သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် အီရတ်ကိုရောက်၊ ရေနံဈေးနှုန်းမြင့်တက်မှု သမ္မတဘုရှ် သတိပေးပြောဆို


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ
ရိုက်စ် (Condoleezza Rice) ဟာ ကြိုတင်
မကြေညာဘဲ အီရတ်နိုင်ငံ ဘက်ဂ်ဒက်မြို့ကို သွားရောက်ခဲ့ပါတယ်။ သမ္မတဘုရှ်ရဲ့ အရှေ့ အလယ်ပိုင်းဒေသ ခရီးစဉ်နဲ့အတူ လိုက်ပါ
သွားခဲ့တဲ့ ဝန်ကြီးရိုက်စ်ဟာ ဆော်ဒီအာရေး ဗီးယားနိုင်ငံကနေ အီရတ်နိုင်ငံကို အမှတ်
မထင် သွားရောက်ခဲ့တာဖြစ်တယ်လို့ ဗွီအို
အေ အိမ်ဖြူတော်သတင်းထောက် Paula
Wolfson သတင်းပေးပို့ထားတာကို
ဒေါ်ခင်စိုးဝင်းက စုစည်းတင်ပြထားပါတယ်။

ဆော်ဒီအာရေးဗီးယားနိုင်ငံ ရီယာ့ဒ်မြို့တော်ကနေ မနက်စောစောထွက်ခဲ့ပြီး အီရတ်
နိုင်ငံ ဘက်ဂ်ဒက်မြို့ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် ရောက်ရှိ
သွားခဲ့တာ ဖြစ်ပါတယ်။ ဘက်ဂ်ဒက်မြို့ကို ခရီးရောက်မဆိုက်မှာဘဲ အီရတ်ဝန်ကြီးချုပ်
နူရီ အယ်လ် မာလိကီ (Nouri al-Maliki) နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အီရတ်နိုင်ငံအတွင်း တိုးတက်ဖြစ်ထွန်းမှုတွေနဲ့အတူ အမျိုးသားပြန်လည်သင့်မြတ်ရေး
အခြေအနေ ကောင်းမွန်ဖို့၊ အားပေးဖို့အတွက် ဒီခရီးစဉ်က အခွင့်ကောင်းတရပ်ပါပဲလို့ အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုလိုက်ပါတယ်။

အီရတ်အာဏာရှင်ဟောင်း ဆက်ဒမ်ဟူစိန် (Saddam Hussein) ရဲ့ ဘာ့သ် (Baath)
ပါတီဝင်ဟောင်းတွေအပေါ် ကန့်သတ်ချက်တွေကို ရုပ်သိမ်းပေးဖို့ ဥပဒေကြမ်းတရပ် အတည်ပြုပေးရေးအတွက် အီရတ်ခေါင်းဆောင်တွေကို ဝန်ကြီးရိုက်စ်က တိုက်တွန်းခဲ့
တယ်လို့လည်း ကြားသိရပါတယ်။ ၂၀၀၃ ခုနှစ်က အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်း
တပ်ဖွဲ့တွေ အီရတ်နိုင်ငံထဲကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဘာ့သ်ပါတီဝင်တွေ
ကို အစိုးရဝန်ထမ်းအဖြစ်ကနေ ရပ်စဲခံခဲ့ရတာ ဖြစ်ပါတယ်။

ဆော်ဒီအာရေးဗီးယားနိုင်ငံ ရီယာ့ဒ်မြို့ကိုရောက်ရှိနေတဲ့ သမ္မတဘုရှ်က ဆော်ဒီ စီးပွား
ရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံအပြီး ဝန်ကြီးရိုက်စ်က အီရတ်နိုင်ငံကို အမှတ်မထင်
ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ ရေနံဈေးနှုန်းတက်နေတဲ့ကိစ္စဟာ အမေရိကန်ပြည်ထောင်
စုရဲ့ စီးပွားရေးကို ထိခိုက်နစ်နာစေတာမို့ သူ့ရဲ့ စိုးရိမ်မကင်းဖြစ်ရတာတွေနဲ့ပတ်သက်ပြီး အာရပ်လုပ်ငန်းရှင်တွေကို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ သမ္မတဘုရှ်အနေနဲ့ အာရပ် ခေါင်းဆောင်တွေရဲ့ရှေ့မှာ ဒီလိုကိစ္စမျိုးနဲ့ပတ်သက်ပြီး လူသိရှင်ကြား ပြောဆိုလေ့မရှိ
ပေမယ့်လို့ ဒီတခါမှာတော့ ရုပ်မြင်သံကြား ကင်မရာတွေရဲ့ရှေ့မှာ အခုလိုပြောဆိုလိုက်
ပါတယ်။
“ရေနံဈေးနှုန်းသိပ်တက်နေတာကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး သိပ် ထိခိုက်နေပါတယ်။ ဆော်ဒီသံအမတ်ကြီးကိုလည်း ဒီအကြောင်း ပြောဆိုခဲ့ပြီးသလို
ဒီည ဆော်ဒီဘုရင်နဲ့တွေ့တဲ့အခါမှာလည်း ထပ်ပြီးပြောဦးမယ်” လို့ သမ္မတဘုရှ် ပြောဆို သွားတာဖြစ်ပါတယ်။

အိုပက်ခေါ် ရေနံထုတ်လုပ်ရောင်းချသူများအဖွဲ့အတွက် ထုတ်လုပ်မှုအဆင့်ကို ပုံစံ ပြောင်းလဲထုတ်လုပ်ဖို့ စဉ်းစားကြရပါလိမ့်မယ်လို့လည်း သူက ပြောဆိုသွားပါတယ်။ အမှန်တကယ်သုံးစွဲသူတွေရဲ့ စီးပွားရေးထိခိုက်ခဲ့ရင် ရေနံနဲ့သဘာဝဓာတ်ငွေ့ အရောင်း
အဝယ်တွေလည်း ကျဆင်းသွားနိုင်တယ်ဆိုတာကို အိုပက်ခေါင်းဆောင်တွေအနေနဲ့ နားလည်သဘောပေါက်လိမ့်မယ်လို့ သူမျှော်လင့်တဲ့အကြောင်းလည်း သမ္မတဘုရှ်က ပြောပြသွားပါတယ်။

သမ္မတဘုရှ်ဟာ ဒီကနေ့ည ဆော်ဒီဘုရင် အဗ္ဗဒူလာ (Abdullah) နဲ့ သူ့ရဲ့မြင်းစောင်းမှာ
တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ၂၀၀၂ ခုနှစ်တုန်းကလည်း ဘုရင် မဖြစ်သေးတဲ့ မင်းသား
ကြီး အဗ္ဗဒူလာဟာ သမ္မတဘုရှ်ရဲ့ တက်ဆက် (Texas) က ယာခင်းထဲကို သွားရောက် လည်ပတ်ခဲ့ဖူးတယ်လို့ ဗွီအိုအေ အိမ်ဖြူတော်သတင်းထောက် Paula Wolfson က သတင်းပေးပို့ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG