သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဏ္ဍာရေး အဖတ်ဆယ်မယ့် ဥပဒေကြမ်း အမေရိကန် အောက်လွှတ်တော် ပယ်ချ


အမေရိကန် ငွေကြေးဈေးကွက်သမိုင်းမှာ အစိုးရက ပုဂ္ဂလိကကို ငွေအလုံးအရင်းနဲ့
ဝင်ရောက်ကူညီရာမှာ အကြီးဆုံးလို့ ပြောရင်မမှားတဲ့ အရေးပေါ် ဥပဒေမူကြမ်း ပြီးခဲ့တဲ့
တနင်္ဂနွေနေ့က ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီနောက် ဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်ဖို့
အတွက် ပထမအဆင့်အနေနဲ့ မနေ့က အမေရိကန် အောက်လွှတ်တော်မှာ ထပ်မံ
အကြိတ်အနယ် ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရာမှာ ကန့်ကွက်မဲ ၂၂၈ မဲနဲ့ ထောက်ခံမဲ
၂၀၅ မဲ ရခဲ့တာကြောင့် အောက်လွှတ်တော်က ကန့်ကွက်ရာ ရောက်ခဲ့ပါတယ်။ တချိန်
တည်းမှာပဲ ဈေးကွက်မှာ ဘယ်လို ဂယက်ရိုက်သွားတယ်ဆိုတာ အောက်လွှတ်တော်
ဗွီအိုအေသတင်းထောက် တွမ်ရေးဗားစ် (Tom Rivers) နဲ့ လန်ဒန်က ဗွီအိုအေ
သတင်းထောက် ဒန် ရော်ဘင်ဆင် (Dan Robinson) တို့ သတင်းပေးပို့ထားတာကို
နော်ရှိုးက တင်ပြပေးထားပါတယ်။

အရေးပေါ်ငွေကြေးဥပဒေလို့ အမည်ရတဲ့ စာမျက်နှာ ၁၁၀ ရှိ ဥပဒေမူကြမ်းကို အမေရိ
ကန် အောက်လွှတ်တော် ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလီကန် အမတ်တွေကြားမှာ
သုံးနာရီကျော်ကြာ အကြိတ်အနယ် ဆွေးနွေးငြင်းခုံပြီး မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။
နောက်ဆုံးမဲရလဒ်ကို ကြေညာတဲ့အခါမှာတော့ ရီပတ်ဘလီကန်ဘက်က ကန့်ကွက်မဲ
၁၃၃ မဲ၊ ဒီမိုကရက်တစ်ဘက်က ကန့်ကွက်မဲ ၉၅ မဲ၊ စုစုပေါင်း ကန့်ကွက်မဲ ၂၂၈ မဲရှိပြီး
ထောက်ခံမဲက ၂၀၅ မဲသာ ရှိခဲ့ပါတယ်။ ဒါကြောင့် အောက်လွှတ်တော်တရပ်လုံးအနေနဲ့
ဒီအရေးပေါ်ငွေကြေး ဥပဒေမူကြမ်းကို အတည်မပြုနိုင်ဘဲ ကန့်ကွက်ခဲ့ရပါတယ်။

ဒီဥပဒေမူကြမ်းမှာပါတဲ့ အဓိက အချက်အလက်တွေအရ အစိုးရအနေနဲ့ အကြွေးဆုံးတွေ
ကို ဝယ်ယူနိုင်ဖို့၊ ငွေကြေးဈေးကွက်ကို ကြီးကြပ်ကွပ်ကဲဖို့ ဘုတ်အဖွဲ့တဖွဲ့ ဖွဲ့စည်းဖို့အပါ
အဝင် အိမ်ကြွေးမဆပ်နိုင်တဲ့ အမေရိကန်ပြည်သူတွေအနေနဲ့ သူတို့အိမ်တွေကို မဆုံးရှုံး
စေဖို့အပြင် အကျပ်ရိုက်နေတဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီအကြီးအကဲတွေ အနေနဲ့လည်း
ကုမ္ပဏီကထွက်ပြီးနောက် ရပိုင်ခွင့်ငွေ ပမာဏကို ကန့်သတ်နိုင်ဖို့အတွက် လုပ်ပိုင်ခွင့်
တွေ ရရှိလာမှာဖြစ်ပါတယ်။

ဒီဥပဒေမူကြမ်းဟာ အမေရိကန်ရဲ့ အဓိက နိုင်ငံရေးပါတီနှစ်ခုလုံးက ပါတီနိုင်ငံရေး
အပေါ်မှာ အခြေမခံဘဲ တိုင်းပြည်စီးပွားရေး ပြန်လည်တည်ငြိမ်ရေးကိုသာ ရှေးရှုပြီး
ရေးဆွဲခဲ့တယ်ဆိုပေမယ့် ရီပတ်ဘလီကန်ပါတီဘက်က ဒီမူကြမ်းထဲမှာပါဝင်တဲ့ အချက်
တချို့ကို ကန့်ကွက်ခဲ့ကြပါတယ်။

ရီပတ်ဘလီကန် အမတ်အများစုက ဒီဥပဒေမူကြမ်းဟာ ငွေကြေးဈေးကွက် မတည်ငြိမ်
တဲ့ဂယက်ကြောင့် အခက်တွေ့နေတဲ့ ပြည်သူတွေကို အကြွေးနွံမှာ ပိုနစ်စေမှာဖြစ်တဲ့
အပြင် ငွေကြေးဈေးကွက် ပြန်လည်တည်ငြိမ်ဖို့ထက် ကုမ္ပဏီကြီးတွေရဲ့အကျိုးကိုသာ
အသားပေးနေတာမို့ ထောက်ခံဖို့ ဝန်လေးခဲ့ကြတယ်လို့ ဆိုပါတယ်။

တက္ကဆက်ပြည်နယ် ရီပတ်ဘလီကန်အမတ်ဖြစ်သူ ဂျက် ဟန်ဆလင်းက သူ့ရဲ့ ဒီမူကြမ်း
အပေါ် သဘောမတူတာတွေနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။

"ကျနော်စိုးရိမ်တာက ဒီဥပဒေမူကြမ်းကနေ မရည်ရွယ်ဘဲနဲ့ ထွက်ပေါ်လာနိုင်တဲ့
ဆိုးကျိုးတွေပါ။ ဒါ့အပြင် ရည်ရွယ်ထားသလို လက်တွေ့မှာ မထမြောက်မှာကို စိုးရိမ်ပါ
တယ်။ နောက်ဆုံးမှာ အခွန်ထမ်းပြည်သူတွေပဲ ဆိုးကျိုးတွေ ဆက်ပြီး အမွေခံကြရမှာကို
စိုးပါတယ်။"

ဒီဥပဒေမူကြမ်းကို တနင်္လာနေ့ အမေရိကန်အောက်လွှတ်တော်မှာ အကြိတ်အနယ်
မဆွေးနွေးခင် အောက်လွှတ်တော် သဘာပတိဖြစ်သူ နန်စီ ပလိုစီကတော့ အောက်
လွှတ်တော်အနေနဲ့ ဒီမူကြမ်းကို အတည်ပြုမယ်ဆိုရင် ဒါဟာ နောက်ဆုံးမဟုတ်ဘူး၊
နောက်ထပ်ဆက်လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိသေးတယ်လို့ အခုလိုပြောပါတယ်။

"အမေရိကန်ပြည်သူတွေအနေနဲ့ ငွေကြေးအခက်အခဲ ပြဿနာကို ဆက်လက်ရင်ဆိုင်
နေကြရမယ် ဆိုရင်တော့ ကျမတို့က ဒီလိုပဲထားမှာ မဟုတ်ပါဘူး။ ကျမတို့အနေနဲ့
နောက်ထပ် ဆက်ဆွေးနွေးညှိနှိုင်းပြီး လိုအပ်တဲ့ ပြုပြင်ပြောင်းလဲ ပြင်ဆင်မှုတွေကို
စဉ်းစားအဖြေရှာကြမှာ ဖြစ်ပါတယ်။"

သမ္မတဘုရှ်ကလည်း အောက်လွှတ်တော်အမတ်တွေအနေနဲ့ ဒီဥပဒေမူကြမ်းကို
ထောက်ခံကြဖို့ ထပ်မံတိုက်တွန်းခဲ့ပေမယ့် နောက်ဆုံးမှာတော့ အောက်လွှတ်တော်
တရပ်လုံးအနေနဲ့ ဒီဥပဒေကို ငြင်းဆိုခဲ့ရပါတယ်။

အမှန်တကယ် အမေရိကန်အောက်လွှတ်တော်မှာ ဒီဥပဒေမူကြမ်းကို အတည်ပြုပြီးရင်
ဥပဒေတရပ်အနေနဲ့ အတည်ပြု ပြဋ္ဌာန်းနိုင်ဖို့အတွက် အထက်လွှတ်တော်က ထောက်ခံ
အတည်ပြုပြီးရင် သမ္မတက နောက်ဆုံး သဘောတူလက်မှတ် ရေးထိုးရမှာဖြစ်ပါတယ်။
ဒါပေမယ့် အောက်လွှတ်တော်မှာ အတည်မပြုနိုင်တာကြောင့် နောက်ထပ် ဘာဆက်
ဖြစ်မယ်ဆိုတာကတော့ မရေမရာ ဖြစ်နေပါတယ်။

တဆက်တည်းမှာပဲ အမေရိကန်လွှတ်တော်မှာ ဒီဥပဒေမူကြမ်းကို မဲပေးဆုံးဖြတ်နေတဲ့
အချိန်မှာ ဥရောပတခွင်က အစုရှယ်ယာဈေးတွေကတော့ ကျဆင်းသွားခဲ့ပါတယ်။
ဥရောပဈေးကွက်နဲ့ ဘဏ်တွေကတော့ ဒီဥပဒေမူကြမ်းဟာ တိုးပြီး အကျပ်ရိုက်လာနေ
တဲ့ ငွေကြေးဈေးကွက်ကို ဖြေဆည်ဖို့ လှိုက်လှိုက်လှဲလှဲမဟုတ်ဘဲ ဆန့်တငင်ငင်နဲ့သာ
လက်ခံခဲ့ကြပါတယ်။ ဂျာမဏီနိုင်ငံ ဖရန့်ဖွတ်၊ ပြင်သစ်နိုင်ငံ ပဲရစ်စ်နဲ့ ဗြိတိန်နိုင်ငံ
လန်ဒန်မြို့တော်တွေမှာတော့ အစုရှယ်ယာဈေးတွေ ထိုးကျပြီး ဘဏ်တချို့ဟာ သူတို့
ကိုယ်သူတို့ အကျပ်အတည်းထဲက အဖတ်ဆယ်နိုင်ဖို့အတွက် ဟစ်ကြွေးနေကြပါတယ်။

ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာပဲ ဥရောပဘဏ်နဲ့ ပေါထစ်ခေါ် အကြီးစား အာမခံကုမ္ပဏီကြီး
ရဲ့ တစိတ်တပိုင်းကိုလည်း နယ်သာလန်၊ ဘယ်လ်ဂျီယံနဲ့ လူဇင်ဘတ်အစိုးရတို့က
ဒေါ်လာ ၁၆ ဘီလီယံသုံးပြီး ပြည်သူပိုင်သိမ်းခဲ့ရပါတယ်။ အိုက်စ်လန်နိုင်ငံမှာလည်း
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ငွေကြေးဈေးကွက် အကျပ်ရိုက်မှု ပိုဆိုးလာတာကြောင့် အစိုးရ
က ဂလစ်နာခေါ် ပုဂ္ဂလိကဘဏ်ရဲ့ ၇၅% ကို ဝယ်ယူခဲ့ရပါတယ်။

အလားတူ ဗြိတိန်အစိုးရကလည်း ဘရက်ဒ်ဖော့နဲ့ ဆန်ထန်ဒါလို့ခေါ်တဲ့ ပုဂ္ဂလိကဘဏ်ရဲ့
နိုင်ငံအနှံ့မှာရှိတဲ့ ရုံးခွဲပေါင်း ၃၀၀ ကိုလည်း ပြည်သူပိုင် သိမ်းခဲ့ရပါတယ်။ ဒီလို ဥရောပ
အစုရှယ်ယာဈေး ဆက်ပြီးကျဆင်းနေတဲ့အချိန်မှာ သေချာတာတခုကတော့
အမေရိကန် ငွေကြေးဈေးကွက်က ဂယက်တွေကြောင့် အစိုးရက ပုဂ္ဂလိကဘဏ်တွေ
ကို ဝင်ကယ်ရတာဟာ ဥရောပမှာတော့ နောက်ဆုံးဖြစ်မှာမဟုတ်ဘူးလို့ သုံးသပ်သံတွေ
ကြားနေရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG