မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ လူမှုအကျပ်အတည်းတွေကို တတပ်တအား ကူညီဖြေ
ရှင်းတဲ့အနေနဲ့ အလှူဒါနလုပ်တဲ့နေရာမှာ လူငယ်တွေလည်း ပါဝင်လှုပ်ရှားနေကြပါ
တယ်။ ဒီအထဲက ရန်ကုန်မြို့က အင်တာနက်အွန်လိုင်းမှာ စုံစည်းကြတဲ့ လူငယ်တွေရဲ့ အလှူဒါနလုပ်ငန်းကလည်း အတော်ကလေး ခရီးရောက်နေပြီလို့ သိရပါတယ်။
အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
ရန်ကုန်မြို့က လူငယ်တချို့က သူတို့ရဲ့အားလပ်ချိန်ကလေးတွေမှာ တခြား အပျော်အပါး
တွေနဲ့ လေလွင့်အချိန်မဖြုန်းဘဲ အကျိုးရှိရှိ အသုံးချဖို့စိတ်ကူးနဲ့ အခုလို လူမှုရေး
လုပ်ငန်းတွေမှာ ကူညီဆောင်ရွက်နေခဲ့ကြတာပါ။ လွန်ခဲ့တဲ့ ၂ နှစ်က ရန်ကုန်မြို့ လှိုင် သာယာမြို့နယ်က မီးဘေးသင့်သူတွေကို ကူညီရာက အခုလို တစိုက်မတ်မတ် အလှူ
အတန်းတွေ လုပ်ကိုင်လာကြတာလည်း ဖြစ်ပါတယ်။ အွန်လိုင်းအလှူရှင်များလို့
အမည်ပေးထားတဲ့ ဒီအဖွဲ့ စုစည်းဆောင်ရွက်ဖြစ်တဲ့အကြောင်းနဲ့ပတ်သက်လို့ အဖွဲ့ဝင်
အသက် ၂၂ နှစ်အရွယ် လူငယ်တဦးက အခုလိုဆိုပါတယ်။
“ကျနော်တို့ ၂၀၀၅ မှာ ကျနော်တို့သူငယ်ချင်းတွေပေါင်းပြီး အလှူတခုလုပ်မယ် ဆိုပြီး
တော့ အဲလိုလုပ်ရင်းကနေ စလုပ်ဖြစ်သွားတာပါ။ အဲလိုလုပ်ရင်းနဲ့ အမြဲ စုပေါင်းပြီး
လုပ်ကြရင် ပိုကောင်းမယ်ဆိုပြီး လုပ်ကြတာပါ။ အခုလောလောဆယ်ကတော့ မိဘမဲ့ ကလေးကျောင်းတွေ၊ ဘိုးဘွားရိပ်သာတချို့လှူတယ်။ နောက် ဆေးရုံမှာ အောက်ဆီ
ဂျင်လိုတာလှူတယ်။ ကျနော်တို့သူငယ်ချင်းတွေစုပြီး တလကို နှစ်ထောင်စီစုပြီး ထည့်
ကြတယ်။ အဲဒီထဲမှာ တခြားထည့်နိုင်တဲ့ လူတွေကတော့ ပိုပြီးလှူကြတယ်။ ဥပမာ အောက်ဆီဂျင်လှူဖို့ရှိတယ်ဆိုရင် သူတို့တွေက ထပ်ထည့်ကြသေးတယ်”
ပုံမှန်စုဆောင်းရရှိငွေရယ်လို့ သတ်သတ်မှတ်မှတ် မရှိပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်ကစလို့
အခုလို အလှူအတန်းတွေကို တတ်အားသရွေ့ လုပ်ဆောင်လာတာ အခုဆို ခန့်မှန်းချေ မြန်မာငွေတန်ဖိုး ၁၀ သန်းလောက်အထိ လှူဒါန်းခဲ့ပြီးပြီလို့လည်း ဆိုပါတယ်။ အခုဆို
ရင် ဒီလုပ်ငန်းကို စိတ်ဝင်စားလို့ ပါဝင်လာသူ ရာဂဏန်းကျော်အထိ ရှိနေပြီလို့လည်း
သိရပါတယ်။ ဒီလို လူငယ်တွေ လူမှုရေးအထောက်အပံ့ အကူအညီပေးရေး လုပ်ငန်း
တွေမှာ ပါဝင်ဆောင်ရွက်ဖြစ်လာကြတဲ့ အကြောင်းကိုလည်း မေးကြည့်ပါတယ်။
“ဘယ်လိုကြောင့် စလုပ်ဖြစ်လဲဆိုတော့ ကျနော်တို့သူငယ်ချင်းတွေစုပေါင်းပြီး အလှူ
လေးတွေလုပ်တယ်။ လုပ်တော့ တခြားသူတွေကမြင်တယ်။ မြင်တော့ ကျနော်တို့လိုပဲ လိုက်လုပ်ကြတယ်။ တချို့လည်း ကျနော်တို့လို Group လေးတွေရှိပါတယ်။ လိုက်လုပ်
ကြတော့ ဘာပဲပြောပြော တချို့ လူငယ်တော်တော်များများရဲ့စိတ်ထဲမှာ ငါတို့တွေက
လူငယ်တွေပဲ၊ အလှူအတန်းဆိုတာ လုပ်စရာမလိုဘူး၊ အလှူအတန်းလုပ်တယ်ဆိုတာ အသက်ကြီးတဲ့အခါမျိုးတွေ၊ ကိုယ်ပိုင်ပိုက်ဆံရှာနိုင်မှ လှူတာကောင်းတယ်လို့ ထင်ကြ
တယ်။ ကျနော်တို့ကျတော့ ကျနော်တို့ရတဲ့မုန့်ဘိုးထဲက၊ ဒီမှာဆို အင်တာနက်တနာရီ
သုံးမယ်၊ ဂိမ်းတနာရီကစားမယ်ဆိုရင် ငါးရာရှိတယ်။ အဲဒီငါးရာက မိဘမဲ့ကလေး
ကျောင်းမှာ ကလေးတယောက်ရဲ့ မနက်စာ၊ နေ့လယ်စာ၊ ညစာ၊ တရက် သူအသက်
ဆက်ရှင်ဖို့အတွက်၊ စားဖို့အတွက် စားစရိတ်ရတယ်။ အဲလိုမျိုးကွာတယ်။
“ကျနော်တို့ ဒီမှာ တနာရီလေး ခဏလေးသုံးလိုက်ရုံနဲ့ ကုန်သွားမယ့်ပိုက်ဆံက ဒီမှာ ဘယ်လောက်အကျိုးရှိတယ်ဆိုတာ။ ဥပမာ တနေ့ကို နှစ်နာရီကစားမယ်ဆိုရင် တနာရီ လျှော့ကစားဖြစ်သွားတာပေါ့နော်၊ သူ့စိတ်ထဲမှာ အဲလိုမျိုးလေး ဖြစ်သွားတယ်။ ဘာပဲ
ဖြစ်ဖြစ် အဲလိုစိတ်လေးဖြစ်သွားတော့ သူများကို ကူညီချင်တဲ့စိတ်လည်း ဖြစ်သွားတယ်
ဆိုတော့ စိတ်ဓာတ်မြင့်မားတာပေါ့။ နိုင်ငံတနိုင်ငံမှာက ချမ်းသာဖို့ဆိုတာထက် လူတွေ
အားလုံးရဲ့ စိတ်ဓာတ်ရေးရာမြင့်မားဖို့ကလည်း အရေးကြီးတဲ့ကဏ္ဍတခုမှာရှိတယ်လို့ ကျနော်ယူဆတယ်”
ရန်ကုန်မြို့က လူမှုရေးကူညီထောက်ပံ့မှု ဆောင်ရွက်နေတဲ့ လူငယ်တဦး ပြောပြသွား
တာပါ။ မြန်မာနိုင်ငံမှာ ကျန်းမာရေး၊ ပညာရေး အစရှိတဲ့ ပြဿနာ အပါအဝင် လူမှုရေး အကျပ်အတည်းတွေ ကြီးထွားနေပြီး ကူညီထောက်ပံ့မှုတွေ အကြီးအကျယ် လိုအပ်နေ
တယ်လို့လည်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြောဆိုထားတာ
ပါ။ တချိန်တည်းမှာပဲ မြန်မာစစ်အစိုးရ အာဏာပိုင်တွေက လူမှုရေးလုပ်ငန်းလုပ်ကိုင်
သူတွေ၊ အသင်းအဖွဲ့တွေအပေါ် ထိန်းချုပ်မှုတွေ ရှိနေတာကြောင့် သူတို့ရဲ့လုပ်ငန်းတွေ
ကို ကောင်းကောင်းမွန်မွန် မလုပ်ကိုင်နိုင်ကြဘူးလို့လည်း ထောက်ပြပြောဆိုမှုတွေ
ရှိကြပါတယ်။