သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘုရှ်က သူ့ရဲ့ နောက်ဆုံး နိုင်ငံအခြေပြမိန့်ခွန်းမှာ မျှော်လင့်ချက်ရှိဖို့ ပြောဆို


တနင်္လာနေ့ည ၉ နာရီမှာ အမေရိကန်သမ္မတ
ဘုရှ်က အမေရိကန်နိုင်ငံသားတွေအတွက်
သူ့ရဲ့ သမ္မတသက်တမ်းအတွင်း သတ္တမနဲ့ နောက်ဆုံးအခြေပြမိန့်ခွန်းကို ပြောကြားခဲ့ပါ
တယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေ
သတင်းထောက် Paula Wolfson ကွန်ဂရက်စ်လွှတ်တော်ထဲက သတင်းပေးပို့
ထားတာကို ဦးဝင်းအောင်က တင်ပြထားပါ
တယ်။

တနင်္လာနေ့ ဒေသစံတော်ချိန် ည ၉ နာရီ
အချိန်မှာ လွှတ်တော်ရှေ့ပြေးက လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ၊ အမေရိကန်သမ္မတကြီး
ကြွလာပါပြီလို့ ကြေညာလိုက်တဲ့အခါ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်အမတ်
များက သြဘာပေးကြိုဆိုကြတဲ့အသံတွေပါ။

သူ့ရဲ့သမ္မတသက်တမ်း သတ္တမနဲ့ နောက်ဆုံး နိုင်ငံအခြေပြ နှစ်လယ်မိန့်ခွန်းပေးဖို့
အမေရိကန် အောက်လွှတ်တော်အဆောက်အဦထဲကို သမ္မတ ဂျော့ချ်ဒဗလျူဘုရှ်
ဝင်ရောက်လာတဲ့အခါ အဝင်၀ တဖက်တချက်ကနေ အမတ်တွေက နှုတ်ဆက်ကြိုဆို
ကြပါတယ်။ တီဗွီကင်မရာတွေက ရိုက်ယူကြတာတွေလည်း တကမ္ဘာလုံးကို သတင်း
လမ်းကြောင်းက တိုက်ရိုက်ရောက်ရှိသွားပါတယ်။ အမေရိကန်နိုင်ငံမှာ သမ္မတ
ရွေးကောက်ပွဲဝင်ရေး မဲဆွယ်စည်းရုံးနေကြတာတွေကို ပရိသတ်က ခဏဘေးဖယ်ပြီး
သမ္မတဘုရှ်ရဲ့ နိုင်ငံအခြေပြမိန့်ခွန်းဆီကို အာရုံစိုက်နေကြပါတယ်။

သမ္မတဘုရှ်က အတိတ်ဆီကကိစ္စတွေကို ရှည်ရှည်ဝေးဝေးမပြောပါဘူး။ ဒါပေမယ့် သူ့ သမ္မတသက်တမ်း ကုန်ဆုံးသွားတဲ့အခါမှာ ပြောစမှတ်ဖြစ်ပြီး ကျန်ခဲ့မယ့်ကိစ္စ၊ အီရတ်
စစ်ပွဲကိစ္စ၊ အီရတ်ကို နောက်ထပ် အမေရိကန်တပ်ဖွဲ့ဝင် သုံးသောင်းပို့ဖို့ဆုံးဖြတ်ချက်နဲ့
ပတ်သက်ပြီး သမ္မတဘုရှ်က …

“တပ်ထပ်ပို့ဖို့ ဘာကြောင့်ဆုံးဖြတ်ရတာ၊ အဲဒါကို မမှန်ကန်ဘူး၊ အလုပ်မဖြစ်ဘူးလို့ ငြင်းကြသူတွေတချို့ ရှိနိုင်ပါတယ်။ အဲဒီထဲမှာ အကြမ်းဖက်သမားတွေ ပါမှာကတော့
မလွဲပါဘူး။ အီရတ်နိုင်ငံမှာ အယ်လ်ကိုင်ဒါတွေ ခေါင်းပြန်ထောင်လာတယ်။ အဲဒီရန်သူ
တွေ ရှုံးသွားစေရလိမ့်မယ်” လို့ ပြောသွားတာပါ။

သမ္မတမိန့်ခွန်းထဲ တဝက်ကျော်က နိုင်ငံခြားရေးဝါဒအကြောင်း၊ အဲဒီထဲမှာ အရှေ့
အလယ်ပိုင်းကိစ္စကို အလေးထားပြောသွားပါတယ်။ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်း
ရေး သဘောတူညီချက် ရရှိလိမ့်မယ်လို့ သူမျှော်လင့်ကြောင်း ပြောဆိုပြီး သမ္မတဘုရှ်
က အီရန်နိုင်ငံနဲ့ပတ်သက်ပြီး…

“နျူကလီးယားရည်မှန်းချက်နဲ့ အတိတ်ကလုပ်ရပ် ကိစ္စတွေကို ကင်းစင်သွားအောင်
လုပ်ပါ။ ပြည်တွင်းကိစ္စမှာ နှိပ်ကွပ်နေတာကို ရပ်လိုက်ပါ။ ပြည်ပက အကြမ်းဖက်မှု
တွေကို ထောက်ခံနေတာ၊ အားပေးနေတာတွေ ရပ်လိုက်ပါ။ အဓိကထားပြီး ပြောချင်
တာကတော့ မိမိတို့ရဲ့တပ်တွေကို ခြိမ်းခြောက်လာရင် အမေရိကန်နိုင်ငံက ရင်ဆိုင်
သွားမယ်။ မိမိတို့ရဲ့ မဟာမိတ်တွေဘက်က ရပ်တည်တယ်။ ပါရှန်းပင်လယ်ကွေ့မှာရှိတဲ့
မိမိတို့ရဲ့ အကျိုးစီးပွားတွေ ကာကွယ်သွားမယ်” လို့ သတိပေးပြောကြားသွားပါတယ်။

အဲဒီနောက် သမ္မတဘုရှ်က အမေရိကန်နိုင်ငံရဲ့ စီးပွားရေးကိစ္စနဲ့ပတ်သက်ပြီး စီးပွားရေး
တိုးတက်မှု နှေးကွေးလာနေရာကနေ စီးပွားရေးအပြည့်အ၀ ကျဆင်းသွားတဲ့အထိ
ထိုးကျသွားမှာကို အမေရိကန်နိုင်ငံသား အများအပြား စိုးရိမ်နေကြတဲ့အတွက် အခုလို
နှစ်သိမ့်စကား ပြောကြားပါတယ်။

“ရေရှည်မှာ ကျနော်တို့ရဲ့စီးပွားရေး တိုးတက်နေတယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ကြပါ
တယ်။ ရေတိုမှာတော့ တိုးတက်မှုနှေးကွေးနေတယ်ဆိုတာ အားလုံးအမြင်ပဲ” လို့
ပြောသွားတာပါ။

အစိုးရအဖွဲ့ရယ်၊ လွှတ်တော်ထဲမှာရှိတဲ့ ဒီမိုကရက်နဲ့ ရီပတ်ဘလီကင်ခေါင်းဆောင်များ ပူးတွဲရေးဆွဲထားတဲ့ စီးပွားရေးပြန်လည်ဦးမော့စေမယ့် စီမံချက်ကို အတည်ပြုကြပါလို့ ကွန်ဂရက်စ်လွှတ်တော်ကို သမ္မတက တိုက်တွန်းရင်း အမေရိကန်နဲ့ နိုင်ငံခြားက အကြမ်းဖက်သမားလို့ မသင်္ကာရသူတွေ ဆက်သွယ်မှု တရားရုံးရဲ့ ခွင့်ပြုချက်မပါဘဲ
ဖြတ်ပြီး ခိုးနားထောင်တာကိုလည်း ထပ်မံအတည်ပြုပေးပါလို့ လွှတ်တော်အမတ်များ
ကို သမ္မတဘုရှ် ပြောဆိုသွားပါတယ်။

သမ္မတရွေးကောက်ပွဲအကြို မဲဆွယ်ပွဲများနဲ့ပတ်သက်လို့လည်း သမ္မတဘုရှ်က …
“ဒီသမ္မတရွေးကောက်ပွဲမှာ ရောင်းရင်း အမေရိကန်နိုင်ငံသားတွေ တာဝန်အသီးသီးရှိ
ကြပြီး အဲဒီတာဝန် ပြည့်မီကြပါစေ။ ဒီမိုကရက်တွေနဲ့ ရီပတ်ဘလီကင်တွေ မဲဆွယ်နေ
ကြတယ်။ အနိုင်ရရှိရေးအတွက်လည်း သူတို့ပြိုင်နေကြတယ်” လို့ ရှင်းလင်းပြောဆို
သွားတာပါ။

အဲဒီအချိန် မဲဆွယ်နေကြတဲ့အထဲမှာ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ်များ
ဖြစ်ကြတဲ့ ဟီလာရီကလင်တန် (Hillary Clinton) နဲ့ ဘရက်အိုဘားမား
(Barack Obama) တို့လည်း သမ္မတမိန့်ခွန်းပြောတဲ့အချိန် လွှတ်တော်ထဲမှာ ရှိနေကြ
ပါတယ်။

သမ္မတဘုရှ်ရဲ့ နိုင်ငံအခြေပြမိန့်ခွန်းအပေါ် ဒီမိုကရက်တစ်ပါတီဘက်က တရားဝင် တုံ့ပြန်ပြောဆိုတဲ့ပုဂ္ဂိုလ်ကတော့ ကန်းဆတ်စ်ပြည်နယ်အုပ်ချုပ်ရေးမှူး ကက်သလင်း
ဆက်ဘီးလတ်စ် (Kathleen Sebelius) ဖြစ်ပါတယ်။

“ဒီမိန့်ခွန်းဟာ လက်ရှိသမ္မတရဲ့ နောက်ဆုံးမိန့်ခွန်းပါ။ ခေါင်းဆောင်အသစ် ပေါ်ထွန်း
တော့မယ့် နိုင်ငံမှာတော့ မရေရာမှုတွေနဲ့ ပြည့်နေတာပါ။ ကျမတို့ရဲ့ ပြည်တွင်းပြည်ပ
မှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေဟာ ရွေးချယ်မှုကြောင့် ဖြစ်ရတာပါ။ အခုထက်ထိ
စိန်ခေါ်မှုတွေ ပြည့်မီအောင်တောင် မရင်ဆိုင်ရသေးပါဘူး”

ဒီမိုကရက်တစ်ပါတီဘက်က တုံ့ပြန်ပြောဆိုသွားတာပါ။ အဲဒီပြည်နယ်အုပ်ချုပ်ရေးမှူး
က နိုင်ငံရေးမဲဆွယ်နေတာတွေအားလုံး ညှိနှိုင်းစုစည်းလိုက်မယ်ဆိုရင် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအားလုံးကို ကျော်လွှားနိုင်မှာပါ။ အမေရိကန်တွေဟာ အခက်အခဲတွေကို ရင်ဆိုင်တဲ့အပေါ်မှာ မကြောက်ပါဘူး။ ဒါပေမယ့် နိုင်ငံရေး အကွဲကွဲအပြားပြားဖြစ်နေ
တာကိုတော့ အမေရိကန်တွေ ဆက်ပြီး သည်းမခံနိုင်ကြတော့ဘူးလို့ ဒီမိုကရက်တစ်
ပါတီကိုယ်စား ကန်းဆတ်စ်ပြည်နယ် အုပ်ချုပ်ရေးမှူး ကက်သလင်း ဆက်ဘီးလတ်စ်က ပြောကြားသွားပါတယ်။

သမ္မတက သူ့မိန့်ခွန်းမှာ အမေရိကန်နိုင်ငံအနေနဲ့ ဆူဒန်က လူမျိုးတုန်းသတ်ဖြတ်မှုတွေ
ကို ဆန့်ကျင်သလို မြန်မာနိုင်ငံတို့၊ ကျူးဘားနိုင်ငံတို့၊ ဇင်ဘာဘွေတို့နဲ့ ဘီလာရုစ်နိုင်ငံ
တွေမှာ လွတ်မြောက်မှုရလာစေဖို့အတွက်လည်း ဖြစ်စေချင်ပါတယ်လို့ ထည့်သွင်း
ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG