မြန်မာ့အိမ်နီးချင်းနိုင်ငံကြီးနှစ်ခုဖြစ်တဲ့ တရုတ်
နဲ့ အိန္ဒိယတို့ကို ခရီးထွက်နေတဲ့ ဗြိတိန်ဝန်ကြီး
ချုပ် ဂေါ်ဒွန်ဘရောင်း (Gordon Brown) ဟာ တရုတ်နိုင်ငံခရီးစဉ်အပြီး အိန္ဒိယနိုင်ငံကို
တနင်္ဂနွေနေ့က ရောက်ရှိခဲ့ပါတယ်။ အိန္ဒိယ
ဝန်ကြီးချုပ်နဲ့တွေ့ဆုံစဉ် နှစ်နိုင်ငံကိစ္စရပ်တွေ
အပြင် မြန်မာ့အရေးလည်း ဆွေးနွေးဖို့ရှိတယ်
လို့ သတင်းရပ်ကွက်တွေက ကိုးကားဖော်ပြကြ
ပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲဖော်
ဆောင်ဖို့ အိန္ဒိယ၊ တရုတ်အပါအ၀င် ဒေသ
တွင်းနိုင်ငံတွေနဲ့ အနောက်အုပ်စုအကြား အမြင်ချင်းမတူကြပေမယ့် ဦးတည်ချက်က
တော့ တူညီတာ တွေ့ရပါတယ်။ ဘယ်လိုတူညီ တာလဲဆိုတာနဲ့ မစ္စတာဘရောင်းရဲ့ ခရီးစဉ်အပေါ် မြန်မာ့အရေးသုံးသပ်သူတွေက ဘယ်လိုရှုမြင်တယ်ဆိုတာ ဒေါ်လှလှသန်းက စုစည်းတင်ပြထားပါတယ်။
အိန္ဒိယနိုင်ငံကို နှစ်ရက်ကြာရောက်ရှိနေတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းဟာ
မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖော်ဆောင်တဲ့ခြေလှမ်းတွေ သိသာစွာ တိုးတက်မှုမရရှိတဲ့
အတွက် မြန်မာ့အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယအနေနဲ့ လက်ရှိထက်
ပိုလုပ်ဆောင်ဖို့ ဖိအားပေးတောင်းဆိုမယ်လို့ သိရပါတယ်။
ဗြိတိန်အနေနဲ့ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားသလို တဖက်မှာ
လည်း လူသားချင်းစာနာမှု အထောက်အကူတွေ တိုးပေးနေတဲ့အတွက် carrot and
stick နည်းလမ်းဆိုတဲ့ ဆုပေးဒဏ်ပေးစနစ်ကို ကျင့်သုံးနေတာ တွေ့ရပါတယ်။ အိန္ဒိယ
အစိုးရကတော့ ကိုယ့်နိုင်ငံအကျိုးစီးပွားကို ရှေ့ရှုပြီး မြန်မာနိုင်ငံနဲ့ သံတမန်နည်းလမ်း
အရ ဒီမိုကရေစီဖော်ဆောင်ဖို့နဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဖော်ဆောင်ဖို့ တိုက်တွန်းပြောဆိုနေတာတွေ ရှိပါတယ်။
ခုလို ဗြိတိန်နဲ့ အိန္ဒိယအကြား မြန်မာ့အရေးပြဿနာ အဖြေရှာရာမှာ ကျင့်သုံးနေတဲ့
နည်းလမ်းက မတူကြပေမယ့် နှစ်နိုင်ငံထားရှိတဲ့ ဦးတည်ချက်ဖြစ်တဲ့ မြန်မာနိုင်ငံ ဒီမို ကရေစီရရှိရေးကတော့ အတူတူဖြစ်တယ်လို့ ဗြိတိသျှ မဟာမင်းကြီး ဆာရစ်ချတ်
စတတ်ကပြောကြောင်း အိန္ဒိယသတင်းရပ်ကွက်တွေက ကိုးကားဖော်ပြကြတာ တွေ့ရ
ပါတယ်။
နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်အကြောင်း သက္ကရာဇ် ၂၀၀၇ ခုနှစ်က သတ္တိဆိုတဲ့စာအုပ်ကို ရေးသားခဲ့သူ
ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းအနေနဲ့ မြန်မာ့ဒီမိုကရေစီရေး ဖော်ဆောင်ဖို့
အိန္ဒိယအစိုးရကို မလွဲမသွေတိုက်တွန်းမှာဖြစ်တယ်လို့လည်း အကဲခတ်တွေက ပြော
ကြပါတယ်။ ဒါ့အပြင် မြန်မာစစ်အစိုးရအနေနဲ့ ကိုယ့်နိုင်ငံအတွင်းမှာ ပြဿနာရှိနေ
တယ်ဆိုတာကို အလေးအနက် သဘောပေါက်ဖို့နဲ့ ကုလသမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ်
မစ္စတာ အီဘရာဟင် ဂမ်ဘာရီလည်း ဧပြီလထက်စောပြီး မြန်မာနိုင်ငံကို သွားရောက်
နိုင်ဖို့နဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်နှိပ်ကွပ်မှုတွေ အဆုံးသတ်ပြီး နိုင်ငံရေးအကျဉ်းသား
အားလုံး ပြန်လွှတ်ပေးတာ သူ့အနေနဲ့ မြင်လိုတယ်လို့ မစ္စတာဘရောင်းက သတင်း
ထောက်တွေကို အိန္ဒိယကိုဆိုက်ရောက်ပြီး မကြာမီ ပြောကြားခဲ့တာ ရှိပါတယ်။
တရုတ်အစိုးရအနေနဲ့လည်း မြန်မာစစ်အစိုးရကို အမျိုးသားပြန်လည်ရင်ကြားစေ့ရေး နားချပြောဆိုနိုင်ဖို့ ကြိုးစားနေတာတွေ့ရတယ်လို့လည်း မစ္စတာဘရောင်းက သူ့ရဲ့ ဘေဂျင်းခရီးစဉ်အပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့တာ ရှိပါတယ်။ ဒါ့ကြောင့်
လည်း မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီ ဖော်ဆောင်
ရေးအတွက် အိန္ဒိယ၊ တရုတ်၊ အာဆီယံ အပါအ၀င် ဒေသတွင်းနိုင်ငံတွေနဲ့ အနောက်
အုပ်စုအကြား ထားရှိတဲ့အမြင်က မတူကြပေမယ့် ဦးတည်ချက်ကတော့ တသဘော
တည်းဖြစ်တယ်လို့ လက်ရှိ အရှေ့အာရှကို ခရီးထွက်နေတဲ့ အရှေ့အာရှရေးရာ အမေရိ
ကန် ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး စကော့မာဆဲ (Scott Marciel) က တိုကျိုသတင်းစာရှင်းလင်းပွဲမှာ မကြာသေးမီက ပြောကြားသွားခဲ့တာ ရှိပါတယ်။
“အရေးကြီးတဲ့အချက်က နိုင်ငံတကာ လူ့အဖွဲ့အစည်းတရပ်လုံးဖြစ်တဲ့ တရုတ်ပြည်၊
အာဆီယံ၊ ဂျပန်၊ အမေရိကန်၊ အီးယူ၊ အိန္ဒိယ အားလုံးတို့က မြန်မာစစ်အစိုးရကို တသံ
တည်းထွက်ပြီး ဖြစ်စေချင်တာကို အသိပေးဖို့ပါပဲ။ အားလုံးက မြန်မာနိုင်ငံကို ဆန့်ကျင်
နေကြတာ မဟုတ်ပါဘူး။ သဘောပေါက်စေလိုတာက မြန်မာစစ်အစိုးရ သွားနေတဲ့
လမ်းကြောင်းဟာ မှားနေတယ်၊ အဲဒီဆိုးကျိုးတွေကြောင့် မြန်မာနိုင်ငံသားတွေအတွက်
သာမက ဒေသန္တရကိုပါ ထိခိုက်စေတယ်၊ အားလုံးဟာ မြန်မာစစ်အစိုးရကို အပြု
သဘောဆောင်တဲ့ လမ်းကြောင်းကို လှမ်းစေချင်ကြတာ ဖြစ်ပါတယ်။ လမ်းမှန်ကတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး စတင်ဖော်ဆောင်ဖို့ပါပဲ” လို့ မစ္စတာမာဆဲက သတင်းထောက်တွေကို ပြောသွားတာ ဖြစ်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းရဲ့ လက်ရှိအာရှနှစ်နိုင်ငံ ခရီးစဉ်အတွင်း မြန်မာ့ အရေးကြိုးပမ်းမှုနဲ့ပတ်သက်လို့ အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့ (အဲန်စီဂျီယူဘီ)
ဝန်ကြီး ဒေါက်တာစန်းအောင်က အခုလို သုံးသပ်ပါတယ်။
“ကျနော်တို့မြင်တာကတော့ အခု နအဖအနေနဲ့ တစုံတရာ အပြောင်းအလဲလုပ်ဖို့
အင်မတန် နှောင့်နှေးနေတယ်။ ပြည်တွင်းအခြေအနေကြည့်မယ်ဆိုရင် ဒေါ်အောင်
ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေးဟာလည်း အခုထက်ထိ ရှေ့မတိုးဘူး။ နောက်ပြီး အဖမ်းအဆီးတွေ၊ အနှိပ်အစက်တွေ၊ ဘုန်းကြီးတွေကို ခုံရုံးတင်တာတွေ အကုန်လုံး
ဖြစ်နေကြတယ်။ ပြောမယ်ဆိုရင် အခြေအနေက ပိုပြီးတော့တောင် ဆုတ်ယုတ်လာတဲ့ အနေအထားမျိုးတွေရှိတယ်။
“အဲဒီအခြေအနေမှာ နိုင်ငံတကာကနေပြီး ပြောနေကြတာ၊ အရင်တုန်းက ဂေါ်ဒွန်
ဘရောင်းနဲ့ ပြင်သစ်သမ္မတ ဆာကော်ဇီ (Sarkozy) တို့ ပေါင်းပြီးတော့ ဆောင်းပါးတွေ ရေးခဲ့ကြတာရှိတယ်။ ခြုံပြောမယ်ဆိုရင်တော့ အနောက်နိုင်ငံတွေက အထူးသဖြင့်
ဗမာကိစ္စမှာ နအဖအပေါ် ပိုပြီးတော့ ပြင်းပြင်းထန်ထန် ဖိအားပေးချင်တယ်။ ဒါပေမယ့်
တပိုင်းက ခံနေတာက အိမ်နီးနားချင်းနိုင်ငံတွေ။ တရုတ်၊ အိန္ဒိယ စတဲ့နိုင်ငံတွေက
ဖိအားပေးတာကို သိပ်လက်မခံချင်ဘူး။ သူတို့တွေအနေနဲ့ကတော့ ဆက်ပြီးတော့
စည်းရုံးသွေးဆောင်တာကို လုပ်ချင်ကြတယ်။ ဒါကြောင့် အခုဆိုရင် အရင်တခေါက်က အီးယူရဲ့အထူးကိုယ်စားလှယ် တရုတ်ပြည်သွားတယ်။ နောက်ထပ်လည်း သွားဖို့ရှိတယ်။
အိန္ဒိယကို ဒီအပတ်ထဲမှာ သွားမယ်လို့ပြောတယ်။ နောက်တခုက မစ္စတာဂမ်ဘာရီ
လည်း ဒီအပတ်ထဲမှာ တရုတ်နဲ့အိန္ဒိယကို သွားမယ်လို့ ကြားရတယ်။
“အဲဒီလိုပဲ အခုအခါမှာ မစ္စတာဂေါ်ဒွန်ဘရောင်းအနေနဲ့ တရုတ်ပြည်ကိုသွားတယ်၊ အိန္ဒိယကိုသွားတယ်၊ တရုတ်ပြည်မှာလည်း ၀န်ကြီးချုပ်နဲ့ တွေ့တဲ့အခါမှာ မြန်မာပြည်
အရေးကို ဆွေးနွေးတယ်။ ဆွေးနွေးတဲ့အခါမှာ ကျနော်တို့သိရတာတော့ အားလုံး
သဘောတူတာက မစ္စတာဂမ်ဘာရီကို နအဖအနေနဲ့ အမြန်ဆုံးလက်ခံသင့်တယ်။ မစ္စတာဂမ်ဘာရီကတဆင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာကနေပြီး ပြောတာဆိုတာတွေ
ကို နားထောင်သင့်တယ်။ ပြီးတော့ တွေ့ဆုံဆွေးနွေးပွဲ အမြန်ဖြစ်အောင် လုပ်သင့်
တယ်လို့ ပြောကြတယ်။
“ကျနော်တို့မြင်တာကို ခြုံပြောမယ်ဆိုရင် မစ္စတာဂေါ်ဒွန်ဘရောင်းရဲ့ အခုခရီးစဉ်က စီးပွားရေးတပိုင်းပါသလို တပိုင်းကလည်း မြန်မာနိုင်ငံအရေးကို အထူးသဖြင့် အိန္ဒိယ
နဲ့တရုတ်ကို မြန်မာပြည်အပေါ်မှာ ပိုပြီး ထဲထဲဝင်ဝင်လုပ်ဖို့၊ နအဖအပေါ်မှာ ဖိအား ပေးဖို့လိုတယ်ဆိုတာကို သွားပြီးတော့ပြောတယ်။ အဲဒါအတွက်လည်း စည်းရုံးတာလို့ ကျနော်မြင်ပါတယ်”
အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့ (အဲန်စီဂျီယူဘီ) ၀န်ကြီး ဒေါက်တာစန်းအောင် ပြောသွားတာဖြစ်ပါတယ်။