သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များကို စစ်အစိုးရပိတ်ပင်


မြန်မာနိုင်ငံတွင်းက တိုင်းရင်းသား စာပေနဲ့ယဉ်ကျေးမှုအသင်းတွေကို အာဏာပိုင်
တွေက နောက်ထပ် သက်တမ်းတိုးမပေးတော့ဘူးလို့ သိရပါတယ်။ အနည်းဆုံး
တိုင်းရင်းသားအဖွဲ့ ၃ ဖွဲ့ကို အခုလို လုပ်ပိုင်ခွင့်တွေမပေးဘဲ ထားခဲ့တာလို့ ဆိုပါတယ်။
အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။

မွန်၊ ရှမ်း၊ ကရင် စတဲ့ တိုင်းရင်းသား စာပေယဉ်ကျေးမှုအသင်းတချို့ အခုနှစ်အတွက်
အသင်းအဖွဲ့ မှတ်ပုံတင်သက်တမ်းတိုးဖို့ လျှောက်ထားခဲ့တာကို အာဏာပိုင်တွေက
ခွင့်မပြုခဲ့တာလို့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ နီးစပ်သူတွေက ပြောဆိုနေကြတာ
ပါ။ ဒီလို ခွင့်ပြုချက်မရခဲ့တဲ့အထဲက မွန်တိုင်းရင်းသား အသင်းတခုဖြစ်တဲ့ မွန်စာပေနဲ့ ယဉ်ကျေးမှုအသင်းလည်း ပါဝင်တယ်လို့ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး
ရယူထားတဲ့ မွန်ပြည်သစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေးက ပြောပါတယ်။
“မွန်စာပေနဲ့ယဉ်ကျေးမှုအသင်းက ၉၀ ခုနှစ်ကစပြီး အသစ်ပြန်ဖွဲ့စည်းလိုက်တယ်။ စာပေယဉ်ကျေးမှုကော်မတီ၊ မော်လမြိုင်မြို့၊ ဘားအံမြို့၊ ကျိုက်မရောမြို့ ဆိုပြီးတော့
အဲဒီလို အသီးသီးဖွဲ့ထားကြတယ်။ အသင်းအဖွဲ့ရဲ့သက်တမ်းကို တနှစ်တခါ တိုးလို့ရ
မယ်။ လွန်ခဲ့တဲ့ဇွန်လကစပြီး ဒီအသင်းအဖွဲ့သက်တမ်းကို တိုးခွင့်မပြုတော့ဘူး။ အဲလို
ဖြစ်တယ်။ ကျနော်တို့ကြားမိသလောက်တော့ ရှမ်းအမျိုးသား စာပေယဉ်ကျေးမှုအဖွဲ့
တွေရော၊ ကရင်အမျိုးသား စာပေယဉ်ကျေးမှုအဖွဲ့တွေရော ကျနော်တို့နည်းတူပဲ သက်တမ်းတိုးခွင့်မပြုဘူးလို့ ကြားသိပါတယ်။ ဘယ်လိုအကြောင်းကြောင့်လဲတော့
မသိဘူး။ ဒါပေမယ့် သက်တမ်းတိုးခွင့်မပြုတော့ဘူးလို့ အဲလိုပဲ မှတ်ချက်ချထားတယ်”

တကယ်တော့ အခုသက်တမ်းတိုးခွင့် မရတော့တဲ့ မွန်စာပေနဲ့ ယဉ်ကျေးမှုအသင်း
အနေနဲ့ လူမှုရေးလုပ်ငန်းတွေကိုသာ လုပ်ဆောင်နေတာလို့လည်း နိုင်အောင်မငေးက
ပြောပါတယ်။
“သူတို့ကတော့ ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်အသီးသီးရဲ့ စာပေယဉ်ကျေးမှု၊ ဥပမာ ပြက္ခဒိန်ထုတ်တာတို့၊ စာပေလှုပ်ရှားမှုလုပ်တာတို့ ရှိကြတယ်။ နောက်တခါ လူကြီးတွေ
ဆီ နှစ်သစ်ကူးမှာ ခေါင်းဆေးမင်္ဂလာပြုတာတို့ ဘာတို့တော့ စာပေနဲ့ယဉ်ကျေးမှု အဲဒါ
နဲ့ ပတ်သက်တာပဲလုပ်တယ်။ တခြားကိစ္စ ထူးထူးထွေထွေလုပ်တာတော့ မရှိပါဘူး။
ဒါပေမယ့် မြို့နယ်အသီးသီးမှာက သူတို့ဖွဲ့ထားတဲ့ စာပေယဉ်ကျေးမှု အဖွဲ့အစည်းအသီး
သီးရှိတယ်။ ဒါက နိုင်ငံတော်က သတ်မှတ်ထားတဲ့ အဖွဲ့အစည်းမဟုတ်ဘူး။ သူတို့
အချင်းချင်း ရွေးကောက်ထားတဲ့အဖွဲ့အစည်း ဖြစ်တယ်။ ဒီအဖွဲ့အစည်းနဲ့ သူတို့ပေါင်း
စပ်ပြီး ဒီမြို့နယ်မှာ ဥပမာ အမျိုးသားနေ့လှုပ်ရှားမှုမှာ သူတို့ ပူးပေါင်းပါဝင်မှုလုပ်တာပါ။
သူတို့အနေနဲ့ အဓိကတော့ အစိုးရကဖွင့်တဲ့ စာပေယဉ်ကျေးမှုလုပ်ငန်းတော့ မလုပ်ပါ
ဘူး”

တကယ်တော့ အခုလို တိုင်းရင်းသားအသင်းအဖွဲ့တွေရဲ့ လုပ်ငန်းဆောင်တာတွေ လုပ်
ဆောင်ရာမှာ အကန့်အသတ်တွေ ရှိနေရုံသာမက ကျန်အခွင့်အရေး ဆုံးရှုံးမှုတွေလည်း ရှိနေတာကြောင့် တိုင်းရင်းသားတွေအနေနဲ့ ခံပြင်းမှုတွေရှိတယ်လို့ နိုင်အောင်မငေးက
ဆိုပါတယ်။
“ကျနော်တို့အနေနဲ့ သက်တမ်းတိုးခွင့်မပြုတာတို့ ကျနော်တို့မှာ ခံစားမှုတွေ အများကြီး
ရှိပါတယ်။ ကျနော်တို့အမျိုးသားနဲ့ပတ်သက်တဲ့ ခံစားမှု။ ဥပမာအားဖြင့် မော်လမြိုင်
တံတားထိပ်မှာရှိတဲ့ မွန်အမျိုးသားရဲ့ ပြယုဂ်တခုဖြစ်တဲ့ ဟင်္သာရုပ်ပုံ တံတားပြီးကတည်း
က သူတို့ဆောက်ထားတယ်။ ဒါပေမယ့် ဆောက်ထားတာမကြာဘူး၊ လွန်ခဲ့တဲ့သုံးလ
လောက်မှာ အဲဒီဟင်္သာရုပ်အစား ဆွမ်းအုပ်ကိုထည့်လိုက်တယ်။ ဒါက ကျနော်တို့ရဲ့
အမျိုးသားပြယုဂ်၊ ပြည်နယ်ပြယုဂ်အနေနဲ့ ဒီလိုဖြုတ်လိုက်တာလည်း ကျနော်တို့အနေနဲ့ စိတ်မကောင်းစရာ။
“နောက်ပြီးတော့ မွန်အမျိုးသားယဉ်ကျေးမှုပြတိုက်ဆိုတာ မော်လမြိုင်မှာ ရှေးကတည်း
ကရှိခဲ့တယ်။ ဒီပြတိုက်ကိုလည်း အခု မွန်အမျိုးသားဆိုတဲ့နာမည် မထည့်ဘဲ ယဉ်ကျေးမှု
ပြတိုက်ဆိုပြီး နာမည်ပြောင်းလိုက်တော့ ကျနော်တို့အနေနဲ့ အဲဒီကအစ အများကြီး
ခံပြင်းစရာရှိတယ်။ နောက်တော့ ကျနော်တို့စာပေကို ဒီလို လွတ်လွတ်လပ်လပ်
သင်ကြားခွင့်မပြုဘူး၊ အားလည်းမပေးဘူး။ နောက် ရက်ထူးရက်မြတ် ဥပမာ အမျိုးသား
နေ့တို့လို၊ အမျိုးသမီးများနေ့တို့လို အဲလိုလည်း လွတ်လွတ်လပ်လပ် လုပ်ခွင့်မပေးဘူး။ ကျင်းပခွင့်မပေးဘူး။ ဒါဟာဆိုရင် ကျနော်တို့အမျိုးသားကို တမျိုးမျိုးအနေနဲ့ ထိမ်ချန်ဖို့
ထားထားတာလား၊ မွန်ပြည်နယ်ဆိုပေမယ့် ကျနော်တို့ မွန်ရိုးရာရဲ့ သမိုင်းပြယုဂ်တောင် ထားခွင့်မရှိပါလားဆိုတဲ့ စိတ်မကောင်းစရာတွေ အများကြီး တွေးချင်စရာရှိတယ်။ ဒီတွေးချင်စရာအပေါ်မှာ ပြောပြောနေတဲ့ တို့တာဝန်အရေးသုံးပါးမှာပါနေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာ တကယ့်လက်တွေ့မကျဘူးလို့ ပြောရမှာ
ပေါ့လေ”

မွန်စာပေနဲ့ ယဉ်ကျေးမှုအသင်းကို အသင်းအဖွဲ့မှတ်ပုံတင်ခွင့် နောက်ထပ် သက်တမ်း
တိုးမပေးတဲ့ကိစ္စ အပါအဝင် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ လျစ်လျူရှုခံနေရ
တဲ့အကြောင်း မွန်ပြည်သစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေးက ပြောပြသွားခဲ့တာ
ပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG