သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိန်းသိမ်းခံ သံဃာတော် အရှင်ဂမ္ဘီရကို ရုံးတင်စစ်ဆေးတော့မည်


ပြီးခဲ့တဲ့ စက်တင်ဘာ သံဃာတော်တွေရဲ့
လှုပ်ရှားမှုမှာ ထင်ရှားတဲ့ သံဃာတော်တပါး
ဖြစ်တဲ့ အရှင်ဂမ္ဘီရကို အာဏာပိုင်တွေက စွဲချက်တင်လိုက်ပြီး မကြာခင် တရားရုံးတင်
စစ်ဆေးဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။
တချိန်တည်းမှာပဲ အရှင်ဂမ္ဘီရရဲ့ မိသားစုဟာ
လည်း အာဏာပိုင်တွေရဲ့ အနီးကပ်စောင့်
ကြည့်တာတွေ ခံနေရတယ်လို့ ဆိုပါတယ်။
အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြ
ပေးထားပါတယ်။

အခုအခါ ရန်ကုန်မြို့ အင်းစိန်ထောင်မှာ ထိန်း
သိမ်းခံနေရပြီး ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက သံဃာတော်တွေရဲ့ မေတ္တာပို့ ကြွချီလှုပ်ရှားမှု
တွေမှာ ထင်ရှားတဲ့ အရှင်ဂမ္ဘီရနဲ့ အစ်ကိုဖြစ်
သူ ကိုအောင်ကျော်ကျော်တို့ကို အာဏာပိုင်
တွေက တရားစွဲဆို အရေးယူဖို့ ပြင်ဆင်နေ
တာပါ။ တရားမဝင်အဖွဲ့အစည်းတွေနဲ့
ဆက်သွယ်မှုပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆိုလိုက်တာလို့ မကြာသေးခင်ကဘဲ အင်းစိန်
ထောင်မှာ ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့တဲ့ အရှင်ဂမ္ဘီရရဲ့ အစ်မဖြစ်သူ
မခင်သူဋ္ဌေးက ပြောပါတယ်။

“ပြီးခဲ့တဲ့တပတ် ၂၈ ရက်နေ့က ပုဒ်မတော့ တပ်လိုက်ပြီ။ ၁၇/၁ လေ။ အစ်ကိုကြီး ကိုအောင်ကျော်ကျော်လည်း အဲဒီပုဒ်မပဲတပ်လိုက်တယ်။ ဖေဖော်ဝါရီ ၄ ရက်နေ့
ရုံးချိန်းရှိတယ်။ အင်းစိန်ထဲမှာပဲထုတ်မယ်နဲ့တူတယ်။ ဦးဇင်း အဲဒါ ဘယ်လိုချနိုင်လဲလို့
ဆိုတော့ သူ အထဲမှာမေးကြည့်တာတော့ ၃ နှစ်ကနေ ၇ နှစ်အထိ ချနိုင်တယ်လို့ပြော
တယ်တဲ့။ အဲဒါနဲ့ပတ်သက်ပြီး အပြစ်မရှိဘူးပေါ့နော်။ သူတို့အနေနဲ့လည်း အေးချမ်းစွာ မေတ္တာပို့ခဲ့တာပဲပေါ့။ အဲဒီလိုပြောပါတယ်”

အခုလို တရားရုံးတင်စစ်ဆေးမှုတွေ လုပ်လာမယ့်အပေါ် သက်ဆိုင်ရာ မိသားစုဝင်တွေ
ကတော့ ဥပဒေကြောင်းအရ ပြန်လည်ခုခံသွားမယ်လို့လည်း မခင်သူဋ္ဌေးက ပြောပါ
တယ်။ တချိန်တည်းမှာ မိသားစုဝင်တွေအနေနဲ့ အခုလို အရှင်ဂမ္ဘီရနဲ့ အစ်ကိုဖြစ်သူ ကိုအောင်ကျော်ကျော်တို့ကို တရားစွဲဆိုအရေးယူဖို့ ပြင်ဆင်မှုတွေရှိနေတဲ့အတွက် စိုးရိမ်ပူပန်နေရတဲ့အပြင် အာဏာပိုင်တွေက အနီးကပ်စောင့်ကြည့်မှုတွေ ရှိနေတာ
ကြောင့် မိသားစုဝင်တွေအနေနဲ့ စိတ်အနှောင့်အယှက် ဖြစ်နေရတယ်လို့လည်း
မခင်သူဋ္ဌေးက ဆိုပါတယ်။

“ပြီးခဲ့တဲ့ ၉ ရက်နေ့က အမေလာတယ်လေ။ လာတုန်းက ဆိုင်ကယ်တွေနဲ့ရော၊ တက္ကစီ
တွေနဲ့ရော၊ လမ်းထဲမှာဆိုလည်း၊ ကျမအိမ်မှာပဲတည်းတာကိုး။ အရင်တုန်းကတော့ ဧည့်ရိပ်သာမှာတည်းတယ်လေ။ ဒီတခါတော့ သားအမိတွေ အေးအေးဆေးဆေးပြောရ
အောင်ဆိုပြီး အိမ်ကိုခေါ်လာတာ။ တလမ်းလုံးလည်း သူတို့နဲ့ပြည့်သွားတာပဲ။ ဓာတ်ပုံ
ရိုက်တာတွေလည်းရှိတယ်။ ဗွီဒီယိုကင်မရာတွေနဲ့ ရိုက်တာလည်းရှိတယ်။ မျက်နှာချင်း
ဆိုင် ၃ လွှာကနေ တက်တက်ပြီး ရိုက်တယ်။

“မြို့ထဲထွက်ရင် ဘယ်ကိုမှမလွတ်လပ်ဘူး။ အိမ်ကို ဧည့်သည်လာလို့ရှိရင်လည်း အဲဒီ ဧည့်သည်နောက်ကို ဘယ်မှာနေတာလဲ၊ ဘာစကားပြောတာလဲ၊ အဲဒါမျိုးတွေအထိ
လိုက်လုပ်တယ်။ တနေ့တုန်းက အက်စ်ဘီက ကိုကျော်ထင်ဆိုတဲ့လူက အမေ မိတ္ထီလာ ပြန်ရောက်တော့ လာပြောတယ်တဲ့။ အမေက ငါ အဲဒါတွေ မလုပ်ပါဘူးတဲ့။ ကိုယ့်
သားလေးတွေ သားနှစ်ယောက်ရှိတယ်တဲ့။ အဲဒါ လာပြီး ရိုးရိုးသားသားတွေ့တဲ့ဟာ
ကိုတဲ့”

သံဃာတော်တွေဦးဆောင်တဲ့ စက်တင်ဘာလှုပ်ရှားမှုမှာ ထင်ရှားတဲ့ အရှင်ဂမ္ဘီရဟာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကနေ တိမ်းရှောင်နေရာက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလဆန်း
က အဖမ်းခံခဲ့ရတာပါ။ အစ်ကိုဖြစ်သူ ကိုအောင်ကျော်ကျော်ဟာလည်း မရှေးမနှောင်း
အဖမ်းခံခဲ့ရပြီး အခုတော့ သူတို့ ၂ ဦးစလုံးကို အင်းစိန်ထောင်မှာ ထိန်းသိမ်းထားတာ
ဖြစ်ပါတယ်။ အရှင်ဂမ္ဘီရ အပါအဝင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သူတွေကို ဖမ်းဆီးခဲ့တဲ့ကိစ္စနဲ့
ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်ဝေဖန်မှုတွေ ရှိခဲ့သလို မနှစ်တုန်း
က ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ပေါ်လို
ဆာဂျီယို ပီညဲရိုး (Paulo Sergio Pinheiro) ရဲ့ မြန်မာပြည်က အခြေအနေတွေကို
စုံစမ်းစစ်ဆေးဖို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း အရှင်ဂမ္ဘီရနဲ့ တွေ့ခွင့်တောင်းခဲ့ပေ
မယ့်လည်း မြန်မာအာဏာပိုင်တွေဘက်က ခွင့်မပြုခဲ့ပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG