သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဏ္ဍာရေး ပြဿနာ ဖြေရှင်းရေးအစီအစဉ် အတည်ပြုနိုင်ဖို့ သမ္မတ ဘုရှ် မျှော်လင့်


အမေရိကန်ပြည်ထောင်စုက ဘဏ္ဍာရေး ဝန်ဆောင်မှုမှာ အကျပ်အတည်း ရင်ဆိုင်နေရတာကို ဖြေရှင်းဖို့ အစီအစဉ်အပေါ် ဒီမိုကရက် ပါတီဝင်တွေနဲ့ ရီပါပလစ်ကန် ပါတီဝင်တွေအကြား သဘောတူညီမှု ရရှိလိမ့်မယ်လို့ အမေရိကန်သမ္မတ ဂျော့ဘုရှ် က ပြောပါတယ်။ ဒါပေမယ့် သဘောထား ကွဲပြားမှုတွေ မရှိသေးကြောင်း သမ္မတ ဘုရှ် က မနေ့ကပဲ အသိအမှတ်ပြု ပြောကြားသွားပါတယ်။

ကြီးကြီးမားမား တခုတော့ လုပ်ဆောင်ရလိမ့်မယ် ဆိုတာအပေါ်မှာ အားလုံးက သဘောတူထားကြကြောင်း ရီပါပလစ်ကန် သမ္မတ ဘုရှ် က ပြောသွားတာပါ။ အမတ်တွေကြားမှာ သဘောတူညီမှု တခု ရရှိချိန်အထိ ဆက်ပြီးတော့ ဆွေးနွေးကြမှာ ဖြစ်ကြောင်း အထက်လွှတ်တော် လူအများစုခေါင်းဆောင် ဒီမိုကရက်အမတ် ဟယ်ရီ ရိတ် က ပြောပါတယ်။

သမ္မတ ဘုရှ် ကတော့ ကွန်ဂရက် လွှတ်တော်အမတ်တွေနဲ့ ဆက်ပြီးတော့ ဆွေးနွေးဖို့ သူ့ရဲ့ အတော်ဆုံး စီးပွားရေး အကြံပေးတွေကို လွှတ်ထားတယ်၊ အဓိက ကျတဲ့ အမတ်တွေကိုလည်း ကိုယ်တိုင် ဆက်သွယ်နေတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ အမျိုးသမီး ဒီနာ ပရီနိုး က ပြောပါတယ်။ အခု ဆွေးနွေးထားတဲ့ ဥပဒေအရ သုံးစွဲရမယ့် ငွေကြေးပမာဏ နဲ့ပတ်သက်ပြီးတော့ အောက်လွှတ်တော် က ရီပါပလစ်ကန် အမတ်တွေ ကြာသပတေးနေ့က ကန့်ကွက်ခဲ့လို့ ညှိနှိုင်းမှု ရပ်သွားရတာ ဖြစ်ပါတယ်။

အစိုးရက ကြောထောက်နောက်ခံ ပေးတဲ့ အာမခံ အစီအစဉ်ကို သုံးရင်တော့ ပိုက်ဆံလည်း အဲဒီလောက် မကုန်ဘဲနဲ့ ဈေးကွက်မှာ ပြန်ပြီးတော့ ယုံကြည်မှု ရရှိလာစေမယ်လို့ အဲဒီအမတ်တွေက အကြံပြုပါတယ်။ သူတို့ အဆိုပြုချက်ကို သေချာ မစဉ်းစားပေးရင်တော့ ရီပါပလစ်ကန် အောက်လွှတ်တော်အမတ် အများအပြားက မဲပေးမှာမဟုတ်ဘူးလို့ အောက်လွှတ်တော် မဲအများစု အမတ်အများစု ခေါင်းဆောင် ဂျွန်ပေါ်ရှနာ က ပြောပါတယ်။

အခုအစီအစဉ်အရ အစိုးရဟာ အကျပ်အတည်း ကြုံနေရတဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းတွေ တန်ဖိုးကျသွားတဲ့ ပိုင်ဆိုင်မှုတွေကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုမှာ တန်ဖိုးကျတာကြောင့် ဘဏ်တွေက စီးပွားရေးလုပ်ငန်းတွေ စားသုံးသူတွေကို ငွေထုတ်ချေးဖို့ တွန့်ဆုတ်နေကြပါတယ်။ ဒီလိုမျိုး အကြွေးမပေးတာကြောင့်လည်း စီးပွားရေး နှေးကွေးပြီး ကြံ့ကြာနေရတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG