သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မိတ်ဆွေနိုင်ငံများ တွေ့ဆုံဆွေးနွေး


မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွေ နဲ့ ပတ်သက်ပြီး ကမ္ဘာ့အဆင့်မြင့် ခေါင်းဆောင်တွေပါဝင်တဲ့ မြန်မာ့အရေး အစည်းအဝေးတရပ်ကို ကုလသမဂ္ဂမှာ စက်တင်ဘာလ (၂၇)ရက်နေ့က ကျင်းပခဲ့ကြပါတယ်။

ဒီအစည်းအဝေးကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း (Ban-ki Moon) က ဦးဆောင် စီစဉ်ခဲ့တာဖြစ်ပြီး အတွင်းရေးမှုးချုပ်ရဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံများအုပ်စုက နိုင်ငံခြားရေး ဝန်ကြီးတွေတက်ရောက်တဲ့ ပထမဆုံး အစည်းအဝေးလည်းဖြစ်ပါတယ်၊ လုံခြုံရေး ကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှားနဲ့ တရုတ် နိုင်ငံတို့အပြင် သြစတေးလျ၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ နော်ဝေး၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက တာဝန်ရှိသူတွေ တက်ရောက် ခဲ့ပြီး အရှေ့တောင်အာရှ နိုင်ငံတွေဖြစ်ကြတဲ့ အင်ဒိုနီးရှား၊ စင်္ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေ ကတော့ လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေး ပြီးဆုံးတဲ့နောက် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျော့ချ်ရိုးက မြန်မာစစ်အစိုးရက ဆန္ဒခံယူပွဲကျင်းပပြီး အခြေခံဥပဒေမူကြမ်းကို အတည်ပြူခဲ့တာနဲ့ ပတ်သက်ပြီး - စစ်ဘက်က အသာစီးရအောင် အခြေအနေကိ ုဖန်တီးတာဖြစ်ပေမဲ့ ရှုဒေါင့်တခု ကနေ ကြည့်မယ်ဆိုရင်တော့ တိုးတက်မှု လုံးလုံးမရှိတာထက် တချို့ရှိတာက ပိုကောင်းတယ်လို့ ကျနော်ယုံကြည်ပါတယ်။ ပြသနာက အန်အယ်လ်ဒီက ဒီထဲ မှာ မပါပဲ ရွေးကောက်ပွဲ မဝင်ဘူးဆိုရင် ဆက်ပြီးကွဲပြားမှုတွေ ပြဿနာ တွေရှိနေအုံးမှာပါပဲ။

တဆက်ထဲမှာပဲ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မီလီဘန်းကလည်း -

အရေးအကြီးဆုံး ပြောဆိုချင်တာတခုကတော့ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာပြည်သူတွေကို ဘယ်တော့မှ မေ့မထားပါဘူး။ နိုင်ငံတွေအများကြီးထဲမှာ မြန်မာ့အရေးဟာ ထိပ်တန်းမှာ ရှိမနေပေမဲ့ အတွင်းရေးမှုချုပ် အနေနဲ့ရော အစိုးရတွေ အများကြီးအနေနဲ့ပါ မြန်မာ့အရေးအတွက် ဦးစားပေး စဉ်းစားပြီး အရေးကြီးတဲ့ ပြောဆိုမှုတွေကို လက်ရှိ လုပ်ဆောင်ခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲကို ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က (၆၃) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကာလအတွင်း သီးခြားတံခါးပိတ် အစည်းအဝေးတရပ် အဖြစ်ကျင်းပခဲ့တာဖြစ်ပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG