ကုလသမဂ္ဂမှာ မြန်မာစစ်အစိုးရကို တရားဝင်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုထားတာကို ရုတ်သိမ်းပေးဖို့ မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်တွေက တောင်းဆိုထားတာကို ကုလသမဂ္ဂဘက်က ငြင်းဆိုလိုက်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ နေ့စွဲနဲ့ မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်တွေက စစ်အစိုးရ ကို ကုလသမဂ္ဂက အသိအမှတ်မပြုဖို့ တောင်းဆိုခဲ့တာပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကုလသဂ္ဂရဲ့ ဥပဒေရေးရာ ဒုတိယ အတွင်းရေးမှူးချုပ် ပက်ထရီရှာ အိုဘရိုင်ယန်က (Patricia O’Brien) က တုန့်ပြန်ထားချက်ကို မနေ့က သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ မစ်ရှဲလ် မွန်းတပ်စ် (Michele Montas) က အခုလို ပြောပါတယ်။
“အခုလို မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်တွေ တင်ပြလာတဲ့ စာပါအကြောင်းအရာတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ အရေးယူဆောင်ရွက်မှု တစုံတရာ ရှိမှာ မဟုတ်တဲ့အကြောင်း ဒုတိယ အတွင်းရေးမှူးချုပ် ပက်ထရီရှာ အိုဘရိုင်ယန်က ပြောပါတယ်။ ဒီလို နိုင်ငံတွေက ကိုယ်စားလှယ်တွေကို တရားဝင် အသိအမှတ်ပြုရေးနဲ့ ပတ်သက်လို့ အထွေထွေညီလာခံမှာ တင်ပြတဲ့ အတွင်းရေးမှူးချုပ်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ နည်းနာတွေအရ သုံးသပ်ပိုင်ခွင့်၊ ကုလသဂ္ဂက ချမှတ်ထားတဲ့ စည်းမျဉ်း အမှတ် (၂၇) နဲ့ ကိုက်ညီမှု မရှိပါဘူး။ စည်းမျဉ်းအမှတ် (၂၇) နဲ့ ကိုက်ညီတဲ့ တရားဝင်တင်ပြချက်တွေ မတွေ့ရပါဘူး၊ ဒီစည်းမျဉ်းအရ ကုလသမဂ္ဂအတွင်း တရားဝင်မှုကို သတ်မှတ်ဖို့ တင်ပြတဲ့အခါ နိုင်ငံ့အကြီးအကဲ ဒါမှမဟုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကသာ တင်ပြနိုင်မှာဖြစ်ပါတယ်။”
ကုလသမဂ္ဂ ဘက်က အခုလို မြန်မာစစ်အစိုးရရဲ့ တရားဝင်မှုကို ရုပ်သိမ်းရေးကို လက်မခံသေးပေမယ့်လည်း ပြည်ပရောက် လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ဒီလို တင်ပြတာကို အလျော့မပေးသေးဘူးလို့ ပြောပါတယ်။ အခုလို ကုလသမဂ္ဂကို စာတင်ပြီး တောင်းဆိုခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့က ဒုဥက္ကဋ္ဌ ဆိပ်ကမ်းမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းက အခုလို ပြောပါတယ်။
“ကျမတို့ အနေနဲ့ကတော့ အရင်တုန်းကတည်းက ဒီဟာကို ဒီနှစ်မှာ တင်မယ်။ ဒီနှစ်ကို မတင်ဖြစ်ရင် နောက်နှစ်ကို တင်မယ်။ အဲဒီတော့ အခု ငြင်းလိုက်တယ် ဆိုတဲ့ဟာက ဘာအကြောင်းတွေ ကျမတို့မှာ ဘာ ချို့ယွင်းချက် ရှိလို့ ဆိုတာတွေကို သိအောင်လုပ်ပြီးတော့ ဒီဟာနဲ့ပတ်သက်လို့ နောက်နှစ်ခါ ဆက်တင်နိုင်အောင်၊ ဒါမှမဟုတ်လို့ရှိရင်တော့ ဒီအကြောင်းကို ပိုပြီးတော့ လုပ်ရဖို့ ဆိုတာကို စဉ်းစားဖို့ ကျမတို့ ဒီမှာ အဖွဲ့ ရှိပါတယ်။ ပြီးတော့ ဒီအလုပ်က အဲန်စီယူဘီ အထွေထွေ တပ်ပေါင်းစုရဲ့ ဦးဆောင်မှု နဲ့ ကျမတို့က လုပ်နေတာပါ။ အဲဒီတော့ ကျမတို့ ပြန်ပြီးတော့ တိုင်ပင်ရပါအုံးမယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ ဘာကြောင့် ဆိုတဲ့အကြောင်းကို သိရလို့ရှိရင် ဒီအကြောင်းကို ကျော်လွှားနိုင်အောင် ကျမတို့ ကြိုးစားမှာပါ။ နောက်နှစ်ခါလည်း ကျမတို့ တင်နိုင်အောင် ကြိုးစားအုံးမယ်လို့ ကျမတို့ ယူဆပါတယ်။”
လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့က ဒုဥက္ကဋ္ဌ ဆိပ်ကမ်းမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းက ပြောပြသွားတာပါ။