မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေမှာ မြန်မာစစ်အစိုးရရဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ ကျေနပ်အားရစရာ မရှိသေးတဲ့အတွက် ကုလသမဂ္ဂနဲ့ အပြည့်အဝပူးပေါင်းဆောင်ရွက်ရမယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ဒ် မီလီဘန်း (David Miliband) က ပြောလိုက်ပါတယ်။ မနေ့က ကုလသမဂ္ဂမှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေး အဆင့်မြင့်အစည်းအဝေးတခုအပြီး အခုလိုပြောလိုက်တာဖြစ်ပါတယ်။ ကိုကျော်ကျော်သိန်းက ဆွေးနွေးပွဲအကြောင်း အပြည့်အစုံ တင်ပြထားပါတယ်။
မနေ့ကကျင်းပခဲ့တဲ့ အစည်းအဝေးအပြီး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ဒ် မီလီဘန်း သတင်းထောက်တွေ ကို ပြောပုံအရကတော့ မြန်မာစစ်အစိုးရရဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် အတွင်းရေးမှူးချုပ်ရဲ့ မိတ်ဆွေနိုင်ငံတွေ အနေနဲ့ အားမလိုအားမရ ဖြစ်ကြပုံရတာ ထင်ရှားပါတယ်။ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ တိုင်းရင်း သားလူမျိုးစုတွေအပေါ် ဖိနှိပ်မှုတွေအဆုံးသတ်ဖို့ တောင်းဆိုထားတဲ့အပြင် ကုလသမဂ္ဂက ကြားဝင် စေ့စပ်ပေးနေတဲ့ ပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်အပေါ် ထောက်ခံတဲ့အကြောင်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ရှင်းရှင်းလင်းလင်း ပြောဆိုထားခဲ့ပြီး ဖြစ်ပေမယ့် မြန်မာစစ်အစိုးရဘက်က အကောင်အထည်ဖော်တာကတော့ လုံလောက်တဲ့အဆင့်ကို မရောက်တဲ့အကြောင်း မစ္စတာမီလီဘန်း က ပြောပါတယ်။
“မြန်မာစစ်အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုဒီဂရီဟာ အပြည့်အဝမရှိပါဘူး။ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ တိုးတက်မှုတွေရဖို့ အတွက် မြန်မာစစ်အစိုးရအနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ သူ့ရဲ့အကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီတို့နဲ့ ပူးပေါင်း ဆောင်ရွက်ရမယ် ဆိုတာဟာ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေးမိတ်ဆွေတွေကိုင်စွဲထားတဲ့ အခြေခံမူဝါဒအဖြစ် ဆက်ရှိနေဆဲ ပါ။” လို့ ဒေးဗစ်ဒ် မီလီဘန်းကပြောပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ပြောသွားတဲ့အပေါ် ထပ်ပြီး အတည်ပြုပြောခဲ့သူကတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ တွဲဘက် ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဖာရန် ဟတ်ခ် (Faran Haq) ပါ။ မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတချို့ကို မကြာသေးခင်က လွှတ်ပေးခဲ့တဲ့အပေါ် မိတ်ဆွေနိုင်ငံတွေက အသိအမှတ်ပြု ပြောဆိုကြပေမယ့် ဒီ့ထက်ပိုလုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်တဲ့။
“နိုင်ငံတကာအသိုင်းအဝိုင်းက အဓိကထားတဲ့ကိစ္စရပ်တွေနဲ့ စိုးရိမ်ပူပန်မှုရှိတဲ့ ကိစ္စရပ်တွေ၊ အထူးသဖြင့်တော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ အစိုးရနဲ့ အတိုက်အခံတွေအကြား သက်ဆိုင်သူအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး စတင်ဖို့ကိစ္စတွေမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးနဲ့ ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ပိုပြီး အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုတွေလုပ်ဖို့လည်း မိတ်ဆွေနိုင်ငံတွေက မြန်မာအစိုးရကို အားပေး တိုက်တွန်းပါတယ်။” လို့ မစ္စတာ ဖာရင် ဟတ်ခ်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။
မြန်မာနိုင်ငံအရေးကိစ္စကို ကုလသမဂ္ဂမှာ ဆွေးနွေးပြောဆိုတိုင်း နိုင်ငံတွေကြားမှာ မတူကွဲပြားတဲ့ ရပ်တည်ချက်တွေ၊ သဘောထားတွေ ရှိကြတာကို တွေ့ရစမြဲပါ။ အထူးသဖြင့်တော့ တရုတ်၊ ရုရှားတို့လို လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေ၊ အိန္ဒိယ လို မြန်မာအစိုးရနဲ့ နီးနီးကပ်ကပ် ဆက်ဆံနေတဲ့နိုင်ငံတွေ၊ အရှေ့တောင် အာရှနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေကြားမှာ ကွဲပြားကြတာပါ။
ဒါပေမယ့် မနေ့ကအစည်းအဝေးမှာတော့ ဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်ပြီး ကုလသမဂ္ဂအနေနဲ့ ထဲထဲဝင်ဝင် တက်တက်ကြွကြွ ဆက်ပြီးလုပ်ဆောင်သွားဖို့ကို ပါဝင်သူအားလုံးက သဘောတူခဲ့ကြတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ကုလသမဂ္ဂက ဘာပဲပြောပြော၊ နိုင်ငံတကာအသိုင်းအဝိုင်းက ဘာပဲပြောပြော မြန်မာစစ်အစိုးရက ဂရုစိုက်လေ့ မရှိတာကြောင့် အခု ဆွေးနွေးတိုက်တွန်းတဲ့အချက်တွေကို မြန်မာအာဏာပိုင်တွေ လုပ်ဆောင်လာအောင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မိတ်ဆွေနိုင်ငံတွေက ဘယ်လို လုပ်ဆောင်ကြမယ်ဆိုတာက မေးခွန်းထုတ်စရာပါ။ ဒီအချက်ကြောင့်လည်း ကုလသမဂ္ဂအနေနဲ့ အတွင်းရေးမှူးချုပ်အဆင့်ရော၊ သူ့ရဲ့အကြံပေးပုဂ္ဂိုလ် အဆင့်မှာပါ ထိတွေ့ဆက်ဆံ လုပ်ကိုင်သွားဖို့ အရမ်း အရေးကြီးတာ ဖြစ်ပါ တယ်လို့ ဒေးဗစ်ဒ် မီလီဘန်း က ပြောပါတယ်။
“ဒီပြဿနာကို မျက်လှည့်ပြသလို ဖြေရှင်းနိုင်မယ့် အဖြေတခုခုရှိရင်တော့ တယောက်ယောက်က လုပ်ဆောင်ခဲ့ပြီးသား ဖြစ်မှာ အထင်အရှားပါ။ အမှန်ဖြစ်နေတာက စစ်အစိုးရဟာ အာဏာကို မလွှဲချင်ဘဲ မနာလိုဝန်တိုစွာ ဆုပ်ကိုင်ထားပါတယ်။ အင်မတန် အရေးကြီးတာတွေကတော့ ပထမအချက်၊ ပြီးခဲ့တဲ့နှစ်က အခြေခံဥပဒေကို ရုပ်ပြ အတည်ပြုပြဌာန်းခဲ့တဲ့ကိစ္စ ကျနော်တို့ လက်မခံပါဘူး၊ ဒုတိယအချက်၊ ကုလသမဂ္ဂက အတည်ပြုခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို အခိုင်အမာဆက်ပြီး ထောက်ခံနေဆဲရှိပါတယ် ဆိုတာ ပါပဲ။” လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ဒ် မီလီဘန်းက ပြောသွားတာပါ။
ပြီးခဲ့တဲ့နှစ်မေလမှာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်အပြီး ရက်ပိုင်းအတွင်းမှာပဲ အခြေခံဥပဒေမူကြမ်းကို လူထုဆန္ဒခံယူပွဲ လုပ်ခဲ့တဲ့အပေါ် မြန်မာစစ်အစိုးရကို ပြည်တွင်း ပြည်ပက အပြင်းအထန်ဝေဖန်ကြပါတယ်။ ဒါပေမယ့် မြန်မာအာဏာပိုင်တွေက တော့ ၂၀၁၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲတွေလုပ်ဖို့တောင် ကြေညာထားပြီးသားပါ။ အဲဒီရွေးကောက်ပွဲတွေ ကျင်းပမယ့် ပုံသဏ္ဌာန် နဲ့ပတ်သက်ပြီး စိုးရိမ်မိတဲ့အကြောင်း စင်္ကာပူနိုင်ငံခြားရေဝန်ကြီး ဂျော့ဂျ် ယို (George Yeo) ကလည်း မနေ့ကပြောပါတယ်။
“စစ်ဘက်က အသာစီးရအောင် အခြေအနေကို ဖန်တီးမှာဖြစ်ပေမယ့် ရှုထောင်တခုကနေ ကြည့်မယ်ဆိုရင် တိုးတက်မှုလုံးလုံးမရှိ တာထက် တိုးတက်မှုတချို့ ရှိတာက ပိုကောင်းတယ်လို့ ကျနော်ယုံကြည်ပါတယ်။ ပြဿနာက ဒီလုပ်ငန်းစဉ်ထဲမှာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် NLD ပါဝင်မှုမရှိဘူး၊ သူတို့ ရွေးကောက်ပွဲမဝင်ဘဲ နေနိုင်တယ်၊ သူတို့မပါဘူးဆိုရင်တော့ နိုင်ငံဟာ ဆက်ပြီး ကွဲပြားနေဦးမှာဖြစ်ပြီး ပြဿနာကလည်း မဖြေရှင်းနိုင်သေးဘဲ ဆက်ရှိနေဦးမှာပါ။” လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျော့ဂျ်ယိုက ပြောပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် အီဗရာဟင်မ် ဂမ်ဘာရီ ပြီးခဲ့တဲ့သြဂုတ်လ မြန်မာနိုင်ငံ ကို သွားရောက်ချိန်တုန်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင် မြန်မာနိုင်ငံကိုလာရောက်ပြီး နိုင်ငံရေးရာကိစ္စရပ်တွေကို မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးပြောဆိုဖို့ ရှိတဲ့အကြောင်း ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် မနေ့ကအစည်းအဝေးအပြီး ဗြိတိန်နိုင်ငံ ခြားရေးဝန်ကြီးကရော၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တွဲဘက်ပြောရေးဆိုခွင့် ရှိသူကပါ မစ္စတာ ဘန် ကီ-မွန်း မြန်မာနိုင်ငံ သွားမယ် မသွားဘူးဆိုတာ တိတိကျကျ မပြောခဲ့ကြပါဘူး။ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးကတော့ ဒီလိုခရီးစဉ်မျိုးဟာ ခပ်ပေါ့ပေါ့လုပ်ရမယ့် ကိစ္စမဟုတ်ဘဲ အချိန်အခါကို ဂရုတစိုက်ရွေးချယ်ရမယ့် ကိစ္စဖြစ်ပြီး ရှင်းလင်းသိသာတဲ့ တိုးတက်မှုတွေမရှိဘဲ မသွားသင့်ဘူး၊ ဒါပေမယ့် အတွင်းရေးမှူးချုပ်ရဲ့ အချိန်အခါသင့်
ဝင်ရောက် ဆောင်ရွက်မှုဟာ အင်မတန်အရေးကြီးပါတယ်လို့ဆိုပါတယ်။
ဒီအစည်းအဝေးဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံများ အုပ်စုက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်တဲ့ ပထမဆုံး အဆင့်မြင့် အစည်းအဝေး ဖြစ်ပါတယ်။ အစည်းအဝေးကို စုစုပေါင်း ၁၅ နိုင်ငံ တက်ရောက်တဲ့ ထဲမှာ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့အပြင် သြစတြေးလျ၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ နော်ဝေး၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး အရှေ့တောင်အာရှ နိုင်ငံတွေ ဖြစ်ကြတဲ့ အင်ဒိုနီးရှား၊ စင်္ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတွေကတော့ လေ့လာသူတွေ အဖြစ် တက်ရောက်ခဲ့ကြပါတယ်။
ဒီအစည်းအဝေးဟာ ၆၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကာလအတွင်း သီးခြားအစည်းအဝေးတခု အနေနဲ့ ကျင်းပတာ ဖြစ်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားမယ့်ရက်မတိုင်ခင် နှစ်ရက်အလိုမှာ ကျင်းပတာပါ။ ဒီအစည်းအဝေးအပေါ် မြန်မာအာဏာပိုင်တွေဘက်က တခုခု တုန့်ပြန်တာကိုတော့ ခုချိန်ထိ မကြားရသေးကြောင်းပါ။