သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ဆူဒန်အပေါ် ပိုမိုဖိအားပေးဖို့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်များ တောင်းဆို


မြန်မာစစ်အစိုးရကို အားပေးထောက်ခံနေတဲ့ အာဆီယံ
အရှေ့တောင်အာရှ နိုင်ငံတွေဟာ လူ့အခွင့်အရေး
ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ ဆူဒန်အစိုးရကို
ကာကွယ်နေတဲ့ အာဖရိကသမဂ္ဂနဲ့ အတူတူဖြစ်နေ
တယ်ဆိုပြီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီး
တွေက ဝေဖန်လိုက်ပါတယ်။ ဒီအဖွဲ့အစည်းတွေဟာ
အဖိနှိပ်ခံနေရတဲ့ ပြည်သူတွေထက် ဖိနှိပ်သူ အစိုးရ
တွေဘက်က ရပ်တည်နေတယ်ဆိုပြီး ပြောဆိုဝေဖန်
လိုက်တာ ဖြစ်ပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦး
က တင်ပြပေးထားပါတယ်။

မနေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်း
ပွဲမှာ မြေမြှုပ်မိုင်းတားဆီးရေး လှုပ်ရှားသူ၊ ၁၉၉၇ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်
ဂျိုဒီ ၀ီလျမ်စ် (Jody Williams) က အာဆီယံ အရှေ့တောင်အာရှနိုင်ငံတွေကို ဝေဖန်
ပြောဆိုလိုက်တာပါ။

အာဆီယံနိုင်ငံတွေဟာ မြန်မာစစ်အစိုးရဆီကနေ သစ်နဲ့ ကျောက်မျက်ရတနာတွေ
ဝယ်ယူပြီး စစ်အစိုးရကို ငွေကြေးထောက်ပံ့နေတာမျိုးထက် မြန်မာနိုင်ငံမှာ လူ့အခွင့်
အရေးနဲ့ ဒီမိုကရေစီ ပေါ်ပေါက်လာအောင် ဖိအားပိုပေးဖို့ ဂျိုဒီ ၀ီလျမ်စ်က တိုက်တွန်း
တောင်းဆိုသွားတာ ဖြစ်ပါတယ်။

အာဆီယံဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ ဆူဒန်သမ္မတ အိုမာ
ဟာဆန် အယ်လ်ဘက်ရှား (Omar Al-Bashir) ကို ကာကွယ်ပေးနေတဲ့ အာဖရိကသမဂ္ဂ
လို မြန်မာစစ်အစိုးရဘက်က ရပ်တည်နေတယ်ဆိုပြီး ဝေဖန်ခဲ့တာဖြစ်ပါတယ်။

နယူးယောက်ခ်မြို့ WNYC အသံလွှင့်ဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ကင်ညာနိုင်ငံက
၂၀၀၄ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း
စောင့်ရှောက်ရေး လှုပ်ရှားသူ ၀မ်ဂရီ မန်သိုင်း (Wangari Maathai) လည်း ပါဝင်ပါ
တယ်။ ၀မ်ဂရီ မန်သိုင်းက အခုလို ပြောပါတယ်။

"မြန်မာနိုင်ငံမှာ ကျမတို့ရဲ့ ညီမဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့
ဆက်ပြီး အထိန်းသိမ်းခံနေရတဲ့ အခြေအနေအပေါ်မှာ အထူးပဲစိုးရိမ်ပါတယ်။ လူ့အခွင့်
အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေပြီး သတင်းလွတ်လပ်ခွင့်လည်း ပိတ်ပင်ကန့်သတ်
ခံနေရပါတယ်။ နာဂစ်မုန်တိုင်း တိုက်ပြီးတဲ့နောက် ထိခိုက်မှုတွေကိုလည်း ကျမတို့
မြင်နေပါတယ်။ ဆူဒန်နဲ့ မြန်မာနိုင်ငံဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက်
ကျမတို့ အထူးစိုးရိမ်မိတဲ့ နေရာနှစ်ခုဖြစ်ပါတယ်။"

နိုဘယ်လ်ဆုရှင် အမျိုးသမီး ၆ ဦး ပူးပေါင်းဖွဲ့စည်းထားတဲ့ Nobel Women Initiative
အဖွဲ့က ကမကထလုပ်ပြီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီး ၆ ယောက်ပါဝင်တဲ့
အဖွဲ့က ၂၀၀၆ ခုနှစ်မှာ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေ အပါအ၀င် ဆူဒန်
နိုင်ငံတောင်ပိုင်း၊ ချက်နဲ့ တောင်အာဖရိကသမဂ္ဂ ဌာနချုပ်တွေကို သွားရောက်ခဲ့ပါ
တယ်။ ဒီသွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး စုံစမ်းတွေ့ရှိချက်တွေကို မနေ့က
သတင်းစာရှင်းလင်းပွဲ ကျင်းပတာဖြစ်ပါတယ်။

ဆူဒန်နဲ့ မြန်မာဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တဲ့အချိန်၊ ဒီနှစ်နိုင်ငံက ဒုက္ခသည်
တွေရဲ့ အခြေအနေ ဆက်စပ်မှုတွေ ရှိနေတဲ့အကြောင်း နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်
ဂျိုဒီ ၀ီလျမ်စ်က ပြောပါတယ်။

တရုတ်နိုင်ငံဟာ ဒီနိုင်ငံ အစိုးရတွေဆီက ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေဝယ်ပြီး ဒီနိုင်ငံ
အစိုးရတွေ ဖိနှိပ်အုပ်ချုပ်နိုင်ဖို့ လက်နက်တွေ ပြန်ထောက်ပံ့နေတာကိုလည်း ဝေဖန်
ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG