သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်နှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်ရန် အမေရိကန် လိုလား


အမေရိကန်ပြည်ထောင်စု ထိပ်တန်းစစ်အရာရှိ ရေတပ်ဗိုလ်ချုပ်ကြီး မိုက် မူလန် က ပါကစ္စတန် နဲ့ သူတို့နိုင်ငံအကြား ဖြစ်ပေါ်နေတဲ့ တင်းမာမှု လျော့ပါးရေးအတွက် ရည်စူးပြီး အခုချိန်ဟာ ခါတိုင်းထက် ပိုပြီး တည်တည်ငြိမ်ငြိမ် နဲ့ ပူးပေါင်း ဆောင်ရွက်ရမယ့် အချိန် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အာဖဂန်နစ်စတန် နယ်စပ်မှာ အမေရိကန် နဲ့ ပါကစ္စတန် တပ်ဖွဲ့တွေ အကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နောက်တရက်မှာ အမေရိကန် တွဲဖက် စစ်ဦးစီးချုပ်များရဲ့ ဥက္ကဌ က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗွီအိုအေ သတင်းထောက် မယ်ရီဒစ်ဘူဝါ က ၀ါရှင်တန်မြို့တော် ကနေ ပေးပို့ထားတာကို ဦးကျော်ဇံသာ က တင်ပြထားပါတယ်။

ရေတပ်ဗိုလ်ချုပ်ကြီး မူလန် ဟာ ပါကစ္စတန် နိုင်ငံ အနေနဲ့ အစွန်းရောက်တွေအပေါ် ဆင်နွှဲနေတဲ့ တိုက်ပွဲဟာ ဆိုးသည်ထက် ဆိုးရွားလာနေတယ် ဆိုပြီး လက်ရှိ ပါကစ္စတန် နိုင်ငံ အခြေအနေတွေကို စိတ်ပျက်သဖွယ် အခုလို ပြောကြားသွားတာ ဖြစ်ပါတယ်။

“အခြေအနေ သိပ် ဆိုးရွားနေတယ်။ ကျနော်ကတော့ ဘာမျှော်လင့်ချက်မှ မထားနိုင်အောင် ဖြစ်နေရပါတယ်။ သူတို့ဟာ ပိုမိုကျယ်ပြန့်လာပြီး လူတွေကို ပိုသေစေနိုင်တဲ့ ဆူပူသောင်းကျန်းမှု နဲ့ ပြည်တွင်းမှာရော ပြည်ပမှာပါ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ သူတို့ အသစ်ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကိုလည်း ခြိမ်းခြောက်နေပါတယ်။ သူတို့ ရင်ဆိုင်နေရတာဟာ အစွန်းရောက်တွေရဲ့ အခိုင်အမာ စခန်းတွေပါ။ ဒီစခန်းတွေကို ဒေသခံ လူမျိုးစုတွေက ကာကွယ်ပေးထားကြတာလည်း ဖြစ်ပါတယ်။”

ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့တွေက အာဖဂန်နိုင်ငံ နယ်စပ်မှာ အမေရိကန် ရဟတ်ယာဉ် ၂ စင်းကို ပစ်ခတ်ခဲ့ပြီးတဲ့နောက် အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ခဲ့တဲ့အခါမှာ ဗိုလ်ချုပ်ကြီး မူလန် က အခုလို ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ဒီပစ်ခတ်မှုတွေကြောင့် လူသူ အထိအခိုက် မရှိပေမယ့် ၅ မိနစ်ကြာ ဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်ဟာ အမေရိကန် နဲ့ ပါကစ္စတန် တို့ရဲ့ တင်းမာမှု ပိုမိုမြင့်မားလာနေတယ် ဆိုတာကို မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။

ဒီအချိန်ဟာ တာလီဘန် နဲ့ အယ်လ်ခိုင်းဓါး စစ်သွေးကြွတွေရဲ့ စိတ်ချရတဲ့စခန်းတွေ လို့ သိထားတဲ့ဒေသအတွင်းမှာ အမေရိကန်တို့ ထိုးစစ်ကို တိုးမြှင့်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။ အာဖဂန်နစ်စတန် နိုင်ငံ နယ်စပ်အခြေအနေ အခက်အခဲတွေ နဲ့ ကြုံနေရပေမယ့် သောင်းကျန်းမှု နှိမ်နှင်းရေးအတွက် အမေရိကန် နဲ့ ပါကစ္စတန် တို့ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားရမှာပဲ ဖြစ်တယ်လို့ ရေတပ်ဗိုလ်ချုပ်ကြီး မူလန် က သတင်းထောက်တွေကို အခုလို ဆက်လက် ရှင်းပြပါတယ်။

“ဒါဟာ မိုးပြိုကျတာ မဟုတ်ပါဘူး။ တင်းမာမှုတွေ ဖြစ်လာတိုင်းလည်း ဒါကို အလွန်အကျွံ တုန့်ပြန်ဆောင်ရွက်နေစရာ မလိုပါဘူး။ အခုချိန်ဟာ ခါတိုင်းထက် ပိုပြီး အေးဆေး တည်ငြိမ်စွာနဲ့ ပူးပေါင်း ဆောင်ရွက်ရမယ့်အချိန်ပါ။”

ပါကစ္စတန် စစ်ဖက်ခေါင်းဆောင်တွေကတော့ သူတို့ရဲ့ တပ်ဖွဲ့တွေ အနေနဲ့ အမေရိကန် စစ်သားတွေကို ပစ်ခတ်ဖို့ ရည်ရွယ်ချက် သော်လည်းကောင်း၊ အစီအစဉ် သော်လည်းကောင်း အခိုင်အမာ ပြောကြားခဲ့တယ်လို့လည်း ဗိုလ်ချုပ်ကြီး မူလန် က ဆိုပါတယ်။ ပါကစ္စတန် နဲ့ အမေရိကန် နှစ်နိုင်ငံအကြား ဆက်ဆံရေးဟာ ဒီပစ်ခတ်မှုတွေကြောင့် အခုနောက်ပိုင်းမှာ ပြောင်းလဲသွားပြီ ဆိုတာကိုလည်း ယုံကြည်စရာ အကြောင်းမရှိဘူးလို့ ဆိုပါတယ်။ ပါကစ္စတန် အစိုးရဟာ အမေရိကန် အစိုးရ နဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားလိမ့်မယ်လို့ ယုံကြည်ကြောင်းကိုလည်း ရေတပ်ဗိုလ်ချုပ်ကြီး မူလန် က ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG