သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝှမ်း ကလေးသူငယ်များ၏ အခြေအနေ တိုးတက်မှုရှိသည်ဆိုငြား မြန်မာနိုင်ငံ ကလေးသူငယ်များအခြေအနေ တိုးတက်မှု အားနည်းနေဆဲ


ကလေးသူငယ် ကာကွယ်မှုလုပ်ငန်းတွေကို လုပ်ဆောင်ရာမှာ တိုးတက်မှုတွေ ရှိခဲ့တယ်
လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့
(UNICEF) က ပြောလိုက်ပါတယ်။ UNICEF
က ပထမဆုံးအကြိမ်ထုတ်ပြန်တဲ့ ကမ္ဘာပေါ်က ကလေးသူငယ်တွေရဲ့ အခြေအနေအရပ်ရပ်
ကို ဖော်ပြထားတဲ့ အစီရင်ခံစာမှာ အဲဒီလို
ဖော်ပြထားတာပါ။ အစီရင်ခံစာမှာပါတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အချက်အလက်
တွေနဲ့ တုံ့ပြန်ပြောဆိုချက်တွေကို
ဦးကျော်ကျော်သိန်းက အစီရင်ခံထားပါ
တယ်။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ကတော့ တကမ္ဘာလုံးက ကလေးသူငယ်တွေရဲ့ အခြေအနေ တိုးတက်လာခဲ့တယ်လို့ ဆိုထားပါ
တယ်။ အစီရင်ခံစာမှာ ၂၀၀၆ ခုနှစ်အထိ နိုင်ငံပေါင်း ၁၉၄ နိုင်ငံက အခြေအနေတွေကို
ကဏ္ဍတွေ ခွဲခြားပြီး အဆင့်သတ်မှတ် ဖော်ပြထားပါတယ်။ တကမ္ဘာလုံးအခြေအနေမှာ တိုးတက်လာတယ်လို့ အဓိက အစီရင်ခံထားတာကတော့ အသက်ငါးနှစ်အောက်
ကလေးသူငယ် သေဆုံးမှုနှုန်းပါပဲ။

၁၉၄ နိုင်ငံထဲမှာ သေဆုံးမှုအများဆုံးနိုင်ငံကို အဆင့် ၁ သတ်မှတ်ပြီး အဆင့်လိုက် ခွဲခြားဖော်ပြထားရာမှာ မြန်မာနိုင်ငံကတော့ အဆင့် ၄၀ မှာရှိပါတယ်။ ၁၉၉၀ ပြည့်နှစ်
မှာ မြန်မာနိုင်ငံက အသက်ငါးနှစ်အောက်ကလေး အယောက် ၁,၀၀၀ မှာ ၁၃၀
သေဆုံးခဲ့ပြီး ၂၀၀၆ ခုနှစ်မှာတော့ ၁၀၄ ယောက် သေဆုံးတယ်လို့ ဆိုပါတယ်။ ဒီကိန်း
ဂဏန်းအရ ကြည့်မယ်ဆိုရင်တော့ သေဆုံးမှုနှုန်း လျော့ကျသွားတယ်လို့ ဆိုရမှာပါ။
ဒါပေမယ့် ဒီလို ကိန်းဂဏန်း အချက်အလက်တွေကို ဘယ်လိုစုဆောင်းကောက်ယူခဲ့
သလဲ၊ တနိုင်ငံလုံး နယ်စွန်နယ်ဖျား တောကြိုအုံကြားမကျန် ကောက်ယူခဲ့တာလား
စသည်ဖြင့် မေးခွန်းထုတ်စရာတွေကတော့ ရှိနေတယ်လို့ ဝေဖန်တာကလည်း ရှိပါ
သေးတယ်။

ဒေါက်တာခင်စောဝင်းဟာ ကနေဒါနိုင်ငံ၊ အယ်လ်ဘားတားတက္ကသိုလ်မှာ ကထိက
အဖြစ် ဆောင်ရွက်နေသူပါ။
“သူတို့စာရင်းဇယားမှာတော့ တရားဝင်ကိန်းဂဏန်းတွေ ဖော်ပြထားတာပဲ။ ဒါပေမယ့်
လည်း ဆေးပညာရှုထောင့်၊ သိပ္ပံပညာရှုထောင့်ကကြည့်ရင် ဒီလိုမျိုး ကိန်းဂဏန်းတွေ ကောက်တဲ့အခါမှာ ဘယ်လောက်အထိ စနစ်တကျကောက်သလဲ၊ စာရင်းဇယားတွေကို ဘယ်သူကကောက်သလဲ၊ နောက်ပြီးတော့ နေရာဒေသအားဖြင့် မျှမျှတတကောက်
သလားပေါ့၊ အခြေအနေကောင်းတဲ့ နေရာဒေသကိုပဲ ကွက်ပြီး စာရင်းကောက်ထား
တာလား၊ ဒါမှမဟုတ် တပြည်လုံးအတိုင်းအတာရဲ့ အခြေအနေကို တိတိကျကျဖော်ပြ
နိုင်အောင်လို့ မြို့ရော၊ ကျေးရွာရော၊ အစွန်အဖျားရော ဒုက္ခရောက်နေတဲ့၊ ထွက်ပြေး တိမ်းရှောင်နေရတဲ့ နယ်စပ်ဒေသတွေအပါအဝင် သေသေချာချာ စနစ်တကျနဲ့ ကောက်ထားသလားဆိုတာ၊ ဒါကတော့ မေးစရာဖြစ်ပါတယ်”
မြန်မာနိုင်ငံက ဆေးရုံဆေးခန်းတွေမှာ ဆေးမရှိတာ၊ ဆေးကုသစရိတ် မြင့်မားတာ၊
လူတွေရဲ့ဝင်ငွေဟာလည်း နိစ္စဓူ၀ ရပ်တည်ဖို့ကိုပဲ အနိုင်နိုင်ရုန်းကန်နေရတာကြောင့် ကိုယ့်ကျန်းမာရေးကိုယ် စနစ်တကျ ဂရုစိုက်ဖို့ရာဟာ အတော့်ကို ခက်ခဲတဲ့အခြေအနေ
မှာ ရှိနေကြတာပါလို့ ဒေါက်တာခင်စောဝင်းက ဆက်ပြောပါတယ်။

ဒါ့အပြင် အစိုးရကလည်း ကျန်းမာရေးနဲ့ ပညာရေးတွေမှာ အင်မတန်နည်းပါးတဲ့
ဘဏ္ဍာငွေပမာဏကိုပဲ သုံးစွဲတာကြောင့်လည်း အခြေအနေ တိုးတက်ကောင်းမွန်တယ်
ဆိုရင်တောင်မှ အစိုးရရဲ့စွမ်းဆောင်မှုကြောင့်ထက် လူထုက ကိုယ်ထူကိုယ်ထ လုပ်ကြ
လို့သာ တိုးတက်တာဖြစ်မယ်လို့ ဒေါက်တာခင်စောဝင်းက သုံးသပ်ပါတယ်။
“တိုးတက်တယ်ဆိုရင်လည်း ဒါ ပြည်သူလူထုတွေအားလုံးရဲ့ ကြိုးစားအားထုတ်မှု၊ သူတို့
မရှိ ရှိတာလေးနဲ့ ရအောင်လုပ်ဆောင်နိုင်မှု၊ နောက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ
ကနေ၊ လူမှုရေးအသင်းအဖွဲ့တွေကနေ ကူညီထောက်ပံ့နေတယ်။ အဲဒီအကူအညီ အထောက်အပံ့တွေရဲ့ အကျိုးကျေးဇူး၊ စေတနာရှင်တွေရဲ့ အကျိုးကျေးဇူးကြောင့် ဒီလို
မျိုး တိုးတက်လာတဲ့အနေအထား အရိပ်အယောင်လေးတွေကို တွေ့မြင်ရတယ်လို့ပဲ
ထင်ရပါတယ်”

ပညာရေးနဲ့ပတ်သက်ပြီး အစီရင်ခံစာထဲမှာ ဖော်ပြထားတာအရ မြန်မာနိုင်ငံမှာ
စာတတ်မြောက်သူ ရာခိုင်နှုန်းမြင့်မားတာကို တွေ့ရပြီး အမျိုးသား ၉၆ ရာခိုင်နှုန်းနဲ့
အမျိုးသမီးက ၉၃ ရာခိုင်နှုန်း ရှိပါတယ်။ မူလတန်းအဆင့်ပညာရေးကို တက်ရောက်တဲ့ ကလေးအရေအတွက်မှာ ယောကျ်ားလေးက ၈၃ ရာခိုင်နှုန်း၊ မိန်းကလေးက ၈၄
ရာခိုင်နှုန်း ရှိပါတယ်။ အဲဒီမှာမှ ပဉ္စမတန်းကိုတက်ရောက်သူ အရေအတွက်ဟာ
စစ်တမ်းက ကောက်ယူချက်အရ ၁၀၀ ရာခိုင်နှုန်း ရှိပါတယ်တဲ့။ ဒါပေမယ့် အလယ်
တန်းအဆင့် ပညာရေးကို ဆက်ပြီးတက်ရောက်တဲ့ အရေအတွက်မှာတော့ အတော့်ကို
နည်းသွားပြီး ယောက်ျားလေး ၅၁ ရာခိုင်နှုန်းနဲ့ မိန်းကလေး ၄၈ ရာခိုင်နှုန်းပဲ အလယ်
တန်း အဆင့်ပညာရေးကို ဆက်ပြီးတက်တာ တွေ့ရပါတယ်။

ဒေါက်တာခင်စောဝင်းက ကလေးတွေ ပညာဆက်ပြီးမသင်ကြားနိုင်တာ စီးပွားရေး အဆင်မပြေတာက အဓိကလို့ ထောက်ပြပါပါတယ်။ မူလတန်းအဆင့်ကိုတော့ စေတ
နာရှင်တွေရဲ့ ကူညီပံ့ပိုးမှုနဲ့ ဘုန်းကြီးကျောင်းတွေရဲ့ ကျေးဇူးကြောင့် သင်ကြားနိုင်ကြ
ပေမယ့် နောက်ပိုင်းအဆင့်တွေကတော့ ငွေကြေးကုန်ကျမှုများလာတာကြောင့် မတတ် နိုင်ကြတော့လို့ ဆက်ပြီး မသင်ကြားနိုင်ကြတာပါတဲ့။
“အလယ်တန်းရောက်သွားတော့ ကိုယ်တိုင်ပေးနိုင်မှ၊ အကုန်အကျခံနိုင်မှ အလယ်တန်း
ပညာကို သင်နိုင်တယ်ဆိုတဲ့အခါကြတော့ ကလေးဦးရေရဲ့ တဝက်က အလယ်တန်း
အဆင့်ကို မကူးနိုင်ကြတော့ဘူး။ သူတို့က မူလတန်းကိုပဲ ပြီးတာတောင်မှ ကျေးဇူး
တင်ရမယ့် အနေအထားပေါ့။ ဒါကတချက်။
“နောက်တချက်ကလည်း ခုန စီးပွားရေးကျပ်တည်းမှုနဲ့ပဲ ဆက်စပ်နေတယ်။ ကလေး
က မူလတန်းပြီးသွားပြီဆိုရင် အလယ်တန်းတက်တဲ့အရွယ်ဟာ အလုပ် လုပ်နိုင်တဲ့
အရွယ် ဖြစ်သွားပြီလေ။ အလုပ် လုပ်နိုင်တဲ့အရွယ်ဆိုတော့ မိဘတွေက ကျပ်တည်းတဲ့
အခါမှာ ကလေးတွေက အလယ်တန်းကျောင်းကို ဆက်မတက်တော့ဘဲ အလုပ်ထွက်
လုပ်ကြရတယ်။ အဲတော့ ကလေးအလုပ်သမားတွေ၊ လက်ဖက်ရည်ဆိုင်မှာ အလုပ်
လုပ်နေတာ၊ စားသောက်ဆိုင်တွေမှာ ဆယ်ကျော်သက်ရွယ် အလုပ်သမားလေးတွေ အများကြီးရှိတယ်။ အဲတော့ ကလေးက အလယ်တန်းကို မသွားနိုင်ဘူးဆိုတာ ခုန
အချက်တွေကြောင့် မသွားနိုင်တာလို့ ကျမတို့ ယူဆနိုင်တယ်”

မြန်မာနိုင်ငံက ကလေးသူငယ်တွေရဲ့ ကျန်းမာရေး၊ ပညာရေးအပါအဝင် ဖွံ့ဖြိုးကြီးထွား
မှု အခြေအနေအရပ်ရပ် တိုးတက်လာဖို့ဆိုရင် ဘာတွေလုပ်ဖို့ လိုအပ်မယ်ထင်ပါသလဲ
လို့ ဗွီအိုအေကမေးတဲ့အခါ ဒေါက်တာခင်စောဝင်းက ဒီမိုကရေစီနဲ့ လွတ်လပ်မှုက အဓိ
ကပါပဲလို့ ဆိုပါတယ်။

UNICEF ရဲ့ အစီရင်ခံစာအရ တချို့ အာဏာရှင်နိုင်ငံတွေနဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်
အပြည့်အဝမရှိဘဲ တဝက်တပျက် ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေရဲ့အဆင့် မြင့်မား နေတာတွေကိုလည်း တွေ့ရပါတယ်။ ဒေါက်တာခင်စောဝင်းကလည်း ဒါကိုလက်ခံပြီး
အခုလို ပြန်ရှင်းပြထားပါတယ်။
“သဘောက ကျူးဘားဆိုရင်လည်း ဒီမိုကရေစီနိုင်ငံမဟုတ်ဘူး။ ဒါပေမယ့် အဆင့်အရ တော်တော်လေးကို လက်ခံနိုင်တယ်၊ အဆင့်ကောင်းနေပါတယ်။ ဒီဟာကြတော့ သူတို့ ကျင့်သုံးနေတဲ့စနစ်က ဒီမိုကရေစီတော့ ပြောလို့မရဘူး။ ဒါပေမယ့် အနည်းဆုံး၊ အနိမ့်
ဆုံး သူတို့မှာ မှန်ကန်တဲ့စနစ်ရှိတယ်။ အဲဒီ မှန်ကန်တဲ့စနစ်က ဘာလဲဆိုရင် ပြည်သူ လူထုကောင်းဖို့အတွက် သူတို့ ကြည့်ပေးတယ်၊ ရှေ့ရှုတယ်။
“ဥပမာ စင်ကာပူဆိုရင်လည်း ဒီမိုကရေစီလို့ ပြောပေမယ့် ဒီမိုကရေစီအစစ် မဟုတ်
ဘူး။ ဒါပေမယ့် အစိုးရဟာ ခြမစားဘူး၊ တိုင်းပြည်ရဲ့ဘဏ္ဍာကို အလွဲသုံးစားမလုပ်ဘူး၊
အာဏာကို ကိုင်စွဲချင် ကိုင်စွဲထားမယ်၊ ဒါပေမယ့် သူတို့ဟာ ပြည်သူလူထုရဲ့ အကျိုး
စီးပွားလေးကိုတော့ ထောက်ထားသေးတယ်၊ ကြည့်ရှုသေးတယ်၊ စောင့်ရှောက်သေး
တယ်လို့ ပြောလို့ရတယ်။
“ကျမတို့နိုင်ငံမှာကြတော့ ဒီမိုကရေစီ မရှိရုံတင်မကဘူး၊ အာဏာရှင်တွေက အရမ်းကို အကျင့်ပျက်တယ်၊ အရမ်းကို အကျင့်စာရိတ္တ နိမ့်ကျတယ်။ နောက်ပြီးတော့ သူတို့
အတွက် ကောင်းဖို့ပဲကြည့်ပြီး ပြည်သူလူထု ကောင်းဖို့ဆိုတာကို တချက်လေးမှ
မထောက်ထားဘူး။ အဲဒီဟာကလည်း ကွာခြားပါတယ်”

အဲဒါကတော့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့က မနေ့ကထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ ကလေးသူငယ်များရဲ့ အခြေအနေဆိုင်ရာ အစီရင်ခံစာပါ မြန်မာနိုင်ငံရဲ့ အခြေအနေ
တွေနဲ့ဆက်စပ်ပြီး ကနေဒါနိုင်ငံ၊ အယ်လ်ဘားတားတက္ကသိုလ်က ကထိက
ဒေါက်တာခင်စောဝင်း သုံးသပ်ပြောဆိုသွားတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG