သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ရင်းနှီးမြှုပ်နှံမှု တိုးများလာမှုကြောင့် မြန်မာ့ သဘာဝပတ်ဝန်းကျင် ထိခိုက်


မြန်မာနိုင်ငံတွင်း တရုတ်ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှု အရင်ကထက် ပိုမိုများပြားလာ
တဲ့အပေါ် ဒီရင်းနှီးမြှုပ်နှံမှုတွေကနေ ဒေသခံပြည်သူများ ထိခိုက်နစ်နာမှု၊ သဘာဝ
ပတ်ဝန်းကျင် ထိခိုက်မှုတွေ ရှိလာမှာကို စိုးရိမ်ရတယ်လို့ EarthRights International
(ERI) က ပြောပါတယ်။ ERI ရဲ့ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ စစ်တမ်းနဲ့ပတ်သက်လို့
ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

တရုတ်နိုင်ငံက ကုမ္ပဏီပေါင်း အနည်းဆုံး ၆၉ ခုဟာ မြန်မာနိုင်ငံရဲ့ ရေအားလျှပ်စစ်
လုပ်ငန်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း၊ သတ္တုမိုင်းလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံ
ထားကြပြီး အရင်နှစ်တွေကထက် တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုဟာ
ပိုမိုများပြားလာတယ်လို့ ERI စစ်တမ်းမှာ ထောက်ပြထားပါတယ်။ ဒီလို တရုတ်နိုင်ငံ
ဒီရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာနိုင်ငံရဲ့ အဓိက သဘာဝအရင်းအမြစ်တွေကို အသုံးချ
ထုတ်ယူနေပေမယ့် အခြား ဘေးထွက်ကိစ္စတွေကို အသေအချာ ကိုင်တွယ်မှုမရှိတာ
ကြောင့် ဒေသခံပြည်သူတွေကို ထိခိုက်မှု၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုတွေ
အတွက် စိုးရိမ်စရာဖြစ်လာတယ်လို့ ERI အမှုဆောင်ဒါရိုက်တာ ကစောဝါးက ပြောပါ
တယ်။

"လာလုပ်တဲ့အလုပ်တွေကို ကြည့်လိုက်ရင် သဘာဝပတ်ဝန်းကျင်ကို လုံး၀ ဂရုစိုက်မှု
မရှိဘူး။ ပြည်သူပြည်သားတွေ ဘာတွေထိခိုက်မယ်ဆိုတာ လေ့လာမှုမရှိဘူး။ သူတို့
လုပ်ချင်တိုင်း လုပ်နေတယ်ဆိုတာ အင်မတန် သတိထားဖို့ကောင်းတယ်ဆိုတာတော့
ကျနော့်အနေနဲ့ တင်ပြချင်ပါတယ်။ ကျနော်တို့မြန်မာပြည်ရဲ့ သယံဇာတတွေက အများ
ကီးရှိတယ်ဆိုပေမယ့် တရုတ်နိုင်ငံက ယူချင်သလိုယူ၊ သုံးချင်သလိုသုံး၊ လုပ်ချင်သလို
လုပ်ဆိုတော့ ကျနော်တို့က စိတ်မကောင်းစွာနဲ့ပဲ ကြည့်နေရတဲ့အပေါ်မှာ ဒီအစီရင်ခံစာ
ကို ထုတ်ပြန်ခြင်းဖြစ်ပါတယ်။"

အခု ကိုကစောဝါးတို့ တွေ့ရတဲ့အထဲမှာ တရုတ်ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုက ဘယ်လို
ဒေသတွေမှာ အများဆုံးလဲ။

"မြန်မာနိုင်ငံ အထက်ပိုင်းတွေမှာတော့ များတာသေချာတယ်။ ဒါပေမယ့် အခု ရွှေ
ဂက်စ်ပိုက်လိုင်းနဲ့ပတ်သက်ပြီး ဖြစ်လာမယ်ဆိုရင် ကျနော်တို့စိုးရိမ်တာ သဘာဝ
ပတ်ဝန်းကျင် ပျက်စီးမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီးဖြစ်လာမယ်
ဆိုတာ ကြိုတင်ပြီး တွက်လို့ရပါတယ်။"

အနောက်နိုင်ငံ အစိုးရတွေကတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေမလုပ်ဖို့ စီးပွား
ရေးအရ အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေ ရှိပါတယ်။

မြန်မာနိုင်ငံမှာ အခုနောက်ပိုင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေမှာ တရုတ်နဲ့
အိန္ဒိယ အပြိုင်အဆိုင် လုပ်လာကြရာမှာ တရုတ်နိုင်ငံဘက်က ပိုပြီး အရေးပေးမှု ရနေ
တယ်လို့ ယူဆကြပါတယ်။ အမေရိကန်နိုင်ငံက ရှယ်ဗရွန်ရေနံကုမ္ပဏီကတော့ မြန်မာ
နိုင်ငံကနေ ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းဖို့ အတော်လေးကို ဖိအားပေးခံနေရပါတယ်။
အခုလို အနောက်နိုင်ငံအစိုးရတွေက အရေးယူပိတ်ဆို့မှုကြောင့် အနောက်နိုင်ငံ စီးပွား
ရေးကုမ္ပဏီတွေနေရာကို တရုတ်စီးပွားရေးကုမ္ပဏီတွေက ဝင်ယူလာတယ်လို့
ကစောဝါးက ပြောပါတယ်။

"အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှု လုပ်တဲ့အတွက် တရုတ်နိုင်ငံက ဒါကိုကြည့်
ပြီးတော့ အမြတ်ထုတ်တဲ့ပုံစံနဲ့ ပိုပြီးလုပ်ကြပါတယ်။ အထူးသဖြင့် ကျနော်တို့ဖြစ်နေတဲ့
ပြဿနာက အနောက်နိုင်ငံတွေက လာပြီး ရင်းနှီးမြှုပ်နံှမယ်ဆိုရင် သူတို့နဲ့ တိုင်ပင်
ညှိနှိုင်းပြီး သူတို့ကို လူ့အခွင့်အရေး ချိုးဖောက်တယ်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်
တယ်လို့ပြောရင် သူတို့အနေနဲ့ အနေအထားတခုမှာ ပြန်ပြီးတုံ့ပြန်ပါသေးတယ်။ တရုတ်
နိုင်ငံက တရုတ်ကုမ္ပဏီတွေကတော့ သူတို့ကိုဘာပြောပြော၊ လူ့အခွင့်အရေး ချိုးဖောက်
တယ်၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတယ်ပဲပြောပြော သူတို့က ဘာမှ မတုံ့ပြန်တဲ့အပြင်
ဂရုလည်းမစိုက်ဘူး။"

အနောက်နိုင်ငံက စီးပွားရေးလုပ်ငန်းတွေကို ဖိအားပေးနိုင်ခဲ့သလိုပဲ တရုတ်စီးပွားရေး
လုပ်ငန်းတွေကို မြန်မာနိုင်ငံတွင်း အခုလိုဖြစ်နေတာတွေကို ဂရုပြုလာစေရေး ဖိအား
ပေးနိုင်ဖို့ နည်းလမ်းတွေကိုလည်း သူတို့ရှာဖွေနေတယ်လို့ ကစောဝါးက ပြောပါတယ်။

ဒါပေမယ့်လည်း တရုတ်စီးပွားရေးကုမ္ပဏီတွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ
ဖြစ်တာ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေဖြစ်တာ အချက်အလက်တွေကိုတော့
စုဆောင်းရရှိဖို့ အတော့်ကို အခက်အခဲရှိနေတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ် တည်ဆောက်မှုလုပ်ငန်းတွေ သံလွင်မြစ်ကြော
တလျှောက်မှာ စစ်အစိုးရက စီမံနေရာမှာ ဒါဟာ ဒေသဖွံ့ဖြိုးရေးအတွက်လို့ ဆိုနေပါ
တယ်။ ဒါပေမယ့်လည်း ဒေသခံတိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒါဟာ
ဒေသဖွံ့ဖြိုးရေးထက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုဖြစ်စေတယ်၊ အတင်းအကျပ်
နေရပ်ပြောင်းခိုင်းမှု၊ အတင်းအကျပ် လုပ်အားပေးခိုင်းစေမှု စတဲ့ လူ့အခွင့်အရေး
ချိုးဖောက်မှုတွေ ဖြစ်လာတယ်လို့ ဆိုနေပါတယ်။ ဒီရေအားလျှပ်စစ်လုပ်ငန်းတွေမှာ
နည်းပညာအရရော ရင်းနှီးမြှုပ်နှံမှုအရပါ အများစုကတော့ တရုတ်ကုမ္ပဏီတွေ ဖြစ်ကြ
တယ်လို့ အခု ERI စစ်တမ်းမှာ တွေ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG