သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေပြည်တော်ကို ပြောင်းရွှေ့ရုံးစိုက်ခဲ့သည့်အပေါ် မစ္စတာလီကွမ်ယူ ဝေဖန်


မြန်မာစစ်အစိုးရဟာ နေပြည်တော်ကိုပြောင်းရွှေ့ခဲ့တဲ့
ကိစ္စ အပါအဝင် ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ကိစ္စတွေ
ကို လုပ်ဆောင်ခဲ့တယ်လို့ စင်ကာပူ ဝါရင့်ခေါင်းဆောင်
ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူ (Lee Kuan Yew) က
ဝေဖန်လိုက်ပါတယ်။ ဒီလိုဝေဖန်လိုက်တာဟာ မြန်မာ
စစ်အစိုးရအနေနဲ့ အာဆီယံမိသားစုအတွင်း ပူးပေါင်း ဆောင်ရွက်မှုမရှိတာကို ဒေသတွင်းခေါင်းဆောင်တွေ စိတ်ပျက်နေပြီဆိုတာ ပြသလိုက်တာလို့လည်း အာဆီယံ ခေါင်းဆောင်ဟောင်းတွေနဲ့ မြန်မာ့အရေးလေ့လာနေ
သူတွေက ဝေဖန်လိုက်ပါတယ်။ အသေးစိတ်ကို ထိုင်း
နိုင်ငံရောက် ဗွီအိုအေမြန်မာပိုင်းအစီအစဉ်က
ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

စင်ကာပူနိုင်ငံမှာရှိတဲ့ Institute of South East Asian Studies အရှေ့တောင်အာရှ
ပညာသိပ္ပံမှာ ကျင်းပခဲ့တဲ့ ညစာစားပွဲမှာ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူက မြန်မာနိုင်ငံ
ရဲ့ လက်ရှိအစိုးရရုံးစိုက်ရာ မြို့တော်သစ် နေပြည်တော် တည်ဆောက်ခဲ့တဲ့ စစ်အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုလိုက်တာဖြစ်တယ်လို့ အဲဒီညစာစားပွဲကို
တက်ရောက်ခဲ့တဲ့ အာဆီယံအတွင်းရေးမှူးချုပ်ဟောင်း အွန်ကင်ယောင်
(Ong Keng Yong) က ပြောပါတယ်။

မြန်မာစစ်အစိုးရရဲ့မြို့တော် နေပြည်တော်နဲ့ပတ်သက်ပြီး မစ္စတာအွန်ကင်ယောင်က
သူ့ရဲ့ ယူဆချက်အမြင်ကို အခုလိုပြောပြပါတယ်။
“နေပြည်တော်နဲ့ပတ်သက်လို့ သူ့ရဲ့အမြင်ကိုပြောရရင် အခုနေပြည်တော်ဟာ အစိုးရ
ရုံးစိုက်ရာမြို့တမြို့ ဖြစ်နေပါပြီ။ အာဆီယံနဲ့ပတ်သက်တဲ့ အစည်းအဝေးတွေကို မြန်မာ
စစ်အစိုးရက နေပြည်တော်မှာကျင်းပဖို့ စီစဉ်ခဲ့ရင်လည်း တခြား အာဆီယံနိုင်ငံတွေ
အားလုံးက ကိုယ်စားလှယ်တွေအနေနဲ့ နေပြည်တော်ကို သွားကြရပါတယ်” လို့ပြောပြ
သွားတာ ဖြစ်ပါတယ်။

မစ္စတာလီကွမ်ယူက ရန်ကုန်မြို့ကနေ နေပြည်တော်ကို အစိုးရရုံးစိုက်ဖို့ ပြောင်းရွှေ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး သူ့ကိုယ်သူ ပြန်ပြီး မေးခွန်းထုတ်မိတယ်လို့ ပြောခဲ့တဲ့အကြောင်း
Reuters သတင်းမှာ ဖော်ပြထားပါတယ်။ သဘာဝကျကျ ပုံမှန်စဉ်းစားတွေးခေါ်တတ်
တဲ့ အစိုးရမျိုးဆိုရင် ဒီလိုလုပ်ပါ့မလားလို့ သူ့ကိုယ်သူ ပြန်မေးမိတယ်လို့ပြောပါတယ်။ မစ္စတာလီကွမ်ယူက နေပြည်တော်နဲ့ပတ်သက်တဲ့ ဒီလိုဝေဖန်ချက် ချရတဲ့အကြောင်းနဲ့
ပတ်သက်လို့ မစ္စတာအွန်ကင်ယောင်က သူ့ရဲ့ယူဆပုံကို အခုလိုပြောပြပါတယ်။
“ညစာစားပွဲတက်ရောက်လာတဲ့ ပရိသတ်ထဲက အမေးကို ပြန်ဖြေလိုက်တာ ဖြစ်ပါ
တယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့ ပရိသတ်တယောက်
ယောက်က မေးလိုက်တာကို အာရုံစိုက်ပြီး ပြန်ဖြေလိုက်တာ ဖြစ်ပါတယ်။ နေပြည်
တော်နဲ့ပတ်သက်ပြီး မစ္စတာလီကွမ်ယူက သူ့ရဲ့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောပြ
သွားတယ်လို့ သူယူဆတဲ့အကြောင်း” မစ္စတာ အွန်ကင်ယောင်က ပြောပြသွားတာ
ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံအပါအဝင် အာဆီယံနိုင်ငံခေါင်းဆောင်တွေက မြန်မာစစ်အစိုးရက
မြို့တော်ကို ရန်ကုန်မြို့ကနေ နေပြည်တော်ကိုပြောင်းရွှေ့လိုက်တဲ့ ဆုံးဖြတ်ချက်နဲ့
ပတ်သက်ပြီး ကြိုတင်အသိပေး အကြောင်းကြားတာမရှိခဲ့လို့ အံ့အားသင့်ခဲ့ကြရတယ်
လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB)
အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်ရဲ့ အမြင်ကတော့ …
“အထူးသဖြင့် ကျနော်နားလည်တဲ့ပုံစံကတော့ နအဖခေါင်းဆောင်တွေက အာဆီယံ
မိသားစုတွေထဲမှာ မိသားစုဝင်ကောင်းတယောက်လို တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ မရှိဘူးဆိုတဲ့ဟာကို ရည်ညွှန်းပြောတဲ့သဘော၊ အဲဒါကို ခံစားတဲ့သဘောလို့ ကျနော်
ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဒေသတွင်းမှာ အာဆီယံအနေနဲ့ နေကြတဲ့အခါ
မှာ ခံယူရမယ့်ကိစ္စတွေ၊ အပြန်အလှန်လေးစားရမယ့်ကိစ္စတွေ၊ အဲလိုဟာတွေကို
မကျင့်သုံးဘူး၊ ဒီဟာပေါ်မှာ ခံစားချက်ဖြစ်တယ်လို့ ယူဆပါတယ်” လို့ပြောပါတယ်။

အသင်းဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ပါဘူးဆိုတဲ့ အာဆီယံရဲ့မူ
ကို ဆုပ်ကိုင်ထားတာကြောင့် စင်ကာပူခေါင်းဆောင်တွေအနေနဲ့ မြန်မာ့အရေးကို
ဝင်ရောက်ပြောဆိုဖို့ အခက်အခဲဖြစ်နေတယ်လို့ တချို့က ဆိုပါတယ်။ တရုတ်နဲ့ အိန္ဒိယ
နိုင်ငံပြီးရင် အာဆီယံအသင်းဝင်နိုင်ငံတွေထဲမှာ အနီးကပ်ဆုံး ထိုင်းနိုင်ငံကသာ မြန်မာ
နိုင်ငံအပေါ် သြဇာညောင်းနိုင်တယ်လို့ ဆိုနိုင်ပေမယ့် စင်ကာပူလို ကျန်အာဆီယံနိုင်ငံ
တွေ အဖို့ကတော့ နောက်ခံတီးလုံး တီးပေးရုံသာတတ်နိုင်တယ်လို့ မစ္စတာလီကွမ်ယူက ပြောဆိုလိုက်ပါတယ်။ မစ္စတာလီကွမ်ယူရဲ့ ဒီအပြောကို ဒေါက်တာနိုင်အောင်က အခုလို
တုံ့ပြန်လိုက်ပါတယ်။
“တကယ်တမ်းတော့ စင်ကာပူအပါအဝင် အာဆီယံနိုင်ငံတွေနဲ့ ဒီလိုမျိုး ဒေသတွင်း
ဆိုင်ရာ အပြန်အလှန်ဆက်စပ်မှုတွေ လုပ်လာကြတဲ့အခြေအနေမျိုးမှာ ဗမာပြည်ပေါ်
မှာ သက်ရောက်မှုရှိနိုင်တယ်၊ ပြောဆိုနိုင်တယ်၊ ဖိအားပေးနိုင်တဲ့ဟာမျိုးတွေ အများ
ကြီးရှိပါတယ်။ အထူးသဖြင့် စင်ကာပူနိုင်ငံတွင်းမှာ လာပြီး ရင်းနှီးမြှုပ်နှံနေတဲ့ကိစ္စတွေ၊
စင်ကာပူက ဗမာပြည်ထဲမှာ ရင်းနှီးမြှုပ်နှံနေတဲ့ကိစ္စတွေ၊ ဆိုတော့ အဲလိုမျိုးဟာတွေ ပြောတယ်ရင်တော့ ဗမာပြည် ဒီမိုကရေစီရေးပြောင်းလဲမှုအတွက် ပိုပြီးဖြစ်လာနိုင်ပါ
တယ်”

မြန်မာစစ်အစိုးရခေါင်းဆောင်တွေဟာ အမြင်ကျဉ်းတယ်၊ တယူသန် ခေါင်းမာသူတွေ
ဖြစ်တယ်၊ နိုင်ငံရဲ့ ပေါကြွယ်ဝလှတဲ့ သဘာ၀ သယံဇာတတွေ ရှိတာကြောင့် ဘယ်လို ပိတ်ဆို့မှုမျိုးတွေနဲ့ ဒဏ်ခတ်ဒဏ်ခတ် ခံနိုင်ရည်ရှိတယ်လို့ ယုံကြည်နေကြတဲ့အကြောင်း
ကိုလည်း မစ္စတာလီကွမ်ယူက ဝေဖန်လိုက်ပါတယ်။ မစ္စတာလီကွမ်ယူရဲ့ ဒီဝေဖန်ချက်
နဲ့ပတ်သက်ပြီး ဒေါက်တာနိုင်အောင်ရဲ့ သုံးသပ်ချက်က အခုလိုပါ။
“ကမ္ဘာကြီးပေါ်မှာ သယံဇာတ တခုတည်းနဲ့ တိုင်းပြည်တခုရဲ့ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုး
တက်မှုလုပ်ဖို့ အဓိကမကျဘူးဆိုတာကို စီးပွားရေးပညာရှင် မြောက်မြားစွာလည်း ထောက်ပြခဲ့ကြသလို သမိုင်းတွေလည်း အများကြီးပါပဲ။ ဒါပေမယ့် အဓိက နအဖ
ခေါင်းမာနေတဲ့ကိစ္စက ဘာလဲဆိုတော့ နိုင်ငံတကာအသိုင်းအဝိုင်းမှာရှိတဲ့ နိုင်ငံတွေက
တူညီတဲ့ ဖိအားပေးမှု ဦးတည်ချက်တခုတည်း ရှိမနေတဲ့အခါကျတော့ သူက အပြန်
အလှန် ကစားနေလို့ရတယ်။ အဲဒီအခြေအနေမျိုးတွေကြောင့် ဖြစ်တာပါ။ တကယ်လို့
များ ဥပမာ နအဖကို စစ်လက်နက်ပစ္စည်းတွေ မရောင်းဘူးဆိုတဲ့ကိစ္စမျိုး၊ ဗိုလ်ချုပ်
တွေနဲ့ပတ်သက်ပြီး စီးပွားရေး တိုက်ရိုက်အဆက်အဆံ မလုပ်ဘူးဆိုတဲ့ဟာမျိုးတွေ ရှိလာတယ်ဆိုရင်တော့ သူတို့ခေါင်းမာနိုင်မယ့်အနေအထား မရှိဘူးလို့ ကျနော်
ထင်ပါတယ်”

စင်ကာပူဝန်ကြီးချုပ်ဟောင်း ဝါရင့်နိုင်ငံရေးသမားကြီး လီကွမ်ယူက မြန်မာစစ်အစိုးရ
အနေနဲ့ နေပြည်တော်မြို့သစ်ကို တစ်ကနေစပြီး ထူထောင်ဖို့ ဆုံးဖြတ်ခဲ့တာဟာ
သဘာဝမကျဘူး၊ ကျိုးကြောင်းမဆီလျော်ဘူးလို့ ဝေဖန်လိုက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG