ထိုင်းနိုင်ငံတောင်ပိုင်းကို တရားမ၀င်
ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား တရာ
ကျော်ကို ထိုင်းလုံခြုံရေးတပ်တွေက ဒီနေ့ မနက်အစောပိုင်းက ဖမ်းဆီးလိုက်တယ်လို့
သိရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ရခိုင်
ပြည်နယ် မောင်းတောမြို့နယ်က လာရောက်
သူ ရိုဟင်ဂျာခေါ် မွတ်ဆလင်ဘာသာဝင်တွေ
ဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။
အခုဖမ်းဆီးရမိတာဟာ ဒီနှစ်အတွင်းမှာ တတိယအကြိမ် ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ခိုရတ်ဘူရီမြို့မှာ ဒီနေ့မနက် လေးနာရီလောက်က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ရဲစခန်းကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ အခြေခံလူထု လူ့အခွင့် အရေးပညာပေးဌာန၀န်ထမ်း ထိုင်းအမျိုးသမီးက အခုလိုပြောပြပါတယ်။
“အခု ရဲစခန်းမှာ ဖမ်းဆီးထားတဲ့သူ ၁၀၉ ယောက်ရှိတယ်။ နောက်ထပ် ထပ်ရောက်
လာမယ့်လူ ၂၀ လောက်ရှိတယ်။ လွတ်သွားတဲ့လူတွေကိုပါ ထပ်ဖမ်းဆီးမိရင် ၁၅၀
လောက်ရှိမယ်လို့ ခန့်မှန်းကြောင်း” ပြောသွားတာ ဖြစ်ပါတယ်။
ဖမ်းဆီးရမိသူတွေဟာ အမျိုးသားတွေချည်းဖြစ်ပြီး အသက် ၁၅ နှစ်အရွယ် လူငယ်
၃ ယောက်လည်း ပါဝင်ပါတယ်။ သူတို့အတော်များများမှာ ထိုင်းဖုန်းနံပါတ်တွေနဲ့
မလေးရှားကို ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေကိုလည်း တပါတည်းယူဆောင်လာကြ
တယ်လို့ ပြောပါတယ်။ အခုတော့ သူတို့ကို ခိုရတ်ဘူရီရဲစခန်းမှာ ထိန်းသိမ်းထားပါ
တယ်။ လွန်ခဲ့တဲ့ စနေနေ့ကလည်း ခိုရတ်ဘူရီမြို့နယ်အတွင်းမှာ ရခိုင်ပြည်နယ်က
မွတ်ဆလင်ဘာသာဝင် ၅၀ လောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
အခုလို ပြည်ပကို လှေစီးပြီး ထွက်ပြေးလာရတဲ့အကြောင်းကိုတော့ သူတို့နဲ့ တွေ့ဆုံခဲ့
တဲ့ အခြေခံလူထု လူ့အခွင့်အရေး ပညာပေးဌာနက ကိုမောင်ကိုက အခုလိုပြန်ပြောပါ
တယ်။
“သူတို့နယ်မှာ လယ်တွေ၊ မြေတွေ သိမ်းခံထိတယ်။ တပ်ကလည်း ဖိနှိပ်ချုပ်ချယ်လွန်း
အားကြီးတော့ သူတို့မှာ စားဝတ်နေရေး အခက်အခဲရှိတယ်။ နေရထိုင်ရတာလည်း
လုံးဝအဆင်မပြေဘူး။ သူတို့တွေက ရခိုင်ကနေ တိုက်ရိုက်လာကြတာ”
သူတို့တွေဟာ မလေးရှားနိုင်ငံကို အဓိကဦးတည်သွားရောက်ခဲ့တာ ဖြစ်တယ်လို့လည်း
ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ဖမ်းဆီးရမိသူတွေဟာ မြန်မာနိုင်ငံသားတွေတင်မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတချို့လည်း ပါဝင်နိုင်တယ်လို့ သုံးသပ်ပါတယ်။
ဖမ်းဆီးခံရသူတွေကိုတော့ ထိုင်းအစိုးရက မြန်မာနိုင်ငံကို ပြန်လည်လွှဲပြောင်းပေးလေ့
ရှိပါတယ်။ ဒီနှစ်အတွင်းမှာ အခုအချိန်ထိ ဖမ်းဆီးရမိသူ ရိုဟင်ဂျာလို့ခေါ်တဲ့ ရခိုင်
ပြည်နယ်မြောက်ပိုင်းက မွတ်ဆလင်ဘာသာဝင် စုစုပေါင်း ၁၅၀ လောက်ရှိပြီလို့ သိရ
ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းကလည်း အခုလို ရခိုင်ပြည်နယ်ကနေ လှေစီးပြီး ထိုင်းနိုင်ငံ
ကို တရားမ၀င် ၀င်ရောက်လာခဲ့သူ ၁၅၀၀ လောက် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။