သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီးလေးသီးအငြိမ့် ပြည်ပရောက် မြန်မာနိုင်ငံသားများအကြား လူကြိုက်များ


စက်တင်ဘာအရေးအခင်းအပြီးမှာ စစ်အစိုး
ရကို သရော်ထားတဲ့ ပြက်လုံးတွေကြောင့် မြန်မာပြည်သူတွေအကြားမှာ အထူးရေပန်း
စားနေတဲ့ သီးလေးသီးအငြိမ့်အဖွဲ့ဟာ ကမ်း
လှမ်းတဲ့သူတွေ အများအပြားရှိနေတာ
ကြောင့် အခုနှစ်ဆန်းပိုင်းမှာ ပြည်ပနိုင်ငံတွေ
မှာ ဆက်လက်ကပြဖြေဖျော်သွားမယ်လို့ဆိုပါ
တယ်။ ဒီသတင်းကို ထိုင်းအခြေစိုက် သတင်း
ထောက် ဦးမိုးဇော်က တင်ပြထားပါတယ်။

သီးလေးသီးဆေးရောင်စုံအငြိမ့်ဟာ ရန်ကုန်မြို့ မျှော်စင်ကျွန်းမှာကျင်းပတဲ့ တန်ဆောင်
တိုင်ပွဲမှာ မြန်မာစစ်အစိုးရကို သရော်ခဲ့တဲ့ ပြက်လုံးတွေကြောင့် နာမည်ကျော်ကြားခဲ့
တာပါ။ လူကြိုက်များတဲ့ပြက်လုံးကတော့ မချစ်မနှစ်သက်တဲ့သူ၊ ခိုးသူနဲ့ မင်းဟာ တယောက်တည်းဖြစ်သွားတာကြောင့် ရန်သူမျိုးသုံးပါးပဲ ကျန်တော့တယ်ဆိုတဲ့ပြက်လုံး
ဖြစ်ပါတယ်။

အခုအခါမှာ သီးလေးသီးအငြိမ့်အဖွဲ့ဟာ မလေးရှားနိုင်ငံမှာ ရောက်ရှိနေပြီး သူတို့ကို
ဖိတ်ခေါ်ရင် ဘယ်နိုင်ငံကိုမဆို သွားရောက်ကပြမှာဖြစ်တယ်လို့ လူရွှင်တော် ကိုစိန်သီး
က ပြောပါတယ်။
“ကျနော်တို့ကို ကမ်းလှမ်းထားတဲ့သူတွေ အများကြီးရှိပါတယ်။ ကျနော်တို့က ကျနော်
တို့ကို ကမ်းလှမ်းတဲ့သူမှန်သမျှ ဘယ်နိုင်ငံမှာမဆို သွားကပေးပါမယ်။ ဘာဖြစ်လို့လဲ
ဆိုတော့ ကျနော်တို့က အနုပညာသမားတွေလေ။ အနုပညာနဲ့ အသက်မွေးဝမ်း
ကျောင်း ပြုနေတာလည်း ပါတာပေါ့။ ပြီးတော့လည်း ပြည်သူတွေချစ်တဲ့ အနုပညာ သမားဆိုတော့လည်း ပြည်သူတွေခေါ်တဲ့နောက်ကို ဘယ်နိုင်ငံမဆို ကျနော်တို့က သွားရောက်ဖြေဖျော်ပါ့မယ်။ ဘယ်နိုင်ငံခေါ်ခေါ် ကျနော်တို့ သွားရောက်ကပြဖို့ အဆင်
သင့်ပါပဲ”

လွန်ခဲ့တဲ့လ ၃၀ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကပြရာမှာ ပရိသတ်
ငါးရာကျော်၊ ခြောက်ရာနီးပါး တက်ရောက်အားပေးခဲ့ပြီး ဒီအငြိမ့်ပွဲမှာ နိုင်ငံရေး
ပြက်လုံးတွေကို သဘောကျတယ်လို့ ပရိသတ်တယောက်က ပြောပါတယ်။
“ဒီသဘောကျစရာကိစ္စကတော့ မြန်မာပြည်နဲ့ပတ်သက်ပြီး အခုဖြစ်ပျက်နေတဲ့ကိစ္စတွေ
ကို ပြက်သွားတာပါ။ ဗမာပြည်အစိုးရနဲ့ ပတ်သက်ပြီးတော့ပေါ့လေ။ နောက် မလေးရှား
လည်း ဗမာပြည်လိုပဲပေါ့။ ဒီ ဝေလာတွေကအစ မြို့ထဲမှာလိုက်ပြီး ပိုက်ဆံတောင်းနေ
တာ အဲဒါမျိုးလေးတွေ ပြက်သွားတာရှိပါတယ်။ ဝေလာဆိုတာ ပြည်သူ့စစ်ပုံစံပေါ့။
ဗမာပြည်က ကြံ့ဖွံ့အတိုင်းပဲ။ အဲဒါမျိုးလေးတွေပေါ့”

သီးလေးသီးအငြိမ့်အဖွဲ့ရဲ့ခေါင်းဆောင် ကိုဂေါ်ဇီလာကတော့ သူတို့ပြက်လုံးတွေဟာ နိုင်ငံရေးသက်သက်ရည်ရွယ်ပြီး ပြက်လုံးထုတ်တာမဟုတ်ဘူးလို့ အခုလိုပြောပါတယ်။
“နိုင်ငံရေးပြက်လုံးရယ်လို့တော့ မဟုတ်ပါဘူး။ ကျနော်တို့က လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အပြုသဘောဆောင်ပြီးတော့ ပြက်လုံးလေးတွေ ထုတ်တာပါ။ နိုင်ငံရေးသက်သက်ချည်းတော့ မဟုတ်ပါဘူး”

အခုလ ၆ ရက်နေ့မှာတော့ မလေးရှားနိုင်ငံ ပီနန်မြို့မှာ ကပြမှာဖြစ်ပြီး နောက်ပိုင်းမှာ
စင်ကာပူ၊ ထိုင်း၊ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန် စတဲ့ နိုင်ငံတွေမှာ ကပြဖို့တော့ စီစဉ်ထားဆဲပဲဖြစ်တယ်လို့ သိရပါတယ်။

သီးလေးသီးအငြိမ့်အဖွဲ့ဝင်တွေဟာ တန်ဆောင်တိုင်ပွဲ ကပြပြီးတဲ့နောက်မှာ ယဉ်ကျေး
မှုဝန်ကြီးဌာနကနေ နုတ်ထွက်စာတင်ပြီး ပြည်ပမှာ လိုက်လံကပြနေကြတာ ဖြစ်ပါ
တယ်။ သူတို့ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အထက်လူကြီးတွေက နှုတ်အားဖြင့်
ပိတ်ပင်ခံထားရတယ်လို့ ဆိုပါတယ်။

တန်ဆောင်တိုင်ပွဲမှာ ကပြခဲ့တဲ့ သူတို့ရဲ့အငြိမ့်ခွေဟာ ပြည်တွင်းမှာသာမက ပြည်ပရှိ မြန်မာတွေအကြားမှာပါ ပျံ့နှံ့နေပြီး အထူးလူကြိုက်များ ထင်ရှားနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG