သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ အဆုံးသတ်ရန် နိုင်ငံခြားရေးဝန်ကြီး တောင်းဆို


မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက
မြန်မာနိုင်ငံပေါ် ဒဏ်ခတ်အရေးယူမှု ပြုလုပ်တာ
ဟာ နိုင်ငံတကာဥပဒေနဲ့ ဆန့်ကျင်တဲ့အကြောင်း၊
လုံခြုံရေးကောင်စီမှာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့
လုံခြုံရေးကို ခြိမ်းခြောက်မှုမရှိတဲ့ ကိစ္စရပ်တွေကို
မဆွေးနွေးသင့်ကြောင်း၊ ၂၀၁၀ ပြည့်နှစ်မှာ
ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေပြီ
ဖြစ်ပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်
အောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း
ပြောပါတယ်။ ၆၃ ကြိမ်မြောက် ကုလသမဂ္ဂ
အထွေထွေညီလာခံအတွင်း မနေ့က သူ့ရဲ့
မိန့်ခွန်းထဲမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးက
ထည့်သွင်းပြောကြားသွားတာပါ။ အပြည့်အစုံကို
အထွေထွေညီလာခံကျင်းပရာ နယူးယောက်ခ်မြို့မှာ ကိုယ်တိုင်သတင်းသွားယူနေတဲ့ ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ နိုင်ငံခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီးလို အဆင့်
မြင့်တာဝန်ရှိသူတွေ မိန့်ခွန်းပြောကြားတဲ့အခါ ကိုယ့်နိုင်ငံအကျိုးစီးပွားအတွက် အဓိက
ကျတဲ့၊ ဆက်စပ်နေတဲ့ ကမ္ဘာ့ကုန်သွယ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးရာ ကိစ္စရပ်တွေအပြင်
ကိုယ့်နိုင်ငံနဲ့ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကြား လက်ရှိဖြစ်ပေါ်နေတဲ့ စိုးရိမ်
မှုတွေ၊ ပြောဆိုဆွေးနွေးနေကြတဲ့ ကိစ္စရပ်တွေကိုလည်း ထည့်သွင်းပြောဆိုလေ့ ရှိကြပါ
တယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကတော့ အိပ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ်လို
ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေ၊ လူမှုရေး၊ စီးပွားရေးနဲ့ ပညာရေးဆိုင်ရာ ကိစ္စရပ်တွေ
မှာ အစိုးရအနေနဲ့ ဘယ်လိုဆောင်ရွက်နေပြီး အောင်မြင်မှုတွေ ဘယ်လိုရနေတယ်
ဆိုတာကို အကျယ်တဝင့် ပြောသွားပေမယ့် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး နိုင်ငံတကာ
အသိုင်းအဝိုင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ စိုးရိမ်မှုတွေ၊ လုပ်ဆောင်ဖို့ တိုက်တွန်းထားတာ
တွေနဲ့ ပတ်သက်ပြီး လုံး၀ ပြောဆိုသွားခြင်း မရှိပါဘူး။

မြန်မာအစိုးရအနေနဲ့ အဓိကထားတဲ့ ကိစ္စဖြစ်မယ်လို့ ပြောရင်ရတဲ့ ဒဏ်ခတ်ပိတ်ဆို့
အရေးယူမှုနဲ့ ပတ်သက်လို့ နိုင်ငံရေးနဲ့ လူမှုရေးဆိုင်ရာ တိုးတက်မှုတွေကို ဖွံ့ဖြိုးတိုးတက်
မှုကနေတဆင့်သာ ရရှိနိုင်မှာဖြစ်ပြီး စီးပွားရေးအရ အရေးယူမှုတွေနဲ့ မရရှိနိုင်ဘူးလို့
ပြောသွားပါတယ်။

"မိမိတို့နိုင်ငံအပေါ် တဖက်သတ် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားကြောင်း၊ ဒီလိုအရေးယူမှု
မျိုးတွေဟာ မလိုအပ်တဲ့အကြောင်း၊ နိုင်ငံတကာဥပဒေနဲ့လည်း ဆန့်ကျင်ကြောင်း၊ မျှတ
မှုမရှိရုံသာမက ကျင့်ဝတ်သိက္ခာနဲ့ ကိုက်ညီခြင်းလည်း မရှိကြောင်း၊ တန်ပြန်
သက်ရောက်မှုတွေဖြစ်စေပြီး နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေ
ကြောင်း၊ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုဟာ ပြဿနာကိုဖြေရှင်းဖို့ အဖြေမဟုတ်ကြောင်း"
ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုကို စောနိုင်သမျှ စောစောရုပ်သိမ်းနိုင်လေ မြန်မာနိုင်ငံဟာ ဒေသ
တွင်း စပါးကျီအဖြစ်၊ စွမ်းအင်အတွက် အားကိုးရတဲ့ အရင်းအမြစ်တခုအဖြစ် မြန်မြန်
ရောက်နိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု မရှိရတာဟာ ဒဏ်ခတ်အရေးယူမှုကြောင့်ဖြစ်တယ်လို့ အပြစ်တင်ပြောဆိုသွားတာပါပဲ။

ဒါ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကမ္ဘာ့အရေးကိစ္စတွေကို ကိုင်တွယ်
ဆောင်ရွက်တဲ့ ပုံစံအပေါ်မှာလည်း ဝေဖန်ပြောဆိုသွားပါသေးတယ်။

"နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုမရှိတဲ့ ကိစ္စရပ်တွေကို လုံခြုံရေး
ကောင်စီမှာ အလွတ်သဘောပဲဖြစ်ဖြစ်၊ တရားဝင်ပဲဖြစ်ဖြစ် ဆွေးနွေးဖို့ ကြိုးစားတာမျိုး
ဟာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ အချက်တွေနဲ့ ဆန့်ကျင်နေကြောင်း၊ ဒီအမြင်ဟာ
ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေထဲမှာ သိသိသာသာကို အများစုဖြစ်တဲ့ ဘက်မလိုက်
လှုပ်ရှားမှုအဖွဲ့ရဲ့ အမြင်နဲ့ ထပ်တူကျကြောင်း၊" ပြောသွားတဲ့အတွက် လုံခြုံရေးကောင်စီ
မှာ မြန်မာ့အရေးဆွေးနွေးတာဟာ မြန်မာအစိုးရစိုးရိမ်တဲ့ အခြေအနေတခုဖြစ်တယ်လို့
ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ချမှတ်ထားတဲ့ နိုင်ငံရေးလုပ်ငန်း
လမ်းစဉ် ၇ ရပ်မှာ ပဉ္စမအဆင့်ဖြစ်တဲ့ အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ်မှာ
ကျင်းပမှာဖြစ်ပြီး နိုင်ငံရေးအရ ဘယ်လိုဆက်စပ်ပတ်သက်မှုမျိုးပဲရှိရှိ နိုင်ငံသားတိုင်း
ဟာ နိုင်ငံရေးပါတီတွေ ဖွဲ့စည်းရေးနဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွေမှာ တန်းတူ
ညီမျှ အခွင့်အရေးရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

"လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရေးအတွက် အစိုးရအနေနဲ့ အစွမ်း
ကုန် လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ မကြာသေးခင်က ကျင်းပခဲ့တဲ့ လူထုဆန္ဒခံယူပွဲမှာ
ပြည်သူလူထု ဖော်ထုတ်ပြသခဲ့တဲ့ဆန္ဒကို လေးစားခြင်းအားဖြင့် နိုင်ငံတကာ အသိုင်း
အဝိုင်းဟာ မြန်မာ့ဒီမိုကရေစီရေး လုပ်ငန်းစဉ်ကို အကောင်းဆုံး အထောက်အကူပြုနိုင်
ကြောင်း၊" ပြောပါတယ်။

ဒါပေမယ့် နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ ဒီဆန္ဒခံယူပွဲဟာ လူထုဆန္ဒအစစ်အမှန်
ကို မှန်မှန်ကန်ကန် ရယူခဲ့တာမဟုတ်ဘဲ မသမာမှု အများအပြား ရှိခဲ့တယ်လို့
ထောက်ပြကြပြီး တချို့နိုင်ငံတွေကဆိုရင် ဒီရလဒ်ကို လက်မခံဘူးလို့တောင်မှ ပွင့်ပွင့်
လင်းလင်း ပြောထားတာ ရှိပါတယ်။

အစဉ်အဆက် မြန်မာနိုင်ငံခြားရေးဝန်ကြီးတွေ ကုလသမဂ္ဂမှာ ပြောခဲ့ကြတဲ့ မိန့်ခွန်းတွေ
လိုပဲ အင်အားကြီးနိုင်ငံတွေဟာ ကမ္ဘာ့ရေးရာတွေမှာ ကိုယ့်စိတ်ကြိုက် ခြယ်လှယ်ချုပ်
ကိုင်ဖို့ ကြိုးစားတယ်ဆိုပြီး ပြစ်တင်ဝေဖန်တဲ့ စကားတွေကိုလည်း ဦးဉာဏ်ဝင်းက
ထည့်သွင်း ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ကုလသမဂ္ဂနဲ့ ပိုပြီး နီးနီးကပ်ကပ်
ပူးပေါင်းဆောင်ရွက်ဖို့၊ ပိုပြီး အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေလုပ်ဖို့၊
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ ကုလ
သမဂ္ဂနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံတွေက မကြာ
သေးခင်ရက်ပိုင်းကပဲ တိုက်တွန်းခဲ့တဲ့အပေါ် ဦးဉာဏ်ဝင်းက ဘာမှ တုံ့ပြန်ပြောဆိုတာ
မျိုး၊ ကတိကဝတ်ပေးတာမျိုး မရှိခဲ့တဲ့အတွက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ
မြန်မာနိုင်ငံခြားရေးဝန်ကြီးတယောက် နှစ်စဉ်ပေးနေကြမိန့်ခွန်းထက် ပိုထူးခြားတဲ့
မိန့်ခွန်းတခု မဟုတ်ဘူးလို့ ဆိုရမှာပါ။

မနေ့က မိန့်ခွန်းပြောခဲ့ကြတဲ့အထဲ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျော့ချ်ယို (George
Yeo) လည်း ပါဝင်ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို
ဥပမာပေး ပြောကြားသွားပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မေလ နာဂစ်ဆိုင်ကလုန်း
မုန်တိုင်း တိုက်ခတ်ပြီးချိန်က အနောက်နိုင်ငံတွေကနေ စစ်သင်္ဘောတွေနဲ့ အကူအညီ
ပေးဖို့ ကမ်းလှမ်းခဲ့ကြောင်း၊ ဒါပေမယ့် မြန်မာစစ်အစိုးရက ဒါကို အကူအညီလို့မမြင်ဘဲ
စစ်ရေးခြိမ်းခြောက်မှုလို့မြင်ပြီး လက်မခံခဲ့ကြောင်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဆီကို
အကူအညီတွေပေးပို့မယ့် စစ်သားတွေကို ဒီသံသယက ဟန့်တားခဲ့တဲ့အတွက် မိမိတို့
စိတ်မသက်မသာ ဖြစ်ကြရကြောင်း ဂျော့ချ်ယိုက ပြောပါတယ်။

"ဒီအချိန်မှာ အာဆီယံက မြန်မာနိုင်ငံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကြား ဝင်ပြီး စေ့စပ်
ပေးနိုင်ခဲ့တယ်၊ ယုံကြည်မှု တည်ဆောက်ပေးနိုင်ခဲ့တယ်၊ ဒါကြောင့် အားလုံးမျှော်လင့်
ခဲ့ကြသလို နာဂစ်အပြီး ဒုတိယလှိုင်းလုံးကြီးသဖွယ် ရိုက်ခတ်လာဖို့ အလားအလာရှိခဲ့တဲ့
သေဆုံးမှုတွေ၊ ငတ်မွတ်ခေါင်းပါးမှုတွေ၊ ရောဂါဘယဖြစ်ပွားမှုတွေကို တားဆီးနိုင်ခဲ့
တယ်။ ဒါကို အာဆီယံတဖွဲ့တည်းအနေနဲ့ ဆိုရင်တော့ လုပ်ဆောင်နိုင်စွမ်း မရှိပါဘူး။
ကုလသမဂ္ဂရယ်၊ အာဆီယံရယ်၊ တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေရယ်၊ အတူတကွ
ပူးပေါင်းဆောင်ရွက်ခဲ့လို့သာ ဒုတိယလှိုင်းလုံး အန္တရာယ်တွေကို တားဆီးနိုင်ခဲ့ပါတယ်။"
လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျော့ချ်ယိုက ပြောသွားပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း ဒီနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ
မိန့်ခွန်းပြောကြားဖို့ ရောက်ရှိနေတဲ့ ရက်ပိုင်းတွေအတွင်း မနှစ်ကလို သူ့ကို အပြင်း
အထန် ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေတော့ မရှိခဲ့ပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG