မြန်မာနိုင်ငံထဲမှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုနဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု
အခြေအနေတွေ နှောင့်နှေးနေတဲ့အတွက် စိတ်ပျက်မိပါတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြား
ရေးဝန်ကြီး ဟာဆန်ဝိရာယုဒ (Hassan Wirajuda) က ပြောပါတယ်။ စစ်အစိုးရအနေ
နဲ့ အများကယုံကြည်လက်ခံတဲ့ အနေအထားထိ နိုင်ငံရေးအပြောင်းအလဲတွေ ဖော်
ဆောင်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ အသေးစိတ်ကို ဦးသိန်းထိုက်ဦးက တင်ပြ
ထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ နှစ်ပတ်လည်ရှင်းလင်းပွဲမှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဟာဆန်ဝိရာယုဒက ဒီတိုင်းပြောဆိုလိုက်တာပါ။ ရှေ့
သီတင်းပတ်အတွင်းမှာ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် အင်ဒိုနီးရှား နိုင်ငံကိုသွားပြီး အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘန်ဘန်း ယူဒိုယိုနို
(Susilo Banbang Yudhoyono) နဲ့ တွေ့မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတဲ့အချိန်
မှာ အင်ဒိုနီးရှားနိုင်ငံဘက်က မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ ဝေဖန်ချက် ထွက်ပေါ်
လာခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာစစ်အစိုးရဘက်က ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ နှောင့်နှေးကြန့်ကြာ နေတာနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံအနေနဲ့ စိတ်ပျက်လက်ပျက် ဖြစ်မိတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပြသွားတာပါ။ ဒီလိုပြောဆိုချက်နဲ့ပတ်သက်
လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ခရစ္စတီယန်ဒို လယ်ဂါ
ဝုဒ်က ဗွီအိုအေကို အခုလိုပြောပါတယ်။
“အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံရဲ့
ရပ်တည်ချက်ကို ထပ်လောင်းပြောပြလိုက်တာပါ။ မြန်မာနိုင်ငံမှာ ပိုပြီး ထင်သာမြင်
သာတဲ့၊ သိသာတဲ့ တိုးတက်မှုတွေကို အင်ဒိုနီးရှားနိုင်ငံအနေနဲ့ တွေ့လိုပါတယ်။ မြန်မာ
စစ်အစိုးရအနေနဲ့ နိုင်ငံရေးအပြောင်းအလဲတွေ ပေါ်ပေါက်လာရေးအတွက် ဒီ့ထက်ပိုပြီး လုပ်ဆောင်ဖို့လည်း အင်ဒိုနီးရှားနိုင်ငံအနေနဲ့ တိုက်တွန်းပါတယ်” လို့ ခရစ္စတီယန်ဒို
လယ်ဂါဝုဒ်က ပြောသွားတာပါ။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံအတွင်းမှာ ပြုပြင်ပြောင်းလဲရေးတွေ ပေါ်ပေါက်လာဖို့အတွက် သံတမန်ရေးအရ ချဉ်းကပ်မှုတွေကရော၊ အရေးယူပိတ်ဆို့တဲ့ နည်းလမ်းတွေကပါ ပြုပြင်ပြောင်းလဲလာအောင် တကယ်တမ်း အကောင်အထည် မဖော်နိုင်သေးဘူးလို့ ပြောပါတယ်။ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ရင် တရုတ်နဲ့
အိန္ဒိယတို့ရဲ့ အကူအညီလို ဒေသတွင်းနိုင်ငံတွေရဲ့ အကူအညီတွေရယူပြီး မြန်မာ့အရေး
မှာ ဆက်လက်ထိတွေ့ဆက်ဆံရေးမူကို ကျင့်သုံးသင့်တယ်လို့လည်း ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ချမှတ်ထားတဲ့ မူဝါဒနဲ့ ပတ်သက်
ပြီး အာဆီယံနိုင်ငံတွေကလည်း အလားတူကျင့်သုံးသင့်တယ်လို့ သူက ထောက်ခံပြော ဆိုသွားပါတယ်။ အာဆီယံနိုင်ငံတွေရဲ့ မူဝါဒနဲ့ပတ်သက်လို့လည်း အင်ဒိုနီးရှားနိုင်ငံခြား
ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ခရစ္စတီယန်ဒို လယ်ဂါဝုဒ်က အခုလိုပြောပါတယ်။
“အာဆီယံနိုင်ငံတွေအနေနဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ့အရေး ကြားဝင်ဆောင်ရွက်မှု
တွေကို ကြိုဆိုထောက်ခံထားပါတယ်။ မစ္စတာဂမ်ဘာရီရဲ့ မြန်မာနိုင်ငံ့အရေး ကြိုးပမ်းမှု
တွေမှာ အာဆီယံက အပြည့်အ၀ ထောက်ခံထားတာပါ။ မြန်မာနိုင်ငံအပေါ်မှာ အပြု
သဘောဆောင်တဲ့ ချဉ်းကပ်မှုတွေကို ဆက်လက်ကျင့်သုံးပြီး မြန်မာစစ်အစိုးရအနေနဲ့ ဒီမိုကရေစီဖော်ဆောင်ရေးကိစ္စတွေကို လုပ်ဆောင်ဖို့ ဆက်လက်တိုက်တွန်းသွားမှာပါ”
လို့ ခရစ္စတီယန်ဒို လယ်ဂါဝုဒ်က ပြောဆိုသွားတာပါ။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေး
ဖို့ ထပ်ပြီးတောင်းဆိုထားပါတယ်။ ဒေသတွင်းမှာရှိတဲ့ တချို့နိုင်ငံတွေက မြန်မာနိုင်ငံနဲ့
ပတ်သက်ရင် ရပ်တည်ချက်က အင်ဒိုနီးရှားနဲ့ ကွဲလွဲတယ်လို့လည်း အင်ဒိုနီးရှားနိုင်ငံခြား
ရေးဝန်ကြီးက ပြောပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လာရင် အင်ဒိုနီး
ရှားနိုင်ငံအနေနဲ့ မြန်မာ့ပြဿနာကို လျစ်လျူရှုမထားနိုင်တဲ့အကြောင်းနဲ့ အင်ဒိုနီးရှား
နိုင်ငံအနေနဲ့ ပိုပြီးတက်ကြွတဲ့ ဦးဆောင်ဦးရွက် ချဉ်းကပ်နည်းကို ကျင့်သုံးသွားမယ့်
အကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပြသွားတာပါ။