သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတွင်းရေးမှူးချုပ်ရဲ့ မြန်မာမိတ်ဆွေနိုင်ငံများ အဆင့်မြင့်ကိုယ်စားလှယ် အစည်းအဝေးကျင်းပမည်


မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်လာရေးအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖွဲ့စည်းထားတဲ့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့ မိတ်ဆွေနိုင်ငံများ အဖွဲ့က အခုလို ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေတဲ့အချိန် မြန်မာနိုင်ငံအရေး ကိစ္စကို ဆွေးနွေးကြမှာပါ။

ဒီအစည်းအဝေးနဲ့ ပတ်သက်လို့ အတွင်းရေးမှူးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ မစ်ရှဲလ် မွန်းတပ်စ် (Michele Montas) က အခုလို ပြောပါတယ်။

အတွင်းရေးမှူးချုပ်ဖွဲ့စည်းထားတဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများ အဆင့်မြင့် အစည်းအဝေးမှာ အတွင်းရေးမှူးချုပ်နဲ့ အတွင်းရေးမှူးချုပ် ရဲ့ အထူးအကြံပေး မစ္စတာ အီဘရာဟင် ဂမ်ဘာရီတို့က မြန်မာနိုင်ငံရဲ့ နောက်ဆုံးအခြေအနေ တိုးတက်ဖြစ်ပေါ်မှုတွေနဲ့ ပတ်သက်လို့ ပြောဆိုဖို့ ရှိပါတယ်။ အထွေထွေ အတွင်းရေးမှူးချုပ်အနေနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေရမယ်လို့ မျှော်လင့်တဲ့အကြောင်း မစ်ရှဲလ် မွန်းတပ်စ် (Michele Montas) က ပြောသွားတာပါ အခု မြန်မာ့မိတ်ဆွေနိုင်ငံများ အဆင့်မြင့် အစည်းအဝေးဆိုတာက ဝန်ကြီးအဆင့် ကိုယ်စားလှယ်တွေ တက်ရောက်မယ့် ပထမဆုံး အကြိမ် အစည်းအဝေးဖြစ်တယ်လို့ ကုလသမဂ္ဂ သတင်းရပ်ကွက်က ပြောပါတယ်။ ဒီအစည်းအဝေးမှာ အာရှနိုင်ငံတွေ အများစု တက်ရောက်ဖို့ ရှိပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အရင်ကတည်းက အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်၊ သြစတြေးလျ၊ ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နော်ဝေး၊ တောင်ကိုရီးယား၊ စကာၤပူ၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတွေ ပါဝင်တဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံများ အစည်းဝေးကို ဖွဲ့စည်းထားပါတယ်။ အရင်က ဒီနိုင်ငံတွေက သံတမန်တွေ မကြာခဏ မြန်မာ့အရေးကို ဆွေးနွေးခဲ့ကြပါတယ်။ အခုတော့ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေတဲ့ ကာလမှာ ညီလာခံ အစီအစဉ်ပြင်ကနေ မြန်မာ့အရေး ဆွေးနွေးပွဲ ကျင်းပတာပါ။

ဆွေးနွေးပွဲမှာ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းက အဖွဲ့ဝင်နိုင်ငံတွေလည်း လေ့လာသူအဖြစ် တက်ရောက်ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ စနေနေနေ့ည သန်းခေါင်အချိန်လောက် ဖြစ်မယ့်၊ နယူးယောက်မြို့ စံတော်ချိန် မနက် ၁၁ နာရီခွဲမှာ ကျင်းပမှာပါ။ ကျနော်တို့ အခုည ဒုတိယပိုင်း အသံလွှင့်ပြီးတဲ့အချိန်မှာ စမှာပါ။ တစ်နာရီကျော် ကြာပါလိမ့်မယ်။ အစည်းအဝေးက တံခါးပိတ် ကျင်းပမယ့် အစည်းအဝေးပါ။ ဆွေးနွေးပွဲပြီးတဲ့အခါ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေနဲ့ သတင်းထောက်တွေ မေးတာတွေကို ပြန်လည်ဖြေကြားနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း အတွင်းရေးမှူးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက ပြောထားပါတယ်။ ဒီ အစည်းအဝေး ကျင်းပတာဟာ မြန်မာနိုင်ငံ့အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းက အလေးထားပြီး စိုးရိမ်မှုတွေ ရှိတယ်ဆိုတာ ပြသတဲ့အနေနဲ့ ဝန်ကြီး အဆင့် အစည်းအဝေး ကျင်းပတာလို့လည်း ကုလသမဂ္ဂ သတင်းရပ်ကွက်က ပြောပါတယ်။

အဲန်အယ်လ်ဒီ အနှစ် (၂၀) ပြည့် အဖွဲ့ဝင်တချို့ အဖမ်းခံရ အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခဲ့တဲ့ အနှစ် (၂၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေ တင်းတင်းကြပ်ကြပ် ချထားတဲ့ကြားက အဲန်အယ်လ်ဒီအဖွဲ့ဝင်တွေ ကျင်းပခဲ့ကြပါတယ်။ အဲန်အယ်လ်ဒီအဖွဲ့ဝင်တချို့ လည်း ဖမ်းဆီးခံခဲ့ရပါတယ်။ အပြည့်အစုံကို ထိုင်း အခြေစိုက် သတင်းထောက် ဒေါ်အေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခဲ့တဲ့ နှစ် (၂၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပတဲ့ နေရာမှာ အာဏာပိုင်တွေက လုံခြုံရေး တပ်ဖွဲ့ဝင် ၅၀၀ လောက် ချထားခဲ့ပြီး အဖွဲ့ဝင် ၉ ယောက်ကိုလည်း အခမ်းအနား အပြန်မှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တဲ့ အကြောင်း အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒီနေ့ အခမ်းအနားကျင်းပတာပေါ့။ အခမ်းအနားပြီးစီးသွားတယ်။ လုံခြုံရေးအခြေအနေ ပြောရင်တော့ အင်အားအတော်ကို များတယ်။ အဲန်ကယ်တို့ ရုံးဝန်းကျင်မှာ ဒိုင်နာကားနဲ့ အရပ်ဝတ်နဲ့ လာတာ လေး-ငါရာ ရှိတယ်။ ဘာတွေလဲတော့ မသိဘူး၊ တာဝန်ရှိတဲ့သူလား၊ တာဝန်မရှိဘဲနဲ့ လာတဲ့သူတွေလား၊ မသိဘူး။ အဲဒါ တချက်၊ ထက်ထက်ဦးဝေရယ် ဒေါ်ရှမ်းမရယ် ရွှေပြည်သာက၊ သူတို့နှစ်ယောက်နဲ့ အားလုံး ခြောက်ယောက်က မနက် အဖွဲ့ချုပ်ရုံးကိုအလာ ရုံးနားမှာအရောက် ကားဂိတ်နားမှာ အဖမ်းခံရတယ်လို့ ကြားတယ်။ နောက်ထပ် အခမ်းအနားအပြီး ပြန်တဲ့အထဲမှာ အမျိုးသမီးသုံးယောက်ကို ကားပေါ် စွဲတင်ပြီး ဖမ်းသွားတယ်လို့ သိရတယ်။ အဲဒါ စုစုပေါင်း မနက် ခြောက်ယောက်၊ ညနေ သုံးယောက်၊ ကိုးယောက်။ နာမည်ကတော့ အဲဒီ နှစ်ယောက်ပဲ သိရတယ်။ ကျန်တဲ့သူတွေနဲ့ ပတ်သက်လို့တော့ မသိရသေးဘူး။”

မကြာခင်က လွတ်မြောက်လာတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် အပါအဝင် အဖွဲ့ချုပ်ဝင် သုံးယောက်ကို ဒီနေ့ အခမ်းအနားမှာ မူလ နေရာမှာ ပြန်လည် တာဝန်ယူပေးဖို့အတွက် အဖွဲ့ချုပ် ဥက္ကဋ္ဌက ကမ်းလှမ်းခဲ့ပြီး ဦးဝင်းတင် ကလည်း ပြန်လည် လက်ခံခဲ့တယ်လို့ ပြောပါတယ်။

“၂၃ ရက်နေ့က လွတ်မြောက်လာတဲ့ ဆရာဦးဝင်းတင်၊ ဦးခင်မောင်ဆွေ။ ဒေါက်တာ သန်းငြိမ်း သူတို့ သုံးယောက် ဒီနေ့ အခမ်းအနား တက်တယ်လေ၊ အဲတော့ သူတို့သုံးယောက်နဲ့ ပတ်သက်ပြီးတော့ သူတို့ ယခင် တာဝန်ယူခဲ့တဲ့ ဆရာဦးဝင်တင် ဆိုရင် စီအီးစီ အဖွဲ့ဝင်ပေါ့၊ ဆရာဦးခင်မောင်ဆွေလည်း စီအီးစီအဖွဲ့ဝင်ပဲ၊ ဒေါက်တာ သန်းငြိမ်းက ရန်ကုန်တိုင်း ဒု ဥက္ကဋ္ဌပေါ့၊ ဒီရာထူးတွေကို ပြန်ပြီး ထမ်းဆောင်ဖို့ ပြန်လည်ပြီးတော့ ပူးပေါင်းဆောင်ရွက်ကြဖို့ ဥက္ကဋ္ဌက ဖိတ်ခေါ်လိုက်တယ်။”

ပြန်လည်လွတ်မြောက်လာပြီးမှ ထပ်ပြီး အဖမ်းခံလိုက်ရတဲ့ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ရဲ့ အခြေအနေကို မေးကြည့်တဲ့အခါ -

“သူ ၁၇ နာရီနေရတယ်။ နောက်နေ့ သင်္ဘော စီးဖို့ စောင့်နေတာ။ သဘောၤမစင်းခင်ဘဲ ကသာ ထောင်ထဲကို ပြန်ခေါ်သွားတယ်။ သူ့ရဲ့ မိသားစုကလည်း ကသာ လိုက်သွားတဲ့အခါ ကသာ ထောင်ထဲမှာ ရှိတဲ့ ထောင်ဝင်စာ တွေ့ခဲ့ရတယ်။ ကျနော်တို့ မေးတာက ဘာကြောင့် ဒီလိုဖြစ်တာလဲ။ အဲဒါနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက အကျိုးအကြောင်း ဘာမှ မပြောပါဘူး။”

အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောသွားတာပါ။

မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်လာရေးအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖွဲ့စည်းထားတဲ့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့ မိတ်ဆွေနိုင်ငံများ အဖွဲ့က အခုလို ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေတဲ့အချိန် မြန်မာနိုင်ငံအရေး ကိစ္စကို ဆွေးနွေးကြမှာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG