သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကုတ်မြို့မှာ အစိုးရဆန့်ကျင်ရေးစာတွေ ဖြန့်ဝေ


လုံခြုံရေးအာဏာပိုင်တွေရဲ့ စောင့်ကြည့်မှုတွေကြားက မြန်မာစစ်အစိုးရကို တိုက်တွန်း တောင်းဆိုတဲ့စာတွေ ဒီကနေ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ဒီမိုကရေစီရေး
လှုပ်ရှားသူတွေလို့ ယူဆရသူတွေက ကပ်ခဲ့ကြတယ်လို့ သိရပါတယ်။ မကြာသေးခင် ရက်ပိုင်းတွေကလည်း အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပေါ်ပေါက်ခဲ့တဲ့
တောင်ကုတ်မြို့က ဒီ နောက်ဆုံးလှုပ်ရှားမှုနဲ့ပတ်သက်လို့ ကိုအောင်လွင်ဦးက တင်ပြ
ပေးထားပါတယ်။

ဘယ်သူဘယ်ဝါ လက်ချက်မှန်းမသိဘဲ တောင်ကုတ်မြို့က လူစည်ကားရာနေရာတချို့
မှာ မြန်မာစစ်အစိုးရကို တိုက်တွန်းတောင်းဆိုထားတာတွေ ပါဝင်တဲ့စာတွေ ကပ်ထား
တာကို ဒီကနေ့ မနက်စောစောပိုင်းမှာ မြို့ခံတွေက တွေ့ခဲ့ကြရတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်း တွေကတည်းက ကြိုကြားကြိုကြားဆိုသလို အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဖြစ်ပွား
နေတဲ့ တောင်ကုတ်မြို့က အခုနောက်ဆုံးတွေ့ကြရတဲ့ လှုပ်ရှားမှုနဲ့ပတ်သက်ပြီး မြို့ခံ
တယောက်က အခုလိုပြောပြပါတယ်။

“ပိုစတာ ဘယ်သူကလာပြီးကပ်သွားမှန်းတော့ မသိဘူးဗျ။ ဖြစ်တာက တောင်ကုတ်မြို့ ပြည်သူ့ဆေးရုံအနီးရယ်၊ ပြီးတော့ ပြည်သူ့ဆေးရုံနားမှာ ပြန်ကြားရေးနဲ့ ပြည်သူ့
ဆက်ဆံရေးက ကြော်ငြာစာတွေ၊ Notice တွေကပ်တာရှိတယ်ဗျ။ အဲဒီနားမှာ လာကပ်
ထားတာ။ နောက်တနေရာက ဆေးရုံကွက်သစ်ဈေးလေးပေါ့။ အဲဒီမှာ လာကပ်ထား
တာ။ လူမြင်စရာ လူမြင်ကွင်းတွေမှာ အဲဒီလိုကပ်ထားတာ၊ ချိတ်ထားတာပဲ။ နောက်
တခုက စစ်တွေတို့၊ ကျောက်ဖြူတို့ကိုထွက်တဲ့ မော်တော်ဆိပ်၊ အဲဒီမှာကပ်တာ”

နောက်ပိုင်းမှာတော့ ဒီလိုတောင်းဆိုမှုတွေပါဝင်တဲ့ စာတွေကို လုံခြုံရေး အာဏာပိုင်
တွေက လာရောက်သိမ်းဆည်းသွားခဲ့ပေမယ့် ဒီကိစ္စနဲ့ပတ်သက်လို့ ဘယ်သူဘယ်ဝါ
လက်ချက်မှန်း ရှင်းရှင်းလင်းလင်း မသိရသေးတော့ အာဏာပိုင်တွေဘက်က ဖမ်းတာ ဆီးတာတွေတော့ မရှိသေးဘူးလို့လည်း တောင်ကုတ်မြို့ခံက ပြောပါတယ်။

“ဒီနေ့မနက် ၈ နာရီလောက်မှာ အာဏာပိုင်တွေက အဲဒီပိုစတာတွေကို လာပြီးခွာသွား
တယ်။ မြို့နယ်ရဲတပ်ဖွဲ့က လာပြီးခွာယူသွားတယ်။ ပိုစတာမှာပါတဲ့ စာတွေကတော့ ကမ္ဘာ့ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လေးစား
လိုက်နာပါ။ ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံးပြန်လွှတ်ပေးပါ။ ဖမ်းဆီးခံထားရ
သော ရဟန်းသံဃာများနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို အမြန်ဆုံးပြန်လွှတ်
ပေးပါ။ ဥပဒေမဲ့ အကြမ်းဖက်ဖမ်းဆီးမှုများအား အမြန်ဆုံးရပ်တန့်ပေးပါရန်။ အမြန်ဆုံး တွေ့ဆုံဆွေးနွေးအဖြေရှာပါ။ အဲဒါတွေပါတယ်ဗျ။ ကပ်တဲ့လူတွေက ဘယ်အချိန်
လောက်က လာပြီးကပ်သွားမှန်းလဲ မသိဘူး။ ပြီးတော့ ကပ်တဲ့လူကိုလည်း မသိဘူး၊ ဘယ်အချိန်ကလာကပ်သွားမှန်းလဲမသိတော့ အာဏာပိုင်တွေကတော့ ကပ်တဲ့လူနဲ့
ပတ်သက်ပြီး အခုချိန်ထိ အဖမ်းအဆီး တစုံတရာ မရှိသေးဘူး”

ဒီလ ၂၂ ရက်နေ့တုန်းကလည်း တက်ကြွလှုပ်ရှားသူ လူငယ် ၂ ယောက်က
တောင်ကုတ်မြို့မှာ အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံတွေကို စက်ဘီးစီးပြီး လှည့်လည် အော်ဟစ်ခဲ့ကြလို့ ဖမ်းဆီးခံခဲ့ရပါသေးတယ်။ အဲဒီမတိုင်ခင် တပတ်တုန်းကလည်း
သံဃာတော်တွေနဲ့ အရပ်သားတချို့က ဆန္ဒပြပွဲတွေပြုလုပ်ဖို့ ကြိုးပမ်းခဲ့တာကိုလည်း လုံခြုံရေးအာဏာပိုင်တွေက တားဆီးခဲ့တာပါ။ ဒီလိုအခြေအနေမှာ တောင်ကုတ်မြို့မှာ လုံခြုံရေးအထူးတင်းကျပ်ထားတယ်လို့လည်း ဆိုပါတယ်။

“လုံခြုံရေးအခြေအနေကတော့ ကျနော်သိသလောက်ဆိုရင် တခြားမြို့နယ်တွေက
တောင် အင်အားထပ်ဖြည့်ပြီးတော့ တင်းတင်းကျပ်ကျပ်လုပ်ထားတယ်။ အဲဒီမှာ
မျက်နှာစိမ်းတွေ၊ ဒီကမသိတဲ့လူတွေကို အများကြီးထပ်ဖြည့်ထားတယ်လို့တော့ သိရ
တယ်။ စစ်တပ်တော့မရှိဘူး၊ ရဲတွေ၊ အက်စ်ဘီတွေ၊ ကြံ့ဖွံ့တွေ ဘာတွေကတော့ အရပ်
ဝတ်နဲ့ရှိတယ်။ ရဲတွေကတော့ လည်ပင်းမှာ လည်ပတ်စည်းပြီးတော့ တချို့ကျတော့
လည်း ဒိုင်းတွေ၊ နံပါတ်တုတ်တွေနဲ့ လက်နက်အပြည့်အစုံတပ်ဆင်ပြီးတော့ အကုန်လုံး
ကတော့ ဖုန်းတလုံးစီကတော့ လူတိုင်းလိုလိုမှာပါတယ်။ အဓိကအားဖြင့်တော့
တောင်ကုတ်မြို့ရဲ့ သမိုင်းဝင် ဖောင်တော်ဦးစေတီရယ်၊ နောက်ပြီးတော့ လူစည်ကားတဲ့ လက်ဖက်ရည်ဆိုင်တွေရယ်၊ လူအသွားအလာများတဲ့ လမ်းထောင့်တွေရယ်၊ အဲလိုနေရာ
တွေမှာ လုံခြုံရေးတွေချထားတယ်”

ပြီးခဲ့တဲ့စက်တင်ဘာ သံဃာတော်တွေဦးဆောင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေတုန်းကလည်း တောင်ကုတ်မြို့လူထုက တက်တက်ကြွကြွ ပါဝင်ခဲ့ကြတာပါ။ အာဏာပိုင်တွေက
ဒီလှုပ်ရှားမှုတွေကို အင်အားသုံးဖြိုခွဲခဲ့တဲ့နောက်မှာလည်း ဒီလို လူထုလှုပ်ရှားမှုတွေ ဆက်လုပ်သွားမယ်ဆိုပြီး တက်ကြွလှုပ်ရှားသူတွေက ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG