သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေကြေးဈေးကွက် ပြန်ခိုင်မာအောင် လုပ်ဆောင်ရေး အစီအစဉ် အမေရိကန် လွှတ်တော် နှစ်ရပ်က သဘောတူလိုက်ပြီ


အမေရိကန် နိုင်ငံက ကြွေးဆုံးတွေနဲ့ အကျပ်ရိုက်နေတဲ့ အကြီးစား ရင်းနှီးမြုပ်နှံမှု ကုမ္မဏီကြီးတွေကို အစိုးရက ပြန်လည် ဝယ်ယူ အဖတ်ဆယ်မည့် အစီအစဉ်ကို လွှတ်တော်က ဥပဒေပြုသူတွေနဲ့ သမ္မတ Bush အစိုးရတို့အကြား ယာယီ သဘာတူညီချက် တရပ် ရရှိသွားခဲ့ပါတယ်။ အထက်နဲ့အောက်လွှတ်တော်တွင်း အဓိက ဦးစီး ညှိနှိုင်း ဆွေးနွေးသူတွေနဲ့ ဘဏ္ဍာရေး ဝန်ကြီး Henry Paulson တို့က ဒီ နေ့ (တနင်္ဂနွေ) အစောပိုင်းပိုင်းမှာ ဒါကို ကြေညာခဲ့တဲ့အကြောင်း VOA သတင်းထောက် Dan Robinson သတင်းပေးပို့ထားပါတယ်။ နော်ရှိုးက တင်ပြပေးပါတယ်။

သမ္မတ Bush ရဲ့ အကျပ်ရိုက်နေတဲ့ ရင်းနှီးမြုပ်နှံမှု ကုမ္မဏီက ကြွေးဆုံးတွေကို ဝယ်ယူမယ့်အစီအစဉ်ကို အမေရိကန် အစိုးရ အကြီးအကဲတွေက ပြီးခဲ့တဲ့ နှစ်ရက်ဆက်တိုက် နေ့ရောညပါ ဆွေးနွေးခဲ့ကြပါတယ်။ စနေ့နေ့ တညလုံး ညဉ့်နက်တဲ့အထိ အကြိတ်အနယ် ဆွေးနွေး ငြင်းခုံခဲ့ကြရတာမို့ ပင်ပန်းနေဟန်ရှိပေမဲ့ ကျေနပ် အားရနေပုံရတဲ့ အထက်နဲ့ အောက်လွှတ်တော်က အမတ်တွေက မနေ့ည သန်းခေါင်းအကျော် ဒီနေ့မနက် ၁၂း၃၀ မှာ Capitol ခေါ် အစိုးရ အဓိက အဆောက်အဦကြီး ရှေ့မှာ သတင်းထောက်တွေကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ အောက်လွှတ်တော်ရဲ့ သဘာပတိဖြစ်သူ Nancy Pelosi နဲ့ အထက်လွှတ်တော် အများစုခေါင်းဆောင် Harry Reid

“ကျမတို့ဟာ ခိုင်မာတဲ့ တိုးတက်မှု တရပ်ကို ရရှိနိုင်ခဲ့ကြတာပါ။ ကျမတို့အနေနဲ့ စာရွက်ပေါ်မှာ သဘောတူညီထားတဲ့ အတိုင်း တကယ်ပဲ လက်တွေ့မှာ ဆက်ပြီး အကောင်ထည်ဖော် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။”

ဒီတညလုံး အကြိတ်အနယ် ဆွေးနွေးငြင်းခုံပြီးမှာ ရရှိလာတဲ့ ဒီသဘာတူညီချက် မူကြမ်းကို တနင်္လာနေ့ လွှတ်တော်မှာ တရားဝင် တင်သွင်းနိုင်ဖို့အတွက် လွှတ်တော်က ဝန်ထမ်းတွေက တနင်္ဂနွေနေ့ မိုးလင်းပေါက် အထိ ဆွေးနွေး သဘောတူညီခဲ့သမျှကို စာရေး မှတ်တမ်းတင်ပြီး အချောသပ်ခဲ့ကြတာ ဖြစ်ပါတယ်။

“ကျနော်တို့ဟာ အင်မတန်မှ အရေးကြီးတဲ့ လုပ်ငန်းတာဝန်ကို လုပ်ဆောင်ခဲ့ကြတာပါ၊ ငွေကြေး ဈေးကွက်ကို ပြန်လည် တည်ငြိမ် လာစေဖို့၊ အခွန်ထမ်း ပြည်သူတွေအပါအဝင်၊ အမေရိကန် ပြည်သူတွေ အားလုံးကို ဖြစ်နိုင်သမျှ အကောင်းဆုံး ကာကွယ်နိုင်ဖို့ ရတဲ့နည်းနဲ့ကြိုးစားခဲ့ကြတာပါ။”

သမ္မတ Bush ရဲ ့ မူလ အဆိုပြုချက်အရ အကျပ်ရိုက်နေတဲ့ ရင်းနှီးမြှုပ်နှံမှု ကုမဏီတွေကို ဒေါ်လာ Billion ပေါင်း ၇၀၀ နဲ့ ကယ်တင်နိုင်ခြင်း အားဖြင့် အမေရိကန် ချေးငွေဈေးကွက်ကို လုံး၀ ပြိုလဲမသွားရလေအောင် ကာကွယ်ဖို့ ဖြစ်ပါတယ်။
ဒါပေမယ့် အစိုးရအနေနဲ့ အခွန်ငွေကို သုံးမယ့် ပမာဏဟာ များလွန်းတယ်လို့ ပြည်သူအများက ညီးညူကြတာရယ် သတင်း မီဒီယာတွေရဲ့ တုံ့ပြန်ချက်တွေကြောင့် လွှတ်တော်က တုံ့ဆိုင်းခဲ့ပြီး၊ ပိုမိုခိုင်မာတဲ့ ကြီးကြပ် ကွတ်ကဲမှုနဲ့ အလွဲသုံးစားမှုတွေကို သေသေချာချာ တိုင်းတာ ကြပ်မတ်နိုင်တဲ့ အချက်တွေပါဖို့ တောင်းဆိုခဲ့ကြပါတယ်။

အရင် အပတ်တုံးက သမ္မတရဲ့ အဆိုပြုချက်မှာပါတဲ့ အခြေအခံ အကြောင်းအရာတွေ အပေါ်မှာ ကနဦး သဘောတူညီချက် ရရှိခဲ့ပေမယ့် အောက်လွှတ်တော်က Republican အမတ်တွေက ဒီအဆိုပြုချက်မှာပါတဲ့ အချက်တချို့ ကို ပြောင်းလဲဖို့ ဖိပြီး တိုက်တွန်းခဲ့ပါတယ်။

အောက်လွှတ်တော် Republican အမတ် Roy Blunt က နောက်ဆုံး ဒီမနက် အစောပိုင်းတုန်းက ရရှိသွားတဲ့ သဘောတူညီချက် အပေါ် ယုံကြည်စိတ်ချမှုရှိတယ် ဒါပေမဲ့ ဒါဟာ ယာယီပဲ ဖြစ်သေးတာဖို့ အသေးစိတ် အချက်အလက်တွေကို နောက်ဆုံးအနေနဲ့ အဆုံးသပ်ဖို့ရှိသေးတယ်လို့ အခုလို ပြောပါတယ်။

ဒီနေ့ နှောင်းပိုင်းမှာ ဒီသဘောတူညီချက်ရဲ့ အသေးစိတ် အချက်အလက်တွေကို ကြားကြရဖို့ရှိပါတယ်။ ဒါပေမဲ့ အောက်လွတ်တော် ငွေးကြေးဆိုင်ရာ ကော်မတီ သဘာပတိ Barny Frank က ဒီယာယီ သဘောတူညီချက်ဟာ အပြန်အလှန် တကယ်ပဲ့ အလျှော့အတင်း ညှိနှိုင်းတာကနေ ထွက်ပေါ်လာတဲ့ ရလာဒ်လို့ ဆိုပါတယ်။

“ဒါဟာ အကြိတ်အနယ် ဆွေးနွေးငြင်းခုံသူတွေအကြား အမှန်တကယ် အလျှော့အတင်းလုပ်ခဲ့ကြတာပါ။ သမ္မတ Bush ရဲ့ မူလအဆိုပြုချက်အပေါ်မှာ ပိုပြီးတန်ဖိုးရှိတဲ့ အချက်တွေကို ထပ်ဖြည့်ဆွက်နိုင်ခဲ့ပါတယ်။”

ဒီယာယီ သဘာတူညီချက် မူကြမ်းမှာ အစိုးရအနေနဲ့ အမေရိကန် ပြည်သူတွေကို ကာကွယ်ဖို့အတွက်သုံးမယ့် ဒီ billion ၇၀၀ ထဲကငွေတွေ အကြပ်ရိုက်နေတဲ့ ရင်းနှီးမြုပ်နှံမှု ကုမ္မဏီ အကြီးအကဲတွေရဲ့ အိတ်ကပ်ထဲကို မရောက်သွားဖို့ ကြပ်ကြပ်မတ်မတ် စီစစ်ကြရမယ့် အချက်တွေ ပါဝင်ပါတယ်။

အရင်ပတ်တုန်းကလည်း သမ္မတလောင်း John McCain က သူ့ပြိုင်ဖက် ဒီမိုကရက်တစ်သမ္မတလောင်း Barack Obama နဲ့ ပထဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင် နှစ်ဦးသား အကြိတ်အနယ် ဆွေးနွေးမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းဖို့ တောင်းဆိုခဲ့တာကြောင့် Democratic ပါတီဘက်က ဒါဟာ Mr. McCain အနေနဲ့ ငွေကြေး ဈေးကွက်ပြသနာ ကို အကြောင်းပြုပြီး သူ ရဲ့ စီးပွားရေး ကဏ္ဍမှာ ပြည်သူတွေ သူ့အပေါ် ယုံကြည်မှု ပိုလာအောင် ကြိုးစားတာဖြစ်တယ်လို့ စွပ်စွဲပါတယ်။

နောက်ဆုံးမှာတော့ John McCain နဲ့ Barack Obama ဟာ အိမ်ဖြူတော်မှာ သမ္မတ Bush နဲ့ တွေ့ဆုံပြီး နှစ်ဦးအကြား အကြိတ်အနယ် ထိပ်တိုက် ဆွေးနွေးမယ့် အစီအစဉ်ဟာ သတ်မှတ်ထားတဲ့ နေ့မှာပဲ ပြီးခဲ့တဲ့ သောကြာနေ့က ကျင်းပခဲ့ ပါတယ်ရှင်။


ဆက်စပ်သတင်းများ ...

XS
SM
MD
LG