မညီညွတ်တဲ့
နို့မှုန့်တံဆိပ် အတော်
များများကို ဖော်ထုတ်နိုင်တာတွေ ရှိထားပြီးပါပြီး။
ပြဿနာကတော့ အခုနပြောသလို
တရုတ်နိုင်ငံတနိုင်ငံတည်းအတွက် မဟုတ်ပါဘူး။"
မြန်မာနိုင်ငံတွင်းမှာတော့ အစိုးရဘက်က
အခုလို တရုတ်နို့မှုန့်သတင်းတွေ ဖော်ပြရုံ
သာဖော်ပြပြီး မြန်မာနိုင်ငံအတွင်း
သုံးစွဲတာတွေမှာ သတိပေးတာမျိုးတော့ မရှိသေးပါ
ဘူး။ လက်လီရောင်းချနေတဲ့ ဆိုင်တွေကိုလည်း
စစ်တာဆေးတာမျိုးတွေ မရှိသေးပါ
ဘူး။ ဒါပေမယ့်လည်း မြန်မာနိုင်ငံတွင်းမှာတော့
အခုအချိန်အထိ နို့မှုန့်ကြောင့်
ဘေးဖြစ်တာမျိုးလည်း မကြားရသေးပါဘူး။
"မြန်မာနိုင်ငံထဲက ရတဲ့သတင်းအရတော့ တရုတ်နိုင်ငံက
ကျန်းမာရေးနဲ့မညီတဲ့ နို့မှုန့်
တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ အလားတူ
ထိခိုက်မှုရှိတာမျိုးတွေ မကြားသေးပါဘူး။
အာဏာပိုင်တွေဘက်ကလည်း သူတို့အနေနဲ့
ဒီအန္တရာယ်ရှိတဲ့ နို့မှုန့်တွေကို သိမ်းဆည်း
မယ်လို့ ပြောထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့တော့ နည်းပညာပိုင်းဆိုင်ရာကိစ္စတွေ
ကျမတို့ ဆောင်ရွက်နိုင်စွမ်း
မရှိပါဘူး။"
ယူနီဆက်ဖ်အနေနဲ့တော့ အရင်ကတည်းက
ကလေးငယ်တွေအတွက် နို့မှုန့်သုံးစွဲမှုကို
အားမပေးဘဲ မိခင်နို့တိုက်တာကိုပဲ
အစဉ်တစိုက် အားပေးခဲ့တယ်လို့ ပြောပါတယ်။
"ကျမတို့ ယူနီဆက်ဖ်နဲ့ ဒဗလျူအိတ်ချ်အို
နှစ်ဖွဲ့စလုံးအနေနဲ့ မိခင်နို့တိုက်တာကို
အားပေးပါတယ်။ နို့မှုန့်ဖြန့်ဝေတာမျိုး မရှိပါဘူး။
နို့မှုန့်တိုက်တာကို အားမပေးပါဘူး။
ဒါ့အပြင် ပုဂ္ဂလိက ကုမ္ပဏီအဖွဲ့အစည်းတွေနဲ့
အစိုးရတွေကိုလည်း မိခင်နို့အစားသုံးစွဲမှု
အားပေးတာ၊ ကြေညာတာမျိုးတွေမှာ
နိုင်ငံတကာ ဈေးကွက်ဆိုင်ရာကျင့်ဝတ်တွေ၊
စည်းမျဉ်းတွေကို တာဝန်ခံဖို့
မပြတ်သတိပေးနေပါတယ်။ ကျမတို့အနေနဲ့ကတော့
ဥပဒေအရ ကိုင်တွယ်ဆောင်ရွက်နိုင်တဲ့ အဖွဲ့တော့
မဟုတ်ပါဘူး။ ဒီအတွက် စည်းရုံး
နားချရတာပါ။ အောက်ခြေအဆင့်မှာတော့ ကျမတို့အနေနဲ့
ကျန်းမာရေးဆိုင်ရာ
အာဏာပိုင်တွေ၊ တာဝန်ရှိသူတွေနဲ့တွဲပြီး မိခင်နို့တိုက်တာကြောင့်
ရတဲ့အကျိုးအမြတ်
တွေ သိလာကြအောင် ဆောင်ရွက်နေပါတယ်။"
ယူနီဆက်ဖ် အာရှ-ပစိတ်ဖိတ်ရုံး ပြောခွင့်ရသူ ပြောသွားတာဖြစ်ပါတယ်။
အခု မြန်မာနိုင်ငံအတွင်းမှာ တရုတ်နို့မှုန့်တွေနဲ့ပတ်သက်လို့ ဖြစ်နေတဲ့အခြေအနေ၊ဖမ်းဆီးရမှု အခြေအနေ၊ ဖျက်ဆီးမယ့်အခြေအနေ ဒါတွေနဲ့ပတ်သက်ပြီး ကျန်းမာရေး
ဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနကိုရော အစာနဲ့ဆေးဝါးဌာနကိုပါ ဆက်သွယ်ခဲ့ပေ
မယ့် တာဝန်ခံပြောဆိုမယ့်သူ မရှိပါဘူး။