သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေဝါရောင်တော်လှန်ရေး အတွေ့အကြုံ သံဃာတော်များ တင်ပြ


မြန်မာစစ်အစိုးရ ရက်ရက်စက်စက် နှိပ်ကွပ်ဖြိုခွဲခဲ့တဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာတော်တွေရဲ့ ရွှေဝါရောင်လှုပ်ရှားမှုဟာ အခုဆိုရင် တနှစ်ပြည့်ခဲ့ပါပြီ။ ဦးဆောင်လှုပ်ရှားခဲ့တဲ့ သံဃာတော်တွေ အပါအဝင် သံဃာတော်နဲ့ သီလရှင် ရာနဲ့ချီ ဖမ်းဆီးထိန်းသိမ်းခံ နေရဆဲဖြစ်သလို ထွက်ပြေးတိမ်းရှောင်နေရတဲ့ သံဃာတော်တွေလည်း ရှိနေဆဲပါ။ ဒီအထဲ လွတ်မြောက်လာတဲ့အထဲက သံဃာတော်တချို့ရဲ့ ကြားနာပွဲကို နယူးယောက်ခ်မြို့က နယူးယောက်ခ် ပလာဇာမှာ စက်တင်ဘာလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ဒီကြားနာပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ဒီပွဲမှာ အရင် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ပါမောက္ခ ပေါ်လို ဆာဂျီယို ပင်ညဲရိုး (Paulo Sergio Pinheiro) က သဘာပတိအဖြစ် ဆွေးနွေးပွဲကို ကြီးမှူးဆောင်ရွက်ခဲ့ပါတယ်။

"၂၀ ရာစုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု တိုက်ပွဲတိုင်းမှာ လှုပ်ရှား
မှုတွေအမျိုးမျိုး ရှိခဲ့ပါတယ်။ ဒီလိုပြောင်းလဲမှုတွေဟာ ပေါ်တူဂီ၊ စပိန် စတဲ့ အနောက်
ဥရောပနိုင်ငံတွေအပြင် အရှေ့ ဥရောပနိုင်ငံတွေရော၊ လက်တင်အမေရိကနိုင်ငံတွေမှာ
ပါ ရှိခဲ့ပါတယ်။ ဒီလှုပ်ရှားမှုတိုင်းဟာလည်း အရေးကြီးတဲ့ သမိုင်းဝင်မျိုးစေ့တွေကို
ချပေးတာပါ။ အခု မြန်မာနိုင်ငံမှာဆိုရင်လည်း အနာဂတ် ဒီမိုကရေစီနိုင်ငံ
တည်ဆောက်နိုင်ဖို့အတွက် မျိုးစေ့ချ စိုက်ပျိုးနေချိန် ဖြစ်ပါတယ်။" လို့ အခမ်းအနား
သဘာပတိ ပါမောက္ခ ပင်ညဲရိုး ပြောသွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သံဃာတော်တွေ အပါအဝင် ပြည်သူတရပ်လုံးဟာ ဖိနှိပ်မှုတွေအောက်
မှာ ဆက်လက်ခံစားနေရဆဲ ဖြစ်တဲ့အကြောင်းနဲ့ နိုင်ငံတကာအနေနဲ့ မြန်မာ့အရေးကို
အခုထက်ပို ဆောင်ရွက်သင့်တဲ့ အကြောင်းတွေကို ဆရာတော်တွေက တိုက်တွန်း
မိန့်ကြားခဲ့ပါတယ်။

အဓိကဆွေးနွေးခဲ့တဲ့ သံဃာတော်တွေထဲက တပါးဖြစ်တဲ့ အရှင် ဦးပညာဇောတက
အခုလို မိန့်ကြားပါတယ်။

"အဓိကကတော့ လက်ရှိဥပဒေကိစ္စတွေကိုလည်း ဆွေးနွေးသွားတယ်။ စက်တင်ဘာ
ရွှေဝါရောင်တော်လှန်ရေး ဘာ့ကြောင့်ဖြစ်ပေါ်လာတယ်ဆိုတဲ့ ဟာတွေကို ဦးဇင်းအနေ
နဲ့ ဆွေးနွေးသွားပါတယ်။"

ဒီသံဃာတော်တွေရဲ့ လှုပ်ရှားမှုဟာ ပြီးဆုံးသွားပါပြီလားလို့ မေးကြည့်တော့ အရှင်
ဦးပညာဇောတက အခုလိုမိန့်ပါတယ်။

"သံဃာတော်တွေကတော့ လှုပ်ရှားမှုဆိုတာ ပြည်သူ့အကျိုးကို ဆောင်ရွက်ဖို့အတွက်
ပြည်သူဘက်က ရပ်တည်ပြီး ပြည်သူ့လိုအပ်ချက်ကို ပြောဖို့အတွက် ပြင်ဆင်နေတာ
ရှိတယ်။ သို့သော်လည်း လက်ရှိ နအဖစစ်အစိုးရက ရွှေဝါရောင်တနှစ်ပြည့်တဲ့အချိန်မှာ
အဓမ္မဝင်ရောက်ပြီး စောင့်ရှောက်ကြည့်နေတာတွေ၊ ထိန်းသိမ်းနေတာတွေ၊ လွတ်လပ်
စွာ သွားခွင့်လာခွင့်မရတာတွေ ဖြစ်တဲ့အတွက် လုပ်ဖို့ အတော်လေး အခက်အခဲ ရှိနေ
ပါတယ်။"

ဒီပွဲကနေ မြန်မာ့ဒီမိုကရေစီရေးအတွက် နိုင်ငံတကာရဲ့ ထောက်ခံမှုရဖို့ မျှော်လင့်တဲ့
အကြောင်းလည်း ဆရာတော်က မိန့်ပါတယ်။

"ကုလသမဂ္ဂညီလာခံလည်း ကျင်းပနေတာဖြစ်တယ်။ နောက်တချက်က အခုလို
လုပ်လိုက်ခြင်းအားဖြင့် မြန်မာပြည်ရဲ့ အခြေအနေတွေကို နိုင်ငံတကာက သိရှိခွင့်ရသွား
မယ်။ သိရှိခွင့်ရသွားခြင်းအားဖြင့် လက်ရှိ ကုလသမဂ္ဂကနေပြီး အရေးယူဆောင်ရွက်
နေတာ ထိရောက်မှုမရှိဘူး၊ ဒီ့ထက်ကြီးမားတဲ့၊ ခိုင်မာတဲ့၊ တိကျတဲ့၊ အချိန်ကာလပါတဲ့
အရေးယူဆောင်ရွက်ချက်တွေနဲ့ အကောင်အထည်ဖော်ဖို့ လိုပြီဆိုတာကို ဦးဇင်းတို့
ပြောခွင့်တွေ အများကြီးရခဲ့ပါတယ်။"

အရှင်ပညာဇောတဟာ စက်တင်ဘာလှုပ်ရှားမှုနောက်ပိုင်း မြန်မာစစ်အစိုးရက
ဘုန်းတော်ကြီးကျောင်းတွေကို ဝင်ရောက်စီးနင်းပြီး သံဃာတော်တွေကို လိုက်လံ
ဖမ်းဆီး ထောင်ချမှုတွေ လုပ်နေတဲ့အချိန်မှာ မြန်မာနိုင်ငံအတွင်း လှည့်လည်
ပုန်းအောင်းနေခဲ့ရပါတယ်။ လေးလကြာ လှည့်လည်ပုန်းအောင်နေပြီးနောက်
ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့သလို ဒီနှစ် ဇန်နဝါရီလကမှ
အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာခဲ့တဲ့ သံဃာတော်တပါးပဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG