သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နို့မှုန့်သတိပေးချက် သတင်းစာဆောင်းပါး တရုတ်နိုင်ငံလုပ် ဆိုသည်ကို မဖော်ပြ


မြန်မာစစ်အစိုးရ သတင်းစာတွေမှာ တရုတ်နိုင်ငံလုပ် ဘေးဖြစ်စေတဲ့ နို့မှုန့်တွေနဲ့
ပြည်သူတွေကို ပညာပေးတဲ့ဆောင်းပါးတွေ ဖော်ပြနေပေမယ့်လည်း တရုတ်နိုင်ငံက
ထုတ်တယ်ဆိုတဲ့ အသုံးအနှုန်းကို ချန်ပြီး ရေးသားနေကြပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံ
လုပ် နို့နဲ့ နို့ထွက်ပစ္စည်းတွေ ဈေးဆိုင်တွေမှာ ဆက်ပြီးရောင်းချနေဆဲ ဖြစ်တဲ့အတွက်
စိုးရိမ်တဲ့အကြောင်း မိဘတွေက ပြောဆိုနေကြပါတယ်။ အကြောင်းစုံကို
ကိုသိန်းထိုက်ဦးက စုစည်းတင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရ သတင်းစာတွေမှာ မယ်လမင်းဓာတုဓာတ်ပါတဲ့ နို့မှုန့်တွေနဲ့ပတ်သက်
လို့ ပညာပေးဆောင်းပါးတွေ ရေးနေပေမယ့် တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ နို့နဲ့ နို့ထွက်
ပစ္စည်းဆိုတာမျိုး တိတိကျကျ မဖော်ပြတဲ့အတွက် ပညာပေး သတိပေးတဲ့လုပ်ငန်းတွေ
အားနည်းနေတယ်ဆိုပြီး ရန်ကုန်မြို့ခံတွေက ဝေဖန်တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းကတော့ တရုတ်နိုင်ငံကထွက်တဲ့ နို့မှုန့်တွေကြောင့်
ကလေးငယ်တွေ ဖျားနာတဲ့သတင်း မြန်မာသတင်းစာမှာ ဖော်ပြခဲ့ဖူးပါတယ်။ မြန်မာ
တိုင်းမ်စ် သတင်းစာမှာဆိုရင်လည်း အဆိပ်သင့် တရုတ်နို့မှုန့် ၁၆ တန် ရန်ကုန်
ဆိပ်ကမ်းမှာ အာဏာပိုင်တွေက သိမ်းဆည်းခဲ့တဲ့ အကြောင်းတွေကို ဖော်ပြခဲ့ဖူးပါတယ်။
ဒါပေမယ့်လည်း ဒီရက်ပိုင်း အခု သတင်းစာ ပညာပေးဆောင်းပါး ရေးသားချက်တွေမှာ
တော့ တရုတ်နိုင်ငံက ထုတ်လုပ်တယ်ဆိုတာကို ရှောင်ပြီးတော့ ကုမ္ပဏီ ၂၂ ခုက
ထုတ်လုပ်တဲ့နို့မှုန့် ဆိုတာမျိုး၊ ဆန်းလုကုမ္ပဏီက ထုတ်လုပ်တယ်ဆိုတာမျိုးလောက်ပဲ
ရေးသားဖောြ်ပတာတွေ တွေ့နေရပါတယ်။

ဒါကြောင့် အာဏာပိုင်တွေက တိတိကျကျ လူထုကြားမှာ အသိပေးတာမျိုးတွေ မရှိဘူး
ဆိုပြီး ရန်ကုန်မြို့ခံတွေက ဝေဖန်ကြပါတယ်။

"ပညာပေးတယ်ဆိုတာကတော့ အခု သတင်းစာမှာ ဆောင်းပါးတွေရေးပြီး မိခင်နို့သာ
အဓိကကျတယ်ဆိုပြီး ပြောတယ်။ ဒါပေမယ့် ခက်တာက အဲဒီ ပညာပေးဆောင်းပါးတွေ
မှာလည်း တရုတ်ပြည်ကနို့မှုန့်လို့ ထည့်မရေးတာ။ ဒီစာရေးဆရာကပဲ မရေးရဲတာလား၊
စာပေစိစစ်ရေးကပဲ ခွင့်မပြုတာလား မသိဘူး။ တချို့နိုင်ငံတွေလို့ပဲရေးတယ်၊ တချို့
နို့မှုန့်တွေလို့ ရေးတယ်။ အမှန်တကယ်ဆိုရင်တော့ ကမ္ဘာ့မီဒီယာလောကတခုလုံး၊
တကမ္ဘာလုံး ပွက်လောရိုက်နေတဲ့ကိစ္စပဲ။ ရုတ်ရုတ်သဲသဲ ဖြစ်သွားတဲ့ကိစ္စကြီး၊
အင်မတန်ကြီးကျယ်တာပဲ။

"နောက်တခုက တချို့ဆိုင်တွေမှာ အခုထက်ထိ ဒီနို့မှုန့်တွေကို ရောင်းတုန်းရှိသေးတယ်။
ရောင်းအားကတော့ သုံးပုံတပုံလောက် ကျသွားတယ်တဲ့၊ ညောင်ပင်လေးဈေးက
ပြောတာ။ တချို့စတိုးဆိုင်ကြီးတွေမှာလည်း ရောင်းတုန်းပဲ။ လွန်ခဲ့တဲ့ တပတ်ကျော်
လောက်ကတော့ စီးတီးမတ်က သူတို့ဆီမှာ အဲဒီလို အန္တရာယ်ဖြစ်စေတဲ့နို့မှုန့်တွေ
မရောင်းဘူးလို့ ကြေညာတာရှိတယ်။"

မြန်မာသတင်းစာတွေမှာ တရုတ်နိုင်ငံကထုတ်တဲ့ နို့မှုန့်၊ နို့နဲ့ နို့ထွက်ပစ္စည်းဆိုတာမျိုး
မဖော်ပြရင်လည်း ပြည်ပအသံလွှင့်ဌာနတွေက ထုတ်လွှင့်ချက်တွေကို ကြားနေရတဲ့
အတွက် လူတော်တော်များများက သတိထားလာကြတယ်လို့ မြန်မာနိုင်ငံအလယ်ပိုင်း
က ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်အပါအဝင် နယ်တွေမှာ မိဘတွေက ကလေးတွေကို တရုတ်အစားအစာတွေ၊
တရုတ်သားရေစာတွေ မကျွေးကြတော့ဘူးလို့ ပြောပါတယ်။ ဒါပေမယ့်လည်း တရုတ်
ပစ္စည်း မသုံးဘူးဆိုရင် သုံးစရာပစ္စည်း မရှိသလောက် တရုတ်နိုင်ငံထုတ်ပစ္စည်းတွေကို
အားကိုးနေရတဲ့နိုင်ငံမှာ တရုတ်နိုင်ငံကတင်ပို့တဲ့ အစားအသောက်တွေကိုရှောင်ဖို့
ဆိုတာကလည်း အခက်အခဲတော့ရှိတယ်လို့ ပြောကြပါတယ်။

"နို့မှုန့်တင်မဟုတ်ဘူး၊ အန်တီတို့ဆိုရင် သူတို့ထုတ်တဲ့ ဘီစကစ်မုန့်တွေကအစ ကလေး
တွေကို မကျွေးတော့ဘူး၊ တရုတ်ပစ္စည်းဆိုရင်။ မိုးလင်းကတည်းက တရုတ်သိမ်းထား
တာ၊ တရုတ်မျက်နှာသုတ်စောင်နဲ့၊ တရုတ်သွားတိုက်ဆေးနဲ့ တရုတ်သွားပွတ်တံနဲ့။
ညကျ ပေါင်ချိန်ပြတဲ့အထိ တရုတ်က သိမ်းထားတာ။"

မြန်မာစစ်အစိုးရဘက်က တရုတ်နိုင်ငံထုတ်တဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ပိတ်ပင်လိုက်
တယ်ဆိုပြီး ပြည်တွင်းဂျာနယ်တွေမှာ ရေးသားပါတယ်။ ဒါပေမယ့်လည်း ဒီလိုပိတ်ပင်
တယ် ဆိုတာနဲ့ပတ်သက်လို့ တိတိကျကျ ကန့်သတ်ချက်တွေ မရှိသလို ဆိုင်တွေမှာ
လည်း တရုတ်နိုင်ငံကထွက်တဲ့ ကလေးအစားအစာ သားရေစာပစ္စည်းတွေကို တွေ့နေရ
ဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။

"တရုတ်နို့မှုန့်တွေကတော့ ဒီလို ဒီလို ဖြစ်နေပါပြီ၊ ပြည်သူလူထု မသောက်သုံးပါနဲ့၊
မစားသုံးပါနဲ့၊ ဒီပစ္စည်းတွေကို တတ်နိုင်သလောက် ပိတ်ပင်ပါတယ်၊ ဘာညာဆိုပြီး အဲဒီ
လိုမျိုး ကန့်သတ်ချက်တွေလည်း မရှိဘူး။ အခု ကျမကြည့်နေတာ ဆိုင်တိုင်းဆိုင်တိုင်းမှာ
ဒီပစ္စည်းတွေကို တွေ့နေရတယ်။ ကလေးစားတဲ့ ရယ်ဒီမိတ်မုန့်ထုတ်တွေဆို တော်တော်
များများက တရုတ်ပစ္စည်းများတယ်။ ဝင်တဲ့အခါ လက်ကားဆိုင်က လက်လီဆိုင်တွေကို
ရောက်တယ်၊ လက်လီဆိုင်ကလည်း ဘုမသိ၊ ဘမသိ ရောင်းတယ်။ ပြီးတော့ ကလေး
တွေ ကျန်းမာရေးချို့တဲ့တယ်။ ဒီအထဲမှာ ဓာတုဗေဒပစ္စည်း ဘယ်လောက်ပါဝင်တယ်၊
ဘာညာဆိုတာလည်း စစ်ဆေးချက် လုံးဝမရှိဘူး။"

မြန်မာစစ်အစိုးရ အာဏာပိုင်တွေကတော့ ရန်ကုန်ဆိပ်ကမ်းအပြင် နယ်စပ်ဒေသက
ဝင်လာတဲ့ ကုန်ပစ္စည်းတွေ အပေါ်မှာလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေ
လုပ်နေတယ်ဆိုပြီး ပြည်တွင်းဂျာနယ်တွေမှာ ပြောကြားချက်တွေကို ဖော်ပြနေကြပါ
တယ်။ ဒါပေမယ့်လည်း တကယ်တမ်း တိတိကျကျ ပိတ်ပင်ကန့်သတ်တာမျိုး မရှိတဲ့
အတွက် ဥပမာ ဆိုင်တွေမှာ အခုထက်ထိ အစားအသောက်တွေကို တွေ့နေရပြီး အခု
လောလောဆယ် ယာယီသိမ်းထားတယ်ဆိုရင်တောင် ဒီတရုတ်အစားအစာတွေ၊ တရုတ်
ထွက်ပစ္စည်းတွေ ဈေးကွက်ထဲကို တနည်းနည်းနဲ့ ပြန်ဝင်မှာကို ရန်ကုန်မြို့ခံတွေက
စိုးရိမ်နေကြပါတယ်။

"အပြည်ပြည်ဆိုင်ရာ နိုင်ငံတွေက လက်မခံဘူး၊ ပိတ်ဆို့တယ်ဆိုတော့ မှောင်ခိုလမ်းတွေ
ကနေ မြန်မာပြည်ထဲကို ဝင်လာမှာ ကြောက်ရတယ်။ အစိုးရကလည်း ဝင်လာတယ်
ဆိုပြီး စာနယ်ဇင်းတွေကို ပြောတယ်။ သူတို့ သိမ်းထားတယ်ဆိုပြီး ပြောတာတော့
ရှိတယ်။ ဒါပေမယ့် စတိုးဆိုင်တချို့က သိမ်းလိုက်တယ်၊ နောက်ကွယ်ရောက်သွားတယ်။
နောက်ကွယ်ရောက်သွားတော့ ခင်ဗျားတို့ ဖျက်ဆီးပစ်တာလားဆိုတော့ ဖျက်ဆီးပစ်
တာလည်း မဟုတ်ဘူး။ အဲတော့ ဖျက်ဆီးပစ်တာမဟုတ်ရင် နောက်ကွယ်ရောက်သွား
တဲ့ နို့မှုန့်တွေက တနည်းနည်းနဲ့ စားသောက်တဲ့ကုန်ကြမ်းတွေ ဖြစ်သွားနိုင်တယ်။

"ကလေးတွေက တရုတ်ကလာတဲ့ သားရေစာမုန့်တွေကို တအားစားတာ။ တကယ်တမ်း
ကျတော့ ဒါတွေက အာဟာရမဖြစ်ဘူး။ နောက်တခုက အစိုးရက တိတိပပ မတားမြစ်
တဲ့အခါ၊ လူထုအတွင်းမှာရော၊ အစိုးရအတွင်းမှာရော အဂတိလိုက်စားမှုတွေရှိတော့
သူတို့တားမြစ်ထားတဲ့၊ သိမ်းထားတဲ့ဟာတွေက တနည်းနည်းနဲ့ ဈေးကွက်ထဲကို
ရောက်သွားနိုင်တယ်။ အဲဒါဆိုလည်း ပြည်သူလူထုဘက်က အင်မတန် အန္တရာယ်ကြီး
ပါတယ်။"

ဘေးဖြစ်စေတဲ့ တရုတ်နိုင်ငံလုပ် နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ နို့မှုန့်တွေနဲ့ပတ်သက်ပြီး
မြန်မာစစ်အစိုးရရဲ့ ပညာပေးချက်တွေ၊ သတင်းစာတွေ၊ ဆောင်းပါးတွေမှာ တရုတ်
နိုင်ငံကထုတ်တယ်ဆိုတဲ့ အသုံးအနှုန်းကို ချန်ပြီး ရေးသားနေကြတာတွေနဲ့ ပတ်သက်
ပြီး စိုးရိမ်တဲ့အကြောင်း ရန်ကုန်မြို့ခံတွေက သုံးသပ်ပြောဆိုသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG