သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ကလေးငယ်သေဆုံးမှုများပြား - ယူနီဆက်ဖ်


မြန်မာနိုင်ငံမှာ အသက်ငါးနှစ်အောက် ကလေးသေဆုံးမှု
နှုန်းဟာ အာရှမှာ အာဖဂန်နစ္စတန်ပြီးရင် ဒုတိယအများ ဆုံးဖြစ်နေတယ်လို့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ ကလေးသူငယ်များရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) ရဲ့ ကမ္ဘာ့
ကလေးသူငယ်များ အခြေပြ အစီရင်ခံစာမှာ ဖော်ပြပါ
တယ်။ အခုလိုမျိုး မြန်မာကလေးငယ်တွေအတွက် စိုးရိမ်မကင်းရောက်နေရတဲ့ အခြေ အနေနဲ့ပတ်သက်လို့ ထိုင်းအခြေစိုက် ယူနီဆက်ဖ်ရုံးရဲ့ အရှေ့တောင်အာရှဒေသရုံး
လက်ထောက် ညွှန်ကြားရေးမှူး ရစ်ချတ်ဘရိုင်ဒန်ကို ဒေါ်လှလှသန်းက ဆက်သွယ်
မေးမြန်း တင်ပြထားပါတယ်။

ကုသလွယ်၊ ကာကွယ်လွယ်တဲ့ ရောဂါတွေဖြစ်ပေမယ့် အခြေအနေမပေးတဲ့အတွက်
ကြောင့် မြန်မာနိုင်ငံမှာ အသက်ငါးနှစ်အောက်ကလေးတွေ သေဆုံးမှုနှုန်းဟာ အာရှမှာ ဒုတိယအမြင့်ဆုံးဖြစ်တာ တွေ့ရတယ်လို့ ယူနီဆက်ဖ် အရှေ့တောင်အာရှဒေသန္တရရုံးရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ရစ်ချတ်ဘရိုင်ဒန်က ပြောပါတယ်။
“မြန်မာနိုင်ငံမှာ အသက်ငါးနှစ်အောက်ကလေးတွေ သေဆုံးမှုနှုန်းဟာ ကလေး ၁,၀၀၀
မှာ ၁၀၄ ဦးရှိတဲ့အတွက် ဒါဟာ အာရှမှာ အာဖဂန်နစ္စတန်ပြီးရင် ဒုတိယအမြင့်ဆုံးပါပဲ။
မြန်မာနိုင်ငံမှာ ခုလို ကလေးတွေ သေဆုံးမှုနှုန်း မြင့်မားရတာကြောင့် စိုးရိမ်မကင်း
ဖြစ်စရာကတော့ အမှန်ပါပဲ။ ပထမအနေနဲ့ကတော့ ကလေးတွေ အခုလိုသေဆုံးကြ
တာကို ယူနီဆက်ဖ်က မမြင်လိုပါဘူး။ ဒုတိယကတော့ တခြား အရှေ့တောင်အာရှ
ဒေသတွင်းနိုင်ငံတွေလို မြန်မာနိုင်ငံမှာ ကလေးတွေအခြေအနေဟာ တိုးတက်မှုမရှိ
တာ တွေ့ရတဲ့အချက်ပါပဲ” လို့ မစ္စတာ ဘရိုင်ဒန်က ပြောသွားတာဖြစ်ပါတယ်။

ကမ္ဘောဒီးယားမှာ ငါးနှစ်အောက်ကလေးသေဆုံးမှုနှုန်းဟာ ၁,၀၀၀ မှာ ၈၂ ဦးရှိပြီး
ထိုင်းနိုင်ငံမှာ ကလေး ၁,၀၀၀ မှာ ၈ ဦးသာ သေဆုံးတာတွေ့ရတယ်လို့လည်း သူက
ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကလေးတွေ ခုလိုသေဆုံးကြရတာ အများဆုံးကတော့ အသက်ရှူလမ်းကြောင်းရောဂါ၊ အဆုပ်အအေးမိရောဂါ၊ ဝမ်းလျှောရောဂါနဲ့ မီးတွင်း
သေဆုံးမှုဖြစ်တယ်လို့လည်း သိရပါတယ်။ စုစုပေါင်း မြန်မာနိုင်ငံမှာ တနှစ်တနှစ်ကို ကလေးတွေသေဆုံးတာဟာ တသိန်းနဲ့ တသိန်းခွဲကြား ရှိတဲ့အတွက် နေ့စဉ်နှုန်းနဲ့
တွက်ရင်တော့ ၂၇၄ ဦးနဲ့ ၄၁၁ ဦးကြားရှိတယ်လို့ ဆိုနိုင်တယ်လို့လည်း အစီရင်ခံစာ
မှာ ထောက်ပြထားတာ တွေ့ရပါတယ်။

အခုလို အသက်ငါးနှစ်အောက်ကလေးတွေ သေဆုံံးမှုနှုန်း မြင့်မားရတဲ့ အကြောင်းရင်း
တွေကို မေးကြည့်ခဲ့ပါတယ်။ မစ္စတာဘရိုင်ဒန်က …
“အဓိကကတော့ စီးပွားရေးအခြေအနေကြောင့်ပါပဲ။ မြန်မာနိုင်ငံဟာ အရှေ့တောင်
အာရှမှာ တဦးကျဝင်ငွေ အနိမ့်ဆုံးနိုင်ငံတွေထဲမှာ ပါဝင်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှု အခြေခံယန္တရား အဆောက်အဦရဲ့ အားနည်းချက်
တွေနဲ့ ရင်ဆိုင်နေရတဲ့ အကဲစမ်းမှုတွေကို ဖြေရှင်းနိုင်စွမ်းနည်းလို့ပါပဲ” လို့ မစ္စတာ
ဘရိုင်ဒန်က ပြောသွားတာဖြစ်ပါတယ်။

အထူးသဖြင့် သူထောက်ပြခဲ့တာကတော့ ကလေးတွေ ပညာသင်ကြားခွင့်မရတဲ့
အချက်ပါပဲ။
“အလယ်တန်းပညာရေးကို ဆက်သင်နိုင်တဲ့ ယောကျ်ားလေးတွေဟာ ၁၀၀ မှာ
၃၈ ဦး၊ မိန်းကလေးက ၃၇ ဦးဆိုတော့ မြန်မာနိုင်ငံမှာ အလယ်တန်းပညာရေး ဆက်
တက်နိုင်တဲ့ မြန်မာကလေးဟာ သုံးပုံတပုံလောက်ပဲ ရှိတဲ့သဘောပါ။ အလယ်တန်း
ပညာရေး မသင်နိုင်ကြရင် ကျန်းမာရေးလုပ်ငန်းတွေမှာ လိုအပ်တဲ့ သူနာပြုတို့၊ ဆရာ
ဝန်တို့လည်း နိုင်ငံက မွေးထုတ်ပေးနိုင်တာ နည်းပါးသွားမှာမို့ နိုင်ငံ့ရဲ့ရှေ့ရေးကတော့
အတော်လေး စိုးရိမ်စရာပါပဲ” လို့ မစ္စတာဘရိုင်ဒန်က ပြောသွားတာဖြစ်ပါတယ်။

ကလေးတွေသေဆုံးမှုနှုန်း မြင့်မားတာဟာ ကလေးတွေရဲ့ အခြေအနေကို ထင်ဟပ်
ပေါ်လွင်စေတယ်လို့လည်း သူကပြောပါတယ်။ သူ ကချင်ပြည်နယ်ကို သွားရောက်ခဲ့
စဉ်က ကလေးလုပ်အားအသုံးပြုမှုကို တွေ့ရတဲ့အတွက်လည်း အတော်လေး စိုးရိမ် မကင်းဖြစ်မိတယ်လို့ မစ္စတာဘရိုင်ဒန်က ပြောပါတယ်။
“ကျောင်းတက်ရတဲ့အရွယ်မှာ ကျောင်းမတက်ရဘဲ အပြင်အလုပ် ထွက်လုပ်နေကြတာ
ကို တွေ့ခဲ့ရပါတယ်။ ကျနော်ရပ်နားခဲ့တဲ့ လက်ဖက်ရည်ဆိုင်တိုင်းမှာ ကလေးတွေ အလုပ်လုပ်နေကြတာကို တွေ့ရသလို ကားပြင်ဆိုင်တွေမှာရော၊ တခြားလုပ်ငန်းတွေမှာ
ပါ တွေ့ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ ကလေးတွေအတွက် အခက်အခဲတွေ အများကြီး
ရှိနေတာ တွေ့ရပါတယ်။ ဒီပြဿနာတွေဟာ ဖြေရှင်းလွယ်တဲ့ ပြဿနာတွေပါ။
ဒါကြောင့်လည်း မြန်မာအစိုးရကို တိုက်တွန်းချင်တာက ဒီအချက်ကို ဦးစားပေး ဂရု
စိုက်ပါ ဆိုတာပါပဲ” လို့ မစ္စတာဘရိုင်ဒန်က ပြောသွားတာဖြစ်ပါတယ်။

အထူးသဖြင့် အရှေ့တောင်အာရှ အစိုးရတွေအနေနဲ့ ကျန်းမာရေးအတွက် အသုံးစရိတ်
လျာထားတာ နည်းပါးကြတာ ယေဘုယျအားဖြင့် တွေ့ရပြီး မြန်မာနိုင်ငံလည်း အဲဒီထဲ
မှာပါဝင်တယ်လို့ သူကဆိုပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေကတော့ မြန်မာစစ်အစိုးရ
ဟာ နိုင်ငံရဲ့ အစိုးရအသုံးစရိတ်ဘတ်ဂျက်မှာ ကျန်းမာရေးအတွက် ၃ ရာခိုင်နှုန်းသာ
သုံးစွဲပြီး ကာကွယ်ရေးအသုံးစရိတ်အတွက်တော့ ၄၀ ရာခိုင်နှုန်းသုံးစွဲတယ်လို့
ထောက်ပြကြတာ ရှိပါတယ်။

သူ့အနေနဲ့ နိုင်ငံတကာကို ပန်ကြားလိုတာကတော့ …
“နိုင်ငံတကာလူ့အဖွဲ့အစည်းအနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ နိုင်ငံရေး စိုးရိမ်မကင်း ဖြစ်မှု
တွေကြောင့် Sanctions လို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်သလို နိုင်ငံ့အတွက် လူသား
ချင်းစာနာမှု လိုအပ်ချက်တွေပေါ်မှာတော့ နိုင်ငံရေးအကြောင်းကြောင့် အထောက်အကူ
တွေ မဖြတ်တောက်ပါနဲ့။ ကလေးတွေ အသက်ထပ်မသေစေပါနဲ့” လို့ ယူနီဆက်ဖ် လက်ထောက်ညွှန်ကြားရေးမှူးက ပန်ကြားသွားတာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာစစ်အစိုးရအနေနဲ့လည်း နိုင်ငံရဲ့ အရင်းအမြစ်တွေကို နိုင်ငံသားတွေရဲ့
ကျန်းမာရေး ပြုစုစောင့်ရှောက်မှုအတွက် ပိုပြီးသုံးစွဲလျာထားဖို့ အရေးကြီးတဲ့အကြောင်း
နဲ့ လူသားချင်းစာနာမှု အထောက်အကူပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို
လည်း အလိုအပ်ဆုံးလူတွေထံ အရောက်ပို့နိုင်ဖို့ အခွင့်အလမ်းတွေ မြန်မာအစိုးရက ဖန်တီးပေးသင့်တယ်လို့လည်း ယူနီဆက်ဖ်တာဝန်ခံက တိုက်တွန်းသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG