အမေရိကန်ပြည်ထောင်စုက အကျပ်အတည်း တွေ့နေတဲ့ ဘဏ္ဍာရေုးလုပ်ငန်းကို ကူညီမယ့် အစီအစဉ်အပေါ်မှာ တနင်္လာနေ့ ဈေးကွက် ပြန်မဖွင့်ခင် သဘောတူညီမှု ရဖို့ မျှော်လင့်ကြောင်း အမေရိကန် ဥပဒေပြု အမတ်တွေက ပြောပါတယ်။
ညမရောက်ခင်မှာ မူအားဖြင့် သဘောတူညီချက် ရဖို့ မျှော်လင့်တယ် လို့ အောက်လွှတ်တော် ဥက္ကဌ နန်စီ ပလိုစီ က ပြောကြားပါတယ်။ ဒါပေမယ့် အောက်လွှတ်တော်ရော အထက်လွှတ်တော်ရောက ရီပါပလစ်ကန် အမတ်တွေ ကတော့ ထပ်ပြီးတော့ ညှိနှိုင်းဖို့ လိုအပ်သေးတယ်လို့ ဆိုပါတယ်။
အခု အဆိုပြုထားတဲ့ ငွေကြေး အကျပ်အတည်း ကယ်ဆယ်ရေး အစီအစဉ်ဟာ လူထု အကျိုးစီးပွားအတွက် ဖြစ်တယ်လို့ သမ္မတ ဘုရှ် က သူ့ရဲ့ အပတ်စဉ် စနေနေ့ ရေဒီယို မိန့်ခွန်းမှာ ပြောကြားသွားခဲ့ပါတယ်။
Wall Street ဘဏ္ဍာရေး ရပ်ကွက်က ရင်းနှီးမြှုပ်နှံသူတွေရဲ့ အမှားကြောင့် ပြည်သူ့ဘဏ္ဍာတွေ သုံးစွဲပစ်ရမယ် ဆိုတာ မတရားဘူး ဆိုတာ သူ နားလည်ပါတယ်။ ဒါပေမယ့် ဘဏ္ဍာရေးစနစ် အကျပ်အတည်း ဖြစ်ရင် နိုင်ငံသားတွေ စီးပွားရေး ကျပ်တည်းကြလိမ့်မယ်လို့ သမ္မတ ဘုရှ် က ပြောသွားပါတယ်။
အကျပ်အတည်း ဖြစ်နေတဲ့ ဘဏ္ဍာရေး လုပ်ငန်းတွေက တန်ဖိုးကျ ရင်းနှီးမြှုပ်နှံမှုတွေကို ၀ယ်ယူဖို့ ဒေါ်လာ သန်း ၇ သိန်း သုံးစွဲဖို့ အစီအစဉ်ကို အမေရိကန် အများစု ကန့်ကွယ်တယ် ဆိုတာကိုတော့ ပြည်သူ့သဘောထား ကောက်ယူချက်မှာ တွေ့ရှိရပါတယ်။