မြန်မာနိုင်ငံဆိုင်ရာ အီးယူ ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ပီယာရို
ဖက်ဆီနို (Piero Fassino) ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ဖိအား တွေတိုးပြီးပေးနိုင်ဖို့ အာရှနိုင်ငံတွေကို ခရီး
ထွက်နေခဲ့ရာမှာ မနေ့က ထိုင်းနိုင်ငံကို
ရောက်ရှိခဲ့ပါတယ်။ ဗွီအိုအေနဲ့ သီးခြား တွေ့ဆုံမေးမြန်းရာမှာ မစ္စတာဖက်ဆီနိုက
မြန်မာစစ်အစိုးရရဲ့ လက်ရှိ ပြည်တွင်းဒီမို
ကရေစီအင်အားစုတွေအပေါ် ဆက်လက် နှိပ်ကွပ်နေမှုတွေကို ကန့်ကွက်ပြောဆိုလိုက်
တဲ့အပြင် မြန်မာစစ်အစိုးရနဲ့ ဒေါ်အောင်ဆန်း
စုကြည် အပါအဝင် အုပ်စုတွေအားလုံးအကြား အမြန်ဆုံး တွေ့ဆုံဆွေးနွေးဖို့လည်း ပြောကြားသွားပါတယ်။ ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ်ကို ထိုင်းနိုင်ငံရောက် ဗွီအိုအေမြန်မာပိုင်းအစီအစဉ် အယ်ဒီတာ ဒေါ်လှလှသန်းက တွေ့ဆုံမေးမြန်းတင်ပြ
ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက လက်ရှိရာထူးမှာ စတင်တာဝန်ထမ်းဆောင်ခဲ့တဲ့ အီတလီနိုင်ငံ
သား အီးယူ ဥရောပသမဂ္ဂ ကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး
အကြံပေးပုဂ္ဂိုလ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီ (Ibrahim Gambari) ရဲ့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးလုပ်ငန်းများမှာ
ဝိုင်းဝန်းပံ့ပိုးပေးဖို့ အီးယူ ဥရောပသမဂ္ဂက တာဝန်ပေးထားတဲ့အတိုင်း သူဟာ မနှစ်
ဒီဇင်ဘာလက တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး ခုလက်ရှိမှာတော့ ထိုင်းနိုင်ငံကို
ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒီ့နောက် အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဗီယက်နမ်၊ လာအို၊
ကမ္ဘောဒီးယားနဲ့ ဂျပန်နိုင်ငံတို့ကို သွားရောက်ဖို့ရှိတယ်လို့ သူကပြောပါတယ်။
သူ့အနေနဲ့ လက်ရှိခရီးစဉ်အတွင်း ဒီမိုကရေစီဖော်ဆောင်ဖို့ နှေးကွေးနေတယ်လို့
ဝေဖန်ခံနေရတဲ့ မြန်မာစစ်အစိုးရကို ဖိအားတိုးပေးနိုင်ဖို့၊ သက်ဆိုင်ရာအစိုးရတွေနဲ့ ဘုံရပ်တည်ချက်ရရှိဖို့ ဆွေးနွေးမယ်လို့ ဆိုပါတယ်။
“ဒီခရီးစဉ်အတွင်း အာရှအစိုးရတွေနဲ့ ဆွေးနွေးမှာကတော့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ မြန်မာစစ်အစိုး
ရကို ပွင့်လင်းတဲ့ အချေအတင်ဆွေးနွေးမှု စတင်နိုင်ဖို့ ဘယ်လိုဝိုင်းဖိအားပေးကြမလဲ
ဆိုတာကို ဆွေးနွေးကြဖို့ရှိပါတယ်” လို့ မစ္စတာ ဖက်ဆီနိုက ပြောသွားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရာမှာလည်း မစ္စတာဖက်ဆီနိုက …
“မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖော်ဆောင်လိုရင် ပွင့်လင်းတဲ့ အချေအတင်ဆွေးနွေးမှု
စတင်ရမယ်၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဖော်ဆောင်ရမယ်၊ တည်ငြိမ်တဲ့ ဒီမို
ကရေစီစနစ် ရှိရမယ်၊ အချေအတင်ဆွေးနွေးမှုမှာ အုပ်စုအားလုံး ပါဝင်ရမှာဖြစ်ပါ
တယ်။ ဒါဟာ ဥရောပသမဂ္ဂရဲ့ ဗျူဟာပါပဲ။ ဒါကို အကောင်အထည်ဖော်နိုင်ဖို့ နေ့တိုင်း
လူပုဂ္ဂိုလ်တွေ၊ အစည်းအဝေးတွေလုပ်ပြီး ဒီဦးတည်ချက်ရရှိအောင် ကြိုးပမ်းနေပါ
တယ်။ ဒီဘောင်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက်လည်း ဆောင်ကြဉ်းပေးနိုင်ဖို့ အီးယူက ကြိုးစားနေပါတယ်” လို့ မစ္စတာဖက်ဆီနိုက ပြောသွားတာပါ။
ဒါ့အပြင် ဧပြီလကုန်ကျမှ မြန်မာနိုင်ငံကို သွားရောက်ခွင့်ရပုံပေါ်နေတဲ့ မစ္စတာ
ဂမ်ဘာရီရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့လည်း စောပြီးသွားနိုင်ဖို့ အရေးကြီးတယ်လို့ သူက
ပြောပါတယ်။
“မစ္စတာဂမ်ဘာရီအနေနဲ့ မြန်မာနိုင်ငံကို ဧပြီလထက်စောပြီးသွားနိုင်ဖို့ အရေးကြီးပါ
တယ်။ တတ်နိုင်ရင် ဖေဖော်ဝါရီလ အစောဆုံးထားပြီး သွားနိုင်ဖို့ပေါ့။ မြန်မာနိုင်ငံဟာ အရေးပေါ်အခြေအနေ ရောက်နေတဲ့အတွက် တွေ့ဆုံဆွေးနွေးရေးစတင်ဖို့ အရေးကြီး
ပါတယ်” လို့လည်း မစ္စတာဖက်ဆီနိုက ပြောသွားပါတယ်။
ဒါ့အပြင် နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်
ဆန်းစုကြည်နဲ့ မြန်မာစစ်အစိုးရကိုယ်စားလှယ် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ လေးကြိမ်တွေ့ဆုံခဲ့တာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲန်အယ်လ်ဒီ စီအီးစီအဖွဲ့
ခေါင်းဆောင်တွေ တကြိမ်တွေ့ဆုံခဲ့တာဟာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေဖြစ်
ပေမယ့် တွေ့ဆုံဆွေးနွေးနိုင်ဖို့ အချိန်ဇယားသတ်မှတ်ပေးဖို့လိုတယ်လို့လည်း သူက
ပြောပါတယ်။
“အချေအတင်ဆွေးနွေးမှုစတင်ဖို့ လိုအပ်သလို ပြက္ခဒိန်ချ၊ အချိန်ဇယားဆွဲ၊ အစီအစဉ်
ချပြီး ဆွေးနွေးဖို့လိုပါတယ်။ ဒါ့ကြောင့် မစ္စတာဂမ်ဘာရီရဲ့ခရီးစဉ်ဟာ အရေးကြီးပါ
တယ်။ မစ္စတာဂမ်ဘာရီရဲ့ လုပ်ဆောင်မှုဟာ နိုင်ငံတကာလူ့အဖွဲ့အစည်းကို ကိုယ်စား
ပြုပြီး မြန်မာဒီမိုကရေစီ ကူးပြောင်းရေးကာလကို ကူညီဖော်ဆောင်ပေးနိုင်မှာဖြစ်ပါ
တယ်” လို့ မစ္စတာဖက်ဆီနိုက ပြောသွားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို မြန်မာစစ်အစိုးရက လိုက်လံဖမ်းဆီး၊
အကျဉ်းချ၊ နှိပ်ကွပ်နေတာနဲ့ပတ်သက်လို့လည်း သူက …
“ဒီလိုဖြစ်တာတွေကို ကျနော်တို့ကန့်ကွက်ပါတယ်။ မြန်မာနိုင်ငံမှာ အခြေအနေဟာ အရေးပေါ်ဖြစ်နေပြီမို့ မြန်မာစစ်အစိုးရကို ဆက်ပြီး နိုင်ငံတကာက ဒါ့ထက်ပို ဖိအားပေး
နိုင်ဖို့၊ အရေးယူဆောင်ရွက်သွားနိုင်ဖို့ လိုအပ်နေပါပြီ” လို့ မစ္စတာဖက်ဆီနိုက
ပြောသွားတာပါ။
ဒါ့ကြောင့်လည်း အခုလို ဖိအားတိုးပေးနိုင်ဖို့ အီးယူအနေနဲ့ Carrot and Stick ဆိုတဲ့ ဆုပေးဒဏ်ပေးစနစ်အရ မြန်မာစစ်အစိုးရ အဖွဲ့ဝင်တွေအပေါ် ပစ်မှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ချမှတ်ခဲ့ပြီး တချိန်တည်းမှာပဲ မြန်မာနိုင်ငံသားတွေ လူသားချင်းစာနာမှု အထောက်အကူကို ကုလသမဂ္ဂနဲ့ အနောက်အုပ်စု အဲန်ဂျီအိုတွေကတဆင့် တိုးပြီးပေးခဲ့
တာဟာလည်း မြန်မာနိုင်ငံသားတွေအတွက် အီးယူ ဥရောပသမဂ္ဂက အလေးထားတယ်
ဆိုတာ ပြသရာရောက်ပါတယ်လို့ မစ္စတာဖက်ဆီနိုက တွေ့ဆုံမေးမြန်းခန်းမှာ ပြောသွား ခဲ့တာဖြစ်ပါတယ်။