သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ ခေါင်းဆောင်များကို ပြင်းထန်သောပြစ်ဒဏ် ပေးဖွယ်ရှိဟု လူ့အခွင့်အရေးရှေ့နေ ခန့်မှန်း


ဖမ်းဆီးခံထားရတာ ငါးလကြာပြီဖြစ်တဲ့
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ
ကို တရားမဝင် စာရွက်စာတမ်း ပုံနှိပ်ထုတ်
ဝေမှု၊ ပုဒ်မ ၁၇/၂၀ နဲ့ စွဲချက်တင်ထားပါ
တယ်။ အရင်တုန်းကတော့ မြန်မာစစ်အစိုးရ အာဏာပိုင်တွေက ဒီ့ထက်ပြင်းထန်တဲ့ စွပ်စွဲ
ချက်တွေ ပြောခဲ့ဖူးတာရှိပါတယ်။ အခုကျ
တော့ ပုံနှိပ်အက်ဥပဒေနဲ့ စွဲချက်တင်တယ်
ဆိုတာဟာ အာဏာပိုင်တွေဘက်က လျှော့
လျှော့ပေါ့ပေါ့ အရေးယူမယ့်သဘောများ
လား၊ အကြောင်းစုံကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

လျှော့လျှော့ပေါ့ပေါ့ အရေးယူမယ်ဆိုတဲ့သဘောထက် လောလောဆယ်မှာ ပိုပြီး
သေချာတဲ့ပုဒ်မ တပ်ထားတယ်လို့ဆိုရင် ပိုမှန်နိုင်ပါလိမ့်မယ်။ လျှော့လျှော့ပေါ့ပေါ့ အရေးယူမယ့်အလားအလာတော့ မဟုတ်ဘူးဆိုတာကို အခိုင်အမာငြင်းဆိုသူကတော့
မြန်မာနိုင်ငံရှေ့နေများကောင်စီနဲ့ အာရှလူ့အခွင့်အရေးကောင်စီက ရှေ့နေ
ဦးမင်းလွင်ဦးပါ။

“ကျနော်တော့ အဲဒီလို မမြင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရေးပေါ်စီမံမှု အက်ဥပဒေ
ပုဒ်မ ၅/ည နဲ့သော်လည်းကောင်း၊ နိုင်ငံတော်ပုန်ကန်မှုတွေနဲ့သော်လည်းကောင်း အရေးယူမယ်ဆိုရင် သူတို့ပြောထားတဲ့စကား ရှိပါတယ်။ ကျနော်တို့ နိုင်ငံရေးအကျဉ်း
သား တဦးမှမရှိပါဘူး၊ နိုင်ငံရေးမှုတွေနဲ့ဖမ်းထားတဲ့လူ တယောက်မှမရှိပါဘူးဆိုတဲ့ သူတို့ပြောထားတဲ့စကားကို သူတို့ကိုယ်တိုင် ပြန်ပြီး အထုပ်ဖြည်ပြသလိုဖြစ်မယ်။
နောက်ပြီးတော့ ၅/ည တို့၊ ၁၂၄ တို့နဲ့ စွဲဆိုရလောက်အောင်လည်း အထောက်အထား
ခိုင်ခိုင်လုံလုံ သူတို့မှာ ရှိတာမဟုတ်ဘူး။ သူတို့ရဲ့အရှက်ကို ကာကွယ်နိုင်ဖို့အတွက် ဒီပြစ်မှုဆိုင်ရာဥပဒေ၊ ပုံနှိပ်ဥပဒေတွေနဲ့ အရေးယူဖို့ ဖန်တီးတယ်လို့ပဲ ကျနော်တို့က
ယူဆပါတယ်”

ပုံနှိပ်အက်ဥပဒေနဲ့ စွဲချက်တင်ထားလို့ ပြစ်ဒဏ်ချမှတ်တာ လျှော့ပေါ့လိမ့်မယ်လို့လည်း ဦးမင်းလွင်ဦးက မယူဆပါဘူးတဲ့။ အရင်ဖြစ်ခဲ့ဖူးတဲ့ ဖြစ်ရပ်တွေကို ဥပမာပေးပြီး သူက
ခုလို ရှင်းပြခဲ့ပါတယ်။

“ရှမ်းတိုင်းရင်းသားခေါင်းဆောင်တွေအမှုမှာ စိုင်းညွန့်လွင်ဟာ ပုံနှိပ်အက်ဥပဒေပုဒ်မ
၁၇/၂၀၊ ၇ နှစ်၊ ၇ နှစ်၊ ၁၄ နှစ်အပိုဆောင်းပြီးကျသွားတာကို တွေ့ရတယ်။ ထို့နည်းတူ
ယခင့်ယခင်က မုံရွာအောင်ရှင်တို့၊ ဦးနိုင်းနိုင်းတို့အမှုတွေမှာလည်း အဲဒီလိုပဲ ပုဒ်မ ၁၇
နဲ့ ၇ နှစ်၊ ပုဒ်မ ၂၀ နဲ့ ၇ နှစ်၊ သီးခြားစီကျခံစေဆိုတော့ ၁၄ နှစ် အဲလိုမျိုးတွေ သူတို့
ချမှတ်တတ်တဲ့ အလေ့အထတွေရှိတယ်။ ဒါကြောင့် ကျနော်ကတော့ နအဖစစ်အစိုးရ
အနေနဲ့ ညှာညှာတာတာ၊ သက်သက်ညှာညှာ လုပ်တယ်လို့တော့ ကျနော်မထင်ဘူး”

ပုံနှိပ်အက်ဥပဒေဆိုတာနဲ့ အရေးယူတာတောင် လျှော့ပေါ့မယ့်အလားအလာက မရှိဘူး
ဆိုတော့ စွဲချက်တင်ခံရသူတွေဘက်က ဥပဒေကြောင်းအရ ရသင့်ရထိုက်တဲ့ အခွင့်
အရေးတွေရပြီး တရားနည်းလမ်းနဲ့အညီ ခုခံချေပနိုင်မယ့် အလားအလာကရော
ဘယ်လိုရှိပါမလဲ၊ ဦးမင်းလွင်ဦးကတော့ ဒီအပေါ် မျှော်လင့်ချက်သိပ်ထားတဲ့ပုံ မရှိပါ
ဘူး။

“လွတ်လပ်တဲ့တရားစီရင်ရေးအရ အများပြည်သူရဲ့ရှေ့မှောက်မှာ စစ်ဆေးစီရင်မယ်
ဆိုရင်တော့ ဒီလိုမျိုးအခွင့်အရေး ရနိုင်ပါတယ်။ ရှေ့နေငှားပြီး အမှုကို ထုချေနိုင်ခွင့်
ရခဲ့မယ်ဆိုရင် ကျနော်တို့ လွတ်လွတ်လပ်လပ် ထုချေနိုင်မှာဖြစ်တယ်။ ဒါပေမယ့် အခု သူတို့ဖွင့်ထားတဲ့ အရှေ့ပိုင်းခရိုင်တရားရုံးဆိုတာက ခရိုင်တရားရုံးလို့သာ နာမည်တပ်
ထားတာ၊ ဖွင့်ထားတာ အင်းစိန်ထောင်အတွင်းမှာဖြစ်တယ်။ အဲဒီတရားရုံးမှာ စစ်ဆေး စီရင်မယ်ဆိုရင်တော့ လွတ်လပ်စွာ ခုခံချေပခွင့်ရမှာ မဟုတ်ဘူး။ လွတ်လပ်တဲ့တရား
စီရင်ရေးနဲ့ စစ်ဆေးစီရင်ခြင်းခံရမှာ မဟုတ်ဘူးဆိုတာကို ကျနော်တို့အတွေ့အကြုံတွေ
အရ ပြောနိုင်ပါတယ်”

မြန်မာနိုင်ငံရှေ့နေများကောင်စီဝင်တဦးဖြစ်ပြီး အာရှလူ့အခွင့်အရေးကော်မရှင်မှာ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ယူဆောင်ရွက်နေတဲ့ ရှေ့နေ ဦးမင်းလွင်ဦး ပြောသွားတာပါ။

မနေ့က ထောင်ဝင်စာသွားတွေ့ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့
မိသားစုဝင်တွေဆီကနေတဆင့် သိရတာအရဆိုရင်လည်း သူတို့ကို ပုံနှိပ်အက်ဥပဒေနဲ့ စွဲချက်တင်တယ်ဆိုတာဟာ ယာယီသာဖြစ်မယ်လို့ ၈၈ မျိုးဆက်ကျောင်းသားတွေ
ကိုယ်တိုင်က ထင်မြင်ယူဆထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG