သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်-ကျိုက္ခမီ ခရီးသည်တင်ကားတိမ်းမှောက်၊ လူအများအပြားသေဆုံး


ရန်ကုန်နဲ့ ကျိုက္ခမီအကြား ပြေးဆွဲနေတဲ့ ခရီးသည်တင်ဘတ်စ်ကားတစီး ချောက်ထဲ ထိုးကျသွားတဲ့အတွက် လူပေါင်း ၂၇ ယောက်လောက် သေဆုံးသွားခဲ့တယ်လို့ သိရ
ပါတယ်။ အကြောင်းစုံကို ဦးဝင်းအောင်က တင်ပြထားပါတယ်။

ရန်ကုန်ကနေ ကျိုက္ခမီကိုသွားတဲ့ အဝေးပြေးခရီးသည်တင်ကား ကျိုက်ထိုမြို့အဝင်မှာ မှောက်သွားတယ်လို့ ဆိုပါတယ်။ မြန်မာပြည်မှာ ခရီးသွားပြည်သူတွေဟာ ဘတ်စ်ကား
တွေကိုပဲ အဓိကထားပြီး သွားနေရပါတယ်။ အခင်းဖြစ်ပွားတဲ့ ကျိုက်ထိုမြို့က ဒေသခံ
တဦးကို ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလိုပြောပါတယ်။
“မှောက်တဲ့ကားကတော့ ရန်ကုန်နဲ့ ကျိုက္ခမီကိုပြေးတဲ့ ရောင်နီထွန်း မှန်လုံကား။
မနက် ၁၁ နာရီကျော်ကျော်လောက်မှာ ဖြစ်တယ်ဆိုတော့ ရန်ကုန်က မနက် ၆ နာရီခွဲ၊
၇ နာရီလောက်ထွက်လာတဲ့ကား ဖြစ်လိမ့်မယ်။ ဖြစ်တဲ့နေရာက ကျိုက်ထိုမြို့အဝင် ရန်ကုန်ဘက်ကလာရင် လက်ပြဆိုတဲ့ရွာ။ အဲဒီရွာက ကျိုက်ထိုနဲ့ဆို ၂ မိုင်လောက်ပဲ
ကွာတော့မယ်။ ကျိုက်ထိုမြို့ထဲဝင်တော့မယ်။ အဲဒီနားမှာ မြောင်းထဲကို ထိုးကျသွားတာ
ပဲ၊ ကားက။ အသေအပျောက်က ခရီးသည် ယောက်ျား ၁၁ ယောက်၊ မိန်းမ ၁၅
ယောက်၊ ဘုန်းကြီး ၁ ပါး၊ အားလုံးပေါင်းရင် ၂၇ ယောက်သေတယ်။ ၁၀ ယောက်
၁၅ ယောက်လောက် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ လူတွေအားလုံးတွေအားလုံးကို
လည်း ကျိုက်ထိုဆေးရုံမှာ တင်ထားတယ်”
ဖြစ်တဲ့အခြေအနေကို ကျိုက်ထိုမြို့ခံတဦး ပြောပြသွားတာပါ။

စိတ်ဝင်စားစရာကောင်းတာက ရန်ကုန်ကနေ မွန်ပြည်နယ်ဘက်ကိုသွားတဲ့ ဘတ်စ်
ကားတွေက အားလုံးလိုလို ကျိုက်ထိုကိုဖြတ်ကြတယ်။ နောက် ဒီရာသီကလည်း ဘုရား ဖူးရာသီဆိုတော့ ကျိုက်ထိုကလည်း ကျိုက်ထီးရိုးဘုရားရှိတော့ ဘုရားဖူးယာဉ်တွေက
လည်း များကြတယ်။ အဲဒီလို ဘတ်စ်ကားအများအပြား သွားတဲ့အခါ အကုန်လုံးလိုလို
က ကျိုက္ခမီကိုသွားကြတာမဟုတ်ဘဲ ကြားထဲမှာ ဆင်းတဲ့လူတွေလည်းရှိမယ်။ တခါ
ကျိုက္ခမီကနေ ခရီးဆက်မယ့်လူတွေလည်းရှိတော့ ဘယ်လိုကားမျိုးဖြစ်မလဲဆိုတာကို မေးမြန်းတဲ့အခါမှာ အဲဒီဒေသခံက အခုလိုဆက်ပြောပါတယ်။
“ကားလိုင်းတွေကတော့ အများကြီးပဲ။ အများကြီးပဲဆိုတာ ဘားအံဘက်ကိုပြေးတဲ့
ကားလိုင်းလည်းရှိတယ်၊ မြဝတီအထိပြေးတဲ့ ကားလိုင်းတွေလည်းရှိတယ်။ နောက်
မော်လမြိုင်ဘက်၊ ဘိတ်လောက်အထိကိုပြေးတဲ့ ကားလိုင်းတွေလည်းရှိတယ်။ သထုံ
ကားလိုင်းပေါ့။ လိုင်းတွေကတော့ အများကြီးပဲ။ အခုဖြစ်သွားတာက ကားအကြီးပေါ့။ ကားအကြီးကြီးဖြစ်သွားတော့လည်း တော်တော်ထူးဆန်းသလိုဖြစ်နေတယ်။ သေတဲ့
လူနဲ့၊ ကားအကြီးနဲ့ဆိုတော့ ဘယ်လိုဖြစ်ပြီးတော့ မှောက်တယ်ဆိုတာတော့ ပြောလို့
မရသေးဘူး။ ထိုးကျသွားတယ်ဆိုတာပဲ သိတယ်။ လမ်းဘေးကမြောင်းကလည်း
၁၀ ပေလောက် နက်တယ်ပြောတယ်။ အရှိန်တော်တော်ပြင်းပြင်း၊ ဘရိတ်ပေါက်
သလား ဘာလား အဲဒါတော့ သေသေချာချာ မသိသေးဘူး”

ဘတ်စ်ကားမှောက်လို့ အသေအပျောက်ရှိတယ်ဆိုတာ ထုံးစံလို့ဆိုနိုင်ပေမယ့် ဘာ
ကြောင့် အဲဒီလိုဖြစ်တယ်ဆိုတာကိုတော့ နောက်မှသိရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဖြစ်တဲ့
အထဲမှာ ဘယ်သူတွေပါသလဲ၊ ဘယ်လိုဖြစ်ကုန်ကျသလဲဆိုတာကိုတော့ သက်ဆိုင်ရာ
ကလည်း သိချင်ကြမှာဖြစ်ပေမယ့် အခြေအနေက အဲဒီလို သိခွင့်မရဘူးလို့လည်း အဲဒီ
မြို့ခံကပဲ ဆက်ရှင်းပြပါတယ်။
“သေတဲ့လူတွေက ဘယ်ကလဲဆိုတာလည်း သေချာမသိသေးဘူး။ အဲလိုဖြစ်နေတယ်။ ကားမှောက်တယ်တို့ ဘာတို့ကတော့ ကြားဖူးတာပေါ့။ ဒါပေမယ့် လူသေတယ်ဆိုလည်း
တယောက်စ နှစ်ယောက်စပါပဲ။ ကျိုက်ထီးရိုးကားလမ်းမှာသာ ချောက်ထဲထိုးကျသွား
လို့ အသေအပျောက်များတာမျိုးရှိပြီးတော့ အဲဒါတောင် လေးငါးခြောက်ယောက်
လောက်၊ အများကြီးပဲ အဲဒီလိုဖြစ်ဖူးပါတယ်။ ဒါပေမယ့် ဒီလောက်မဖြစ်ဖူးဘူး။ ဒါက
တော့ တော်တော်ပြင်းပြင်းထန်ထန်ဖြစ်တယ်လို့ ပြောရပါလိမ့်မယ်။ ကားလည်း ဘယ် လောက်ပြင်းပြင်းထန်ထန် မောင်းလာတယ်ဆိုတာလည်း ဘယ်သူမှမသိသေးဘူး။
အဲဒီမှာ လုံခြုံရေးတို့ ဘာတို့က ရှိနေတော့လည်း လူတွေက သိပ်အနားကပ်လို့ရတာ
မဟုတ်ဘူး။ သွားကြည့်လို့လည်း ဖြစ်တာမဟုတ်ဘူး”

ကြေးမုံသတင်းစာထဲမှာပါတာကတော့ အချင်းဖြစ်ပွားရာသို့ ပြည်နယ်အတွင်းရေးမှူးနဲ့
တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီနဲ့ မီးသတ်တပ်ဖွဲ့ဝင်များနဲ့ လူမှုရေး
အသင်းအဖွဲ့များက သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်
ကြပြီး ဒဏ်ရာရရှိသူများကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ဆေးဝါးကုသမှုများ
နဲ့ လိုအပ်တဲ့အကူအညီများ ဆောင်ရွက်ပေးနေတယ်လို့ ပါရှိပါတယ်။

ဒေသခံပြောတာကတော့ ဘယ်သူတွေသေသလဲ၊ ဘယ်သူတွေပါဝင်ကြသလဲ၊ ဆေးရုံမှာ တင်ထားတဲ့လူတွေကိုလည်း သွားပြီးတော့ ကူညီနိုင်မယ်၊ နောက်တခါ အနီးအနားမှာ
ရှိတဲ့ မိတ်ဆွေများကလည်း သွားရောက်ကူညီပံ့ပိုးနိုင်မယ်။ ဒါပေမယ့် အဲဒီလိုအခွင့်
အရေးများ မရကြဘူးလို့ ဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG