သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ၃ ဦး ဆော်ဒီအာရေဗီးယားမှာ ဓားပြမှုအတွက် ကွပ်မျက်ခံရ


ဆော်ဒီအာရေဗီးယားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားသုံးဦးကို အိမ်ဖောက်
ထွင်းမှု၊ ဓားပြမှုတွေနဲ့ မနေ့က ဆော်ဒီအာဏာပိုင်တွေက သေဒဏ်ပေး၊ ခေါင်းဖြတ်
ကွပ်မျက်လိုက်ကြပါတယ်။ အိမ်တအိမ်ကို ဖောက်ထွင်းဝင်ရောက်ပြီး အမျိုးသမီးတဦး
ကို ကြိုးတုပ်၊ ဓားနဲ့ထောက်ပြီး ရွှေထည်ပစ္စည်းတွေကို ဓားပြတိုက်ခဲ့မှုနဲ့ သူတို့
သုံးယောက်ကို မက္ကာမြို့မှာ မနေ့က ကွပ်မျက်လိုက်တာပါ။

ဓားပြမှု၊ လူသတ်မှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုနဲ့ အပြစ်ပေးခံရသူ
တွေကို ဆော်ဒီအာဏာပိုင်တွေက လူမြင်ကွင်းမှာ ခေါင်းဖြတ်ကွပ်မျက်လေ့ရှိပါတယ်။ ဒီလိုအပြစ်ပေးတာဟာ ဆော်ဒီအာရေးဗီးယားနိုင်ငံတွင်းမှာ နေထိုင်သူ မွတ်ဆလင်
တွေရော၊ မွတ်ဆလင်မဟုတ်သူတွေရောအပေါ်မှာ အစ္စလာမ်ဥပဒေ ရှာရီယာကို ကျင့်သုံးဆောင်ရွက်တာလို့ အာဏာပိုင်တွေက ပြောကြားလေ့ရှိပါတယ်။

ကွပ်မျက်ခံရတဲ့ မြန်မာနိုင်ငံသားသုံးဦးဟာ ခိုးယူခဲ့တဲ့ ရွှေထည်တွေကို ရောင်းချခဲ့ပြီး သူတို့သုံးဦးထဲက တဦးဟာ အရင်ကလည်း ခိုးမှုတွေ ကျူးလွန်ခဲ့ဖူးသူဖြစ်တယ်လို့
အာဏာပိုင်တွေက ဆိုပါတယ်။ မနှစ်က ဖေဖော်ဝါရီလမှာလည်း လက်နက်ကိုင်ဓားပြ
တိုက်ခဲ့မှုနဲ့ သီရိလင်္ကာနိုင်ငံသား လေးဦးကို ဆော်ဒီအာဏာပိုင်တွေက ခေါင်းဖြတ်
ကွပ်မျက်ခဲ့ပြီး နယူးယော့ခ်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်တဲ့ Human Right
Watch အဖွဲ့ကြီးကတော့ အမှုအခင်းကို ဟန်ပြလေးသာတရားစီရင်ပြီး အခုလို ကွပ်မျက်ခဲ့တာဖြစ်တယ်လို့ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

ဆော်ဒီအာရေးဗီးယားမှာ လူဦးရေ ၂၄ သန်းရှိပြီး ၇ သန်းဟာ နိုင်ငံခြားက လာရောက် အလုပ်လုပ်ကိုင်သူတွေ ဖြစ်ကြပါတယ်။ နိုင်ငံခြားသားတွေကြောင့် ရာဇဝတ်မှုတွေ တိုးပွားလာနေတယ်လို့ ဆော်ဒီသတင်းမီဒီယာတွေက ပြောဆိုနေကြတာပါ။

ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ ဆော်ဒီအာရေးဗီးယားရဲ့ ငွေကြေးဖောင်းပွမှုနှုန်း ၆.၅ ရာခိုင်နှုန်း
အထိ ထိုးတက်သွားခဲ့ပြီး အခြေခံလူနေမှုစရိတ် ကြီးမြင့်လာမှုအပေါ် သာမန် ဆော်ဒီ
နိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေ ခံစားနေကြရပြီး အုပ်ချုပ်တဲ့ ဆော်ဒီတော်ဝင်
မိသားစုကတော့ ရေနံဈေးနှုန်း မြင့်တက်လာနေမှုအပေါ်က အကျိုးအမြတ်တွေနဲ့ စံစား
နေကြတယ်လို့ ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG