သုံးရလွယ်ကူစေသည့် Link များ

စစ်တွေ သံဃာတော်တွေ ငြိမ်းချမ်းစွာ မေတ္တာပို့ကြွချီ


သံဃာတော်များရဲ့ မေတ္တာပို့ဆုတောင်းဆန္ဒပြတာကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းခဲ့တဲ့ တနှစ်ပြည့်တဲ့နေ့မှာ စစ်တွေမြို့ က သံဃာတော် အပါး ၁၀၀ ကျော် ဒီနေ့ မြို့ ထဲကို အသံတိပ် မေတ္တာပို့ကြွချီပြီး ဆုတောင်း ချီတက်ခဲ့ကြပါတယ်။ အသေးစိတ်ကို ထိုင်း အခြေစိုက် သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ဒီလို စစ်တွေမြို့ က သံဃာတော်တွေ ဒီလို အသံတိတ် မေတာပို့ကြွချီခဲ့တဲ့အကြောင်းကို စစ်တွေမြို့ ခံတယောက်က အခုလို ပြောပါတယ်။

“ဒီနေ့ မနက် ဆယ်နာရီလောက်မှာ စစ်တွေမြို့ ဘီလူးမ တံတား ကနေ သံဃာတော်အပါး ၁၀၀ လောက် စထွက်တယ်။ မိုးကလည်း တအား ရွာနေတဲ့အချိန်၊ စီတန်းပြီးတော့ လမ်းလျှောက်လာတော့ လမ်းမကြီးအတိုင်း ထွက်လာတဲ့အခါ ဦးဥတ္တမလမ်း အတိုင်း ချိုးဖို့ ပြင်နေတဲ့အချိန် လုံခြုံရေးအဖွဲ့တွေ ရောက်လာတယ်။ နောက် သံဃာတော်တွေကို ဘာဖြစ်တာလဲ ဘာညာမေးတယ်။ သံဃာတော်တွေက ဘာမှ မပြောဘူး၊ မင်းဘာကြီးလမ်း အတိုင်း မိနစ် ၃၀ လောက်ကြွချီပြီး နောက်ပိုင်း သံဃာတော်တွေက ပြုံးပြုံးလေးနဲ့ အောင်မြင်ပြီဆိုတဲ့ သဘောမျိုး လူစုခွဲလိုက်ကြတယ်။”

အဲလို ကြွချီကြတဲ့ သံဃာတော်တွေ အသံတိတ်မေတာပို့ ကြွချီကြပြီး ပြည်သူတွေက လမ်းဘေးဝဲယာကနေ ထွက်ပြီး ကြည်ညိုခဲ့ကြပါတယ်။ သံဃာတော်တွေအခုလို ကြွချီချိန်မှာ မိုးသည်းသည်းမည်းမည်း ရွာနေတာကြောင့် စစ်တွေမြို့ ပေါ်က လုံခြုံရေးတွေက အစပိုင်းမှာ သတိ မထားမိလိုက်ဘူးလို့ ဆိုပါတယ်။

ညနေပိုင်းမှာတော့ ကျောင်းတိုက်က ဦးပဉ္ဇင်းတပါးကို အာဏာပိုင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆက်ပြောပါတယ်။ ခေါ်ဆောင်သွားတဲ့ ဦးပဉ္ဇင်းကို အခုနောက်ဆုံးဆက်သွယ်တဲ့အချိန်ထိ ပြန်မလွတ်သေးဘဲ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရဘူးလို့ စစ်တွေမြို့ ခံက ပြောပါတယ်။

အခြားစစ်တွေမြို့ ခံနောက် တယောက်ကတော့ သံဃာတော်အပါး ၅၀ လောက်ဟာ ဘီလူးမ တံတား ကနေ မိနစ်၂၀လောက် ကြွချီခဲ့တယ်။ နောက်ပိုင်းမှာ သံဃာတော် လေးပါးလောက် အနည်းဆုံး အဖမ်းခံရတာကို ကြားသိရကြောင်း ပြောပါတယ်။

စစ်တွေမြို့ က ဘုန်းတော်ကြီးကျောင်းတိုက်တွေကို မေးမြန်းကြည့်တဲ့အခါမှာ ဆွမ်းခံကြွတဲ့ သံဃာတော်တွေကို လိုက်တားပြီး လူစုတဲ့ ဦးပဉ္ဇင်းတပါးကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်ဆိုတာတော့ ကြားသိရကြောင်း ဆရာတော်တပါးက မိန်ကြားပါတယ်။

စစ်တွေမြို့ ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက လောင်စာဆီဈေးနှုန်းတွေ ကြီးမြင့်လာပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်လာချိန်မှာ သံဃာတော်တွေက ဦးဆောင်ပြီး ကုန်ဈေးနှုန်း ကျဆင်းစေဖို့ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။ အဲဒီ နောက်ပိုင်းမှာ ပခုက္ကူ မြို့က မေတ္တာပို့ လှည့်လည်တဲ့ သံဃာတော်တွေကို အကြမ်းဖက် ဖြိုခွဲခဲ့တဲ့နောက်မှာတော့ သံဃာတော်တွေက သပိတ်မှောက် ကံဆောင်ခဲ့ပါတယ်။ အဲလို မြန်မာပြည်က မြို့ ကြီးတွေကို ကူးစက်သွားပြီး မေတ္တာပို့ ဆုတောင်းလှည့်လည်ပွဲတွေ ဖြစ်ခဲ့တာကို စက်တင်ဘာလ ၂၇ ရက်နေ့မှာ စစ်အစိုးရက အကြမ်းဖက် ပစ်ခတ် နှိမ်နှင်း ဖြိုခွင်းခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG