သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆရာမင်းသိင်္ခခြံဝင်းထဲသို့ စစ်တပ်အဆောင်အယောင်ဖြင့် လူငယ်အချို့ ဝင်ရောက်ရမ်းကား


နိုင်ငံကျော် ဝေဒပညာရှင် ဆရာမင်းသိင်္ခရဲ့ ခြံဝင်းထဲကို အမည်မသိ လူငယ်အချို့
ဝင်ရောက်ရမ်းကားရာက ပဋိပက္ခဖြစ်ပွားခဲ့တာကြောင့် ခြံဝင်းထဲက လူငယ်တဦး
အပြင်းအထန် ထိခိုက်ဒဏ်ရာရတဲ့အထိ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ လာရောက် ရမ်းကားသွားသူတွေဟာ စစ်တပ်အဆောင်အယောင်တွေနဲ့ ရောက်လာတာဖြစ်ပြီး
အခုဆိုရင် ဒီကိစ္စနဲ့ပတ်သက်လို့ ဆရာမင်းသိင်္ခတို့ဘက်က သက်ဆိုင်ရာကို တိုင်တန်း ထားတယ်လို့လည်း ဆိုပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြထားပါ
တယ်။

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်က နိုင်ငံကျော် ဝေဒပညာရှင် ဆရာမင်းသိင်္ခရဲ့ ခြံဝင်းထဲကို ဆယ်ကျော်သက်ရွယ် အမျိုးသားလူငယ်တဦးနဲ့ အမျိုးသမီးသုံးဦး စစ်တပ်ပိုင်ကားလို့
ယူဆရတဲ့ ကားတစီးနဲ့ ရောက်ရှိလာပြီး မချေမငံဆက်ဆံရာက အခုလို ပြဿနာဖြစ်
ပွားခဲ့တာလို့ ဆရာမင်းသိင်္ခနဲ့ နီးစပ်သူတွေက ပြောကြတာပါ။ အခုအခါ ဒီပဋိပက္ခနဲ့
ပတ်သက်လို့ တရားလိုအဖြစ် ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားတဲ့ ဆရာမင်းသိင်္ခရဲ့ တပည့်တဦးဖြစ်တဲ့ ကိုအောင်မျိုးထွန်းက စနေနေ့တုန်းက သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်နဲ့ပတ်သက်လို့ အခုလို ပြောပြပါတယ်။
“ဖြစ်စဉ်က စနေနေ့၊ ၁၉ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ အဘ မင်းသိင်္ခနေတဲ့
ခြံဝင်းထဲကို တောင်းအေ့စ်ကားတစီးဝင်လာတယ်။ အရင်တုန်းကလည်း အဘဆီလာ
ပြီး ကလေးအမည်ပေး လာပြီးမှည့်ကြတာတို့ ဘာတို့ ရှိတာပေါ့။ အဲလိုပဲ အဝင်အထွက် တော့ရှိတာပေါ့။ ကားဒက်ရှ်ဘုတ်ပေါ်မှာ အရာရှိဆောင်းတဲ့ စစ်ဦးထုပ်တလုံးတင်ထား
တာ တွေ့ရတယ်။ တံဆိပ်တခုလည်းကပ်ထားတယ်။ တပ်တံဆိပ်၊ ကြယ်နဲ့ပဲ။ ဘာတပ်
လည်းတော့မသိဘူးပေါ့။
“ကားပေါ်မှာက ဆံပင်နီကြောင်ကြောင်နဲ့ လူငယ်တဦးပါတယ်။ အသက် ၂၀ ကျော်ပေါ့။
နောက် အမျိုးသမီးသုံးဦး ပါလာတယ်။ ပြီးတော့ ကလေးအမည်ပေးမှည့်တဲ့ လက်ခံတဲ့ အဆောင်လေးထဲကို ဝင်လာတယ်။ အဲဒီမှာ ဘုရားခန်းရှိတယ်။ ခုန ဆံပင်နီကြောင်
ကြောင်နဲ့တယောက်က ဖိနပ်ချွတ်ပါလို့ပြောတော့၊ ဒီက ကလေးတွေက တောင်းပန်
တော့ မချွတ်ဘူး၊ နှစ်ခါတောင်းပန်တယ် မချွတ်ဘူး၊ သုံးခါလည်းကျရော လက်သီးနဲ့
လှမ်းထိုးတယ်။ ငါ့ကို ပြောစရာလားကွ၊ ငါ တပ်ကကွဆိုပြီး လက်သီးနဲ့လှမ်းထိုးတယ်။
ထိုးတော့ စကားတွေများပြီး ခြံအပြင်ထွက်သွားတယ်။ ပြီးတော့ အဘနဲ့ တခြံလုံးကို
ဆဲတယ်။ မင်းသိင်္ခရော၊ ပရိသတ်တွေရော၊ တပည့်တွေရော ဆဲပြီး ထွက်သွားတယ်။
ဆဲတော့ ကျနော်တို့ ဒီက လိုက်တားတယ်။ စခန်းကို ဖုန်းလှမ်းဆက်တယ်။ ကျနော်တို့
ဆီမှာလာပြီး အဲလိုမျိုး သောင်းကျန်းနေပါတယ်၊ အရေးယူပေးပါဆိုတော့ စခန်းက ဖုန်း ဆက်ပြီးတဲ့အခါမှာ သူတို့ကို နေဦး စခန်းကလာလိမ့်မယ်၊ စခန်းကလာမှရှင်းလို့
ပြောတဲ့အခါ သူတို့က ကလေးငယ်တွေ အမျိုးသမီးတွေရှိတဲ့ကြားက ကားကို အတင်း မောင်းထွက်တယ်။ မောင်းထွက်တော့ တိုက်မလိုလိုဖြစ်တဲ့အခါမှာ ကားကိုရပ်လိုက်
တယ်။ ကျနော်တို့ကလည်း ကားကို လိုက်ဆွဲတယ်။ အဲဒီမှာ ကားပေါ်ကလူက ဆင်းလာ
ပြီး သံတုတ်နဲ့ ကလေးတွေ အမျိုးသမီးတွေကြားထဲ လိုက်ဝှေ့ရမ်းတာ တကယ့်ကို
လူအုပ်ကြားထဲကို ခွေးရူးလိုက်ကိုက်သလိုပဲ။ လိုက်ဝှေ့တော့ ကလေးတွေ အမျိုးသမီး
တွေ ထွက်ပြေးရတာပေါ့။
“ပြီးလည်းပြီးရော ကျနော်တို့ဆီမှာနေတဲ့တယောက်က ခေါင်းကို အရိုက်ခံလိုက်ရတယ်၊
သံတုတ်နဲ့။ သူကလည်း သွေးရူးသွေးတမ်းနဲ့ အဲဒီကောင်ကို ပြန်ထိုးတော့ လူကိုမထိုးမိ
ဘဲ ကားမှန်ကိုထိုးမိတာ ကားမှန်ကွဲသွားတယ်။ အဲဒီမှာ အဘရောက်လာတော့ အဘက တော်ကြပါတော့၊ မလုပ်ကြပါနဲ့၊ အဘက စကားလည်းကောင်းကောင်း မပြောနိုင်ဘူး၊ နှလုံးရောဂါရှိတာကိုး။ အဲတော့ တားတဲ့အခါမှာ သူက အဘကိုပါလှမ်းဆဲတယ်။
ဘာကောင်မို့လို့လဲ၊ ဘာညာ လှမ်းဆဲရော။ ဆဲတော့ ဘေးကလည်း ပွစိပွစိဖြစ်တာပေ့ါ။ ကျနော်တို့လည်း တားထားရတယ်၊ အတတ်နိုင်ဆုံး။ အဲဒီမှာ စခန်းကရောက်လာပြီး
ကားကို စခန်းကို ခေါ်သွားတယ်”

ပဋိပက္ခဖြစ်ပွားစဉ်က ဦးခေါင်းကို အရိုက်ခံခဲ့ရတယ်ဆိုတဲ့ ကိုသူရဟာလည်း လော
လောဆယ် ရန်ကုန်မြို့က ဦးနှောက်နဲ့အာရုံကြော အထူးကုဆေးရုံမှာ ကုသမှုခံယူနေရ
တယ်လို့လည်း ကိုအောင်မျိုးထွန်းက ဆိုပါတယ်။ ဒီလိုပြဿနာတွေ ဖြစ်ပွားတဲ့အပေါ်
အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ ဆရာမင်းသိင်္ခက အထူးစိတ်ထိခိုက်ခဲ့ရတယ်လို့
လည်း တပည့်ဖြစ်သူ ကိုအောင်မျိုးထွန်းက ပြောပါတယ်။
“အဘက ငါကွာ အသက်ကလည်းကြီးပြီ။ အဘက အသက် ၇၀ နားကပ်နေပြီကိုး။ ကျန်းမာရေးကလည်း မကောင်းဘူး၊ လမ်းလည်းမလျှောက်နိုင်ဘူး။ Wheel Chair
လေးနဲ့ ငါ့ဘာသာ တောထဲမှာပဲ အေးအေးဆေးဆေးနေတယ်။ တရားလေးဘာလေး အားထုတ်တယ်။ လာတဲ့လူတွေကို သူက ထမင်းလေး ဘာလေးကျွေး။ ကလေးနာမည် ပေးလာတောင်းရင် မှည့်ပေးတယ်။ အဲလိုလေးပဲ ငါ့ဘာသာငါ အေးအေးဆေးဆေး
နေတာပါကွာတဲ့။ ဘယ်သူ့မှလည်း ငါ ရန်မမူပါဘူး။ အဲဒါကို ငါ့ကိုလာပြီးစော်ကားသွား
တော့ ငါ တအားခံစားရတယ်ကွာတဲ့။ အဘကတော့ မပြောနိုင်ပြောနိုင်နဲ့ အဲလိုပြော
တာပေါ့”

အခုနောက်ဆုံး ဒီအမှုနဲ့ပတ်သက်လို့ မှော်ဘီရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့
လည်း ကိုအောင်မျိုးထွန်းက ပြောပါတယ်။ ဒီလိုအမှုဖွင့်တိုင်ကြားရတာဟာလည်း စစ်တပ်အဆောင်အယောင်တွေအသုံးပြုပြီး အနိုင်ကျင့်ခံရတယ်လို့ ခံစားမိတဲ့အတွက် ဒီလိုလုပ်ရပ်မျိုးတွေ နောင်မဖြစ်လိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ရတာပါလို့လည်း ကိုအောင်မျိုးထွန်းက ဆိုပါသေးတယ်။
“ကျနော်တို့ ရိုက်တယ်တို့၊ ထိုးတယ်တို့ဆိုတာ လူတွေရှိရင်တော့ ရန်ဖြစ်တယ် ခေါ်တာ
ပေါ့။ ဒါကတော့ သိပ်ပြီးမထူးဆန်းပါဘူး။ ဒါပေမယ့် သူက ကားပေါ်မှာ ဦးထုပ်လည်း
တင်ထားတယ်၊ တံဆိပ်လည်းကပ်ထားတယ်၊ ငါတို့က တပ်ကကွ၊ အကုန်လုံး သတ်ပစ်
လိုက်မယ်၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ပြောတာက ကျနော်တို့ ပြည်သူတွေလေးစား
တဲ့၊ အားကိုးတဲ့၊ တပ်ရဲ့အရှိန်အဝါကိုသုံးပြီး ကျနော်တို့ကိုလာလုပ်တဲ့အခါမှာ ကျနော်တို့ အများကြီးခံစားရတာပေါ့။ ဝမ်းလည်း ဝမ်းနည်းရတာပေါ့။ အဲဒါပါပဲ။ အဲတော့ ကျနော်
တို့စေတနာက အခုလို အဖြစ်အပျက်တွေက ဘယ်နေရာတွေမှာ ဖြစ်ပျက်နေမှန်းလည်း
ကျနော်တို့မသိဘူး။ ကျနော်တို့သိသလောက်ပဲ၊ ဒါက။ အဲတော့ အထက်က တိုင်းပြည်ရဲ့ အကြီးအကဲတွေ သိစေချင်ပါတယ်။ သိမှ ဒါမျိုးတွေ နောင်မဖြစ်အောင်၊ ဆက်ပြီးတော့ ကျနော်တို့လိုမျိုး အနိုင်ကျင့်မခံရလေအောင် အများကြီး ကာကွယ်နိုင်မှာပါ။ အဲဒီ
ရည်ရွယ်ချက်နဲ့ ကျနော်တို့ ဒါကို တရားစွဲရခြင်းဖြစ်ပါတယ်”

နိုင်ငံကျော်ဝေဒပညာရှင် ဆရာမင်းသိင်္ခရဲ့ခြံဝင်းထဲမှာ ပြီးခဲ့တဲ့ စနေနေ့ကပဲ အမည်မသိ လူငယ်တချို့နဲ့ ပဋိပက္ခဖြစ်ပွားခဲ့တဲ့အကြောင်း တပည့်ဖြစ်သူ ကိုအောင်မျိုးထွန်း ပြောပြ
သွားတာပါ။ ဆရာမင်းသိင်္ခဟာ ဗေဒင်၊ နက္ခတ်၊ ကလေးအမည်ကင်ပွန်းတပ် စတဲ့
ဝေဒပညာရပ်တွေကိုလုပ်ဆောင်ရင်း ရန်ကုန်တိုင်း မှော်ဘီမြို့မှာ တပည့်တွေနဲ့အတူ နေထိုင်နေသူတဦးလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG