သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကုတ်မြို့တွင် မတရားလုပ်အားခိုင်းစေခံရမှု ILO ကိုတိုင်ရန်ပြင်ဆင်


ရခိုင်ပြည်နယ်ထဲမှာ နိုင်ငံတကာအလုပ်သမားအဖွဲ့ (ILO) နဲ့ ဆက်သွယ်သူများ
ကွန်ယက်အဖွဲ့ကနေ ဇန်နဝါရီ ၄ ရက်၊ မြန်မာ့လွတ်လပ်ရေးနေ့ကစပြီး ILO နဲ့ မြန်မာ
စစ်အစိုးရတို့ရဲ့ အဓမ္မလုပ်အားခိုင်းစေတာနဲ့ပတ်သက်ပြီး သဘောတူညီချက်တွေကို
မိတ္တူကူးပြီး တောင်ကုတ်မြို့နဲ့ ရမ်းဗြဲကျွန်းဒေသတွေမှာ ဖြန့်ဝေခဲ့ပါတယ်။ ဒီလိုဖြန့်ဝေ
မှုတွေကြောင့် အဓမ္မလုပ်အားခိုင်းစေတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဒေသခံတွေ နားလည်
လာတဲ့အပြင် လတ်တလော မတရားအခိုင်းခံနေရတဲ့ မီးကင်းစောင့်ခိုင်းတဲ့ကိစ္စဟာ
အဓမ္မလုပ်အားခိုင်းစေတာလို့ နားလည်လာပြီး ILO အဖွဲ့ကြီးနဲ့ ဆက်သွယ်သူများ
ကွန်ယက်အဖွဲ့က ကိုယ်စားလှယ်တွေကို ဆက်သွယ်လာကြတယ်လို့ ပြောပါတယ်။
အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။

မီးကင်းစောင့်ခိုင်းလို့ အလုပ်ပျက်၊ အကိုင်ပျက်နဲ့ စားစရာ ဝင်ငွေမရှာနိုင်ဘဲ ဖြစ်နေတဲ့ တောင်ကုတ်မြို့ခံတဦးကို ဒီကိစ္စနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာ အခုလိုပြော
ပါတယ်။
“အခု ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ မီးကင်းဆိုပြီး ပြည်သူလူထုကို ဒုက္ခပေးဖို့ တမျိုးဖန်တီးလာတယ်။ ၂၆ ရက် ၁၁ လလောက်ကနေ အခုထက်ထိ စောင့်ခိုင်းပါ
တယ်။ ရပ်ကွက်မှာရှိတဲ့ ဆယ်အိမ်မှူးတွေ၊ ရာအိမ်မှူးတွေ၊ မီးသတ်တွေ၊ စသဖြင့် ဒီလို
လူတွေက ကင်းလွတ်ပါတယ်။ ကင်းမစောင့်ရပါဘူး။ နောက်ပြီးတော့ သူတို့ကို ငွေပေး
တဲ့ လုပ်ငန်းရှင်တွေ၊ ကဏန်းဒိုင်၊ ပုစွန်ဒိုင်၊ ပရိဘောဂလုပ်ငန်းတွေ၊ ဆန်စက်လုပ်ငန်း
တွေ၊ ဒီလုပ်ငန်းတွေကို လုပ်နေကြတဲ့လူတွေက ငွေပေးပါတယ်။ မပေးနိုင်တဲ့လူတွေက စောင့်ရတယ်။
“အဲဒီလူတွေ စောင့်တဲ့အခါ တည ကင်းမစောင့်ဘူး၊ ပျက်ကွယ်တယ်ဆိုရင် ၁၅၀၀ စီ
ပေးရတယ်။ နောက် ရပ်ကွက်နေလူထုဟာ ကင်းစောင့်ရတဲ့အတွက် တချို့မိသားစုတွေ
ဆိုရင် တနေ့ရှာမှ တနေ့စားနေရတဲ့ မိသားစုတွေရှိပါတယ်။ အဲဒီမိသားစုတွေမှာ ညက ကင်းစောင့်လိုက်တဲ့အတွက် မနက်ကျရင် ထမင်းချက်စရာတောင် မရှိပါ။ ဥပမာ ငါးရှာ
နေတဲ့ အိမ်ထောင်ဦးစီးတယောက်ဟာ ညမှာ ကင်းစောင့်ရတဲ့အတွက် ငါးမရှာဖြစ်ဘူး။
ဒီတော့ ဒီငါးကိုရောင်းမှ မနက် မိသားစု ထမင်းစားရမှာဖြစ်တယ်။ ညက ငါးမရှာလိုက်
ရတဲ့အတွက် မနက်ကျရင် ထမင်းငတ်ပြီပေါ့ဗျာ”

ဒီလိုမျိုး မီးကင်းစောင့်ပြီး မတရားခိုင်းစေတာတွေဟာ အဓမ္မလုပ်အားခိုင်းစေတာလို့
ဘယ်လိုပုံစံနဲ့ စပြီးသိခဲ့တာပါလဲ။
“ဒီဟာကို ကျနော်တို့ ရပ်ကွက်နေလူထုဟာ လွတ်လပ်ရေးနေ့၊ ဇန်နဝါရီလ ၄ ရက်နေ့
မှာ စာရွက်စာတမ်းတွေ ဖြန့်ပါတယ်၊ တောင်ကုတ်မှာ။ ဒီစာရွက်တွေကို ရပ်ကွက်နေ
လူထုက ဖတ်ရှုရပါတယ်။ ဒီတော့ ဒီစာရွက်တွေ ဖတ်တဲ့အတွက်ကြောင့်လည်း သဘောပေါက်ကြပါတယ်။ ဒီသဘောပေါက်တဲ့အပေါ် မူတည်ပြီးမှ ကျနော်တို့တွေက
ဒီဟာတွေဟာ အဓမ္မခိုင်းစေမှုဖြစ်တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း သဘောပေါက်
သွားတယ်”

အဲတော့ သဘောပေါက်လာတဲ့အခါမှာ ဦးတို့က ဘာဆက်လုပ်ကြလဲ။
“သဘောပေါက်လာတဲ့အခါ အများအားဖြင့် အသံတွေထွက်လာပါတယ်။ ဒါဆိုရင်
ဘယ်ကိုတိုင်ရမလဲ၊ ဘယ်သူကနေပြီး ဆောင်ရွက်ပေးနိုင်မလဲ ဆိုပြီးတော့ ပြောလာ
ကြတဲ့အခါ အခုလို ဦးဆောင်မယ့်လူတွေ ရှိလာတဲ့အခါ ဒါကို ဝိုင်းဝန်းပြီး အားလုံး
ကျေကျေနပ်နပ်နဲ့ လက်မှတ်ရေးထိုးပေးကြပါတယ်”

အခု ဦးတို့ မတရားခံရတဲ့လူတွေ စုပေါင်းပြီး လက်မှတ်ထိုးတာ ဘယ်နှစ်ဦးလောက်
ရှိလဲ။
“ကျနော်တို့ အကုန်လုံး ဒီနေ့မနက်ဆိုရင် ကျနော်မြင်လိုက်တာ တရာပတ်ဝန်းကျင် လောက်ရှိပါတယ်”

မီးကင်းစောင့်ခိုင်းလို့ အလုပ်ပျက် အကိုင်ပျက် စားစရာဝင်ငွေမရှာနိုင်ဖြစ်နေတဲ့ တောင်ကုတ်မြို့ခံတဦး ပြောသွားတာပါ။ တောင်ကုတ်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ သံဃာတော်တွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေက ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့ပြီးကတည်းက ဒေသခံတွေကို အခုလို မီးကင်းစောင့်ခိုင်းတာ ဖြစ်ပါတယ်။

XS
SM
MD
LG