မြန်မာစစ်အစိုးရခေါင်းဆောင်ကို တိုက်ခိုက်ပြောဆိုထားတဲ့ အဓိပ္ပာယ်ထွက်နေတဲ့
ကဗျာတပုဒ်ကို ပြည်တွင်းမှာထုတ်ဝေတဲ့ ဂျာနယ်တစောင်မှာ ဖော်ပြခဲ့လို့ အခုဆိုရင်
ဒီဂျာနယ်ကို စာပေစိစစ်ရေးက ခေါ်ယူပြောဆိုတာတွေ ရှိနေတယ်လို့ သိရပါတယ်။
စာပေအသိုင်းအဝိုင်းက ဘာတွေပြောတယ်ဆိုတာ အကြောင်းစုံကို ကိုအောင်လွင်ဦး
က တင်ပြထားပါတယ်။
အပတ်စဉ်ထုတ် ဂျာနယ်တစောင်ဖြစ်တဲ့ အချစ်ဂျာနယ် မနေ့ကထုတ်ဝေရာမှာ ကဗျာ
ဆရာစောဝေရဲ့ ဖေဖော်ဝါရီ ၁၄ လို့ အမည်ရတဲ့ ကဗျာတပုဒ်မှာ စာသားတွေရဲ့ ထိပ်ဆုံး စာလုံးတလုံးချင်းကို ဖတ်ကြည့်မယ်ဆိုရင် မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူး
ကြီးသန်းရွှေကို တိုက်ခိုက်ပြောဆိုထားတဲ့ အဓိပ္ပာယ် ထွက်နေတာပါ။ ဒီကဗျာ အချစ်
ဂျာနယ်မှာ ဖော်ပြပါရှိတယ်ဆိုတာ သိတဲ့အတွက်ကြောင့်မို့လို့လည်း စာဖတ်သူတွေက
စိတ်ဝင်တစား ဖတ်ရှုကြလို့ ဂျာနယ်လည်း အရောင်းသွက်သွားခဲ့တယ်လို့ ရန်ကုန်မြို့က
စာပေအသိုင်းအဝိုင်းက ပြောကြပါတယ်။ တကယ်တော့ ဒီကဗျာဟာ သူ့ခေါင်းစဉ်ဖြစ်
တဲ့ ဖေဖော်ဝါရီ ၁၄ ဆိုတဲ့အတိုင်း Valentine’s Day ချစ်သူများနေ့ အထိမ်းအမှတ်
စပ်ဆိုထားတဲ့ ကဗျာတပုဒ်ဖြစ်ပေမယ့် ကဗျာရဲ့နောက်ကွယ်က အဓိပ္ပာယ်ကို စာဖတ်သူ
တွေက ဖော်ခဲ့ကြတာပါ။ ဒီလို အဓိပ္ပာယ်ဖော်ထုတ်ကြသူတွေထဲမှာ တချိန်က မြားနတ်
မောင်မဂ္ဂဇင်း အယ်ဒီတာတဦးလည်းဖြစ် အခုအခါ ပြည်ပရောက် မြန်မာသတင်းသမဂ္ဂ
အဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ ဒေါက်တာလွဏ်းဆွေလည်း အပါအဝင်ဖြစ်ပါတယ်။
“ဒီလိုမျိုး ထိပ်ဆုံးစာလုံးတွေကိုယူပြီးတော့ အဓိပ္ပာယ်ဖွက်ပြီး ရေးတာမျိုးကတော့ ဟို တလောကလေးတင် ရန်ကုန်မြို့မှာရှိတဲ့ အထက်တန်းကျောင်းတွေမှာ ကဗျာလေး
တပုဒ် ခေတ်စားတယ်ဆိုပြီး အင်တာနက်ပေါ်တက်လာတယ်။ သူက ထိပ်ဆုံးစာလုံး
တွေကို တမင်တကာ ရည်ရွယ်ပြီးရေးတာပေါ့။ အဓိကကတော့ ဗိုလ်ချုပ်မှူးကြီး
သန်းရွှေကို ဆဲချင်တာပေါ့ဗျာ။ အဲဒါမျိုးက ဟိုတလောကလည်း ရန်ကုန်မြို့က အထက် တန်းကျောင်းတွေက ကလေးတွေပါးစပ်ဖျားမှာ အရမ်းကို ရေပန်းစားခဲ့တဲ့ ကဗျာတို
လေးတခု ထွက်ခဲ့ဖူးတယ်လေ။
“အခုလည်း ကဗျာဆရာ ကိုစောဝေက သူရေးတာက သူ့စိတ်ထဲမှာ ဖေဖော်ဝါရီ ၁၄၊
Valentine's Day ကို သွေးရိုးသားရိုးသူရေးတာလည်း ဖြစ်ကောင်းဖြစ်မှာပါ။ ဒါကတော့ ကဗျာဆရာက အသိဆုံးဖြစ်မှာပေါ့။ ကျနော်တို့ကတော့ ကဗျာဆရာ့စိတ်ထဲကို ဝင်
ကြည့်လို့ ဘယ်ရမလဲ။ သို့သော် ကျနော်တို့ကလည်း ကိုယ့်အမြင်နဲ့ကိုယ် ဖတ်ရမှာပေါ့”
အခုအခါမှာ ဒီကဗျာဟာ စာဖတ်သူတွေအကြား ဟိုးလေးတကျော် ဖြစ်လာနေတာ
ကြောင့် အာဏာပိုင်တွေကိုယ်တိုင် သိရှိသွားတဲ့အတွက် သက်ဆိုင်ရာ ဂျာနယ်အယ်ဒီ
တာ ဦးမြတ်ခိုင် အပါအဝင် တာဝန်ရှိသူတချို့ကို စာပေစိစစ်ရေးက ခေါ်ယူမေးမြန်းမှု
တွေ ရှိခဲ့တယ်လို့လည်း ရန်ကုန်မြို့က စာပေအသိုင်းအဝိုင်းက ပြောပါတယ်။ ဒီအတွက်
အယ်ဒီတာ ဦးမြတ်ခိုင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ လောလောဆယ် တစုံတရာ
မှတ်ချက်ပေး မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။
“အခု ဘာမှပြောလို့မရသေးပါဘူးဗျာ။ ပြဿနာတက်အောင် ဘာမှမဟုတ်တဲ့ဟာကို ညှောင့်တာပါဗျာ။ အခုလောလောဆယ်တော့ ကျနော် ဘာမှပြောစရာ မရှိသေးပါဘူး”
တကယ်တော့ စာပေစိစစ်ရေးရဲ့ ချုပ်ကိုင်မှုအောက်မှာ ရုန်းကန်နေရတဲ့ မြန်မာနိုင်ငံက စာပေလွတ်လပ်ခွင့် အခြေအနေတွေနဲ့ ပတ်သက်ရင် နိုင်ငံတကာက လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့တွေက မကြာခနဆိုသလို ပြစ်တင်ပြောဆိုလေ့ရှိတာပါ။ ဒီလိုအခြေအနေတွေကြောင့်လည်း အခုလို စာပေကတဆင့် အံတုမှုတွေ ပေါ်ပေါက်နေ
တာလို့ မြားနတ်မောင်မဂ္ဂဇင်း အယ်ဒီတာဟောင်း ဒေါက်တာလွဏ်းဆွေက ပြောပါ
တယ်။
“အရမ်းကို စည်းမျဉ်းစည်းကမ်းတွေက အရမ်းတင်းကျပ်ပြီးတော့ အရမ်းဖိနှိပ်နေတဲ့
ကာလကြီးမှာ ကျနော်မြင်တာကတော့ ကလေးတွေရွတ်တဲ့ကဗျာရော၊ ကိုစောဝေ
ကဗျာရော တကယ်ဟုတ်တယ်ဆိုရင်လည်း ဒါတွေဟာ လူထု သို့မဟုတ် ကဗျာဆရာ
တွေက သူတို့ရဲ့ အစိုးရအပေါ်မှာ မကျေနပ်တဲ့ ခံစားချက်တွေကို တနည်းတဖုံနဲ့ ကဗျာ
ကတဆင့် ဖွင့်ထုတ်ပြီး၊ ပြောရရင်တော့ ပုံသဏ္ဌာန်ကဗျာလို့ ထင်ပါတယ်။ ဘာဖြစ်လို့
လဲဆိုတော့ ထိပ်ဆုံးစာလုံးတွေကို ဦးတည်ပြီး ရည်ရွယ်ချက်ချက်ရှိရှိနဲ့ရေးတဲ့ ကဗျာမျိုး
တွေဆိုတော့ ဒါကတော့ ပုံသဏ္ဌာန်ကဗျာလို့ ကျနော်တို့က သတ်မှတ်ပြီး ဒါမျိုးက
တကယ့်ကို စာပေစိစစ်ရေးက စာဖတ်မှူးတွေဆိုရင်လည်း မသိရင် မျက်စိလျှမ်းသွား
မယ့်ဟာမျိုးပေါ့။ သူတို့က တကြောင်းချင်းပဲဖတ်မှာကိုး၊ အဲလို ဒေါင်လိုက်ဘယ်ကြည့်
မလဲ။ အဲဒါမျိုးကျတော့ တကယ့်ကို ပညာပါပါနဲ့ အစိုးရကို တိုက်ခိုက်ပြီးရေးတဲ့ သဘော
မျိုးလည်း ဖြစ်နိုင်တာပေါ့။ ဒါမျိုးကတော့ ကဗျာဆရာအနေနဲ့ တကယ်ရည်ရွယ်ပြီး
ရေးတယ်ဆိုရင် ပိုပြီးတော့လည်း အားထုတ်ရမယ်၊ သူ့မှာလည်း တကယ့်ကို ရည်ရွယ် ချက်ကြီးကြီးမားမား ပြင်းပြင်းထန်ထန်ရှိမယ်လို့ ကျနော် သုံးသပ်မိပါတယ်”
မြားနတ်မောင်မဂ္ဂဇင်း အယ်ဒီတာဟောင်းလည်းဖြစ် မြန်မာသတင်းသမဂ္ဂ အဖွဲ့ဝင်
လည်းဖြစ်တဲ့ ဒေါက်တာလွဏ်းဆွေပါ။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ရန်ကုန်မြို့က
အင်္ဂလိပ်-မြန်မာ ၂ ဘာသာနဲ့ အပတ်စဉ်ထုတ်ဝေတဲ့ မြန်မာတိုင်းမ်စ်ဂျာနယ်မှာ ပြည်ပ
က ခရီးသွားကြော်ငြာတခု ဖော်ပြခဲ့ရာမှာ စာလုံးတွေကို နောက်ပြန်ဖတ်ကြည့်တဲ့အခါ မြန်မာစစ်အစိုးရခေါင်းဆောင်ကို လူသတ်သမားလို့ ရည်ညွှန်းပြောဆိုထားတာကို
တွေ့ခဲ့ရတာပါ။ အဲဒီတုန်းကတော့ ဒီကြော်ငြာကို ထည့်ခဲ့တဲ့အဖွဲ့က သူတို့ရဲ့လက်ချက်
ဖြစ်ကြောင်း နောက်ပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပြီး သူတို့ဟာ နိုင်ငံတကာက ဖိနှိပ်မှု
တွေရှိနေတဲ့ အစိုးရတွေကို တိုက်ခိုက်နိုင်တဲ့ နည်းလမ်းတွေရှိကြောင်း ပြချင်လို့ အခု
လို လုပ်ခဲ့တာလို့လည်း ပြောဆိုခဲ့ပါတယ်။