သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသား ၇ ယောက်လွှတ်ရုံနဲ့ ဘာမှခရီးမရောက်


မိမိရဲ့ တိုင်းသူပြည်သားတွေကို စိတ်ရူးပေါက်တိုင်း
ထောင်ထဲသွင်းနေတာတွေ၊ တရားမဝင် ဖမ်းဆီး
အကျဉ်းချတာတွေ လုပ်နေတဲ့ အစိုးရတွေကို
ဒီလုပ်ရပ်တွေ ရပ်တန်းကရပ်ကြဖို့ အသစ်ခန့်အပ်
ခြင်းခံရတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ
မဟာမင်းကြီး မစ္စ နာဗီ ပီလေး (Navi Pillay) က
တောင်းဆိုလိုက်ပါတယ်။ ကမ္ဘာတလွှားမှာ
လူ့အခွင့်အရေးတွေ စနစ်တကျ ချိုးဖောက်ခံနေ
ရသူတွေနဲ့ မတရားသဖြင့် ထောင်ချခံနေရသူ
သန်းပေါင်းများစွာအတွက် ကုလသမဂ္ဂက
ဒီမတရားမှုတွေကို ချေမှုန်းပစ်ဖို့နဲ့ ဒီမတရားမှုကို
ခံနေကြရသူတွေရဲ့ အတိဒုက္ခအဖုံဖုံကို ကမ္ဘာကို
မီးမောင်းထိုးပြဖို့ လူ့အခွင့်အရေး မဟာမင်းကြီးက စတင်လှုပ်ရှားနေပါပြီ။ ဒီအကြောင်း
နဲ့ပတ်သက်ပြီး ဗွီအိုအေသတင်းထောက် လီဆာ ရှလိုင်း (Lisa Schlein) ဂျီနီဗာမြို့က
သတင်းပေးပို့ထားတာကို ကိုရော်နီငြိမ်းက တင်ပြပေးထားပါတယ်။

အာဏာပိုင်တွေက ရမ်းသမ်းပြီး စိတ်ကူးပေါက်တိုင်း လူတွေကို လိုက်ပြီး ဖမ်းဆီးနေ
တာတွေ၊ မတရားသဖြင့် ထောင်သွင်းအကျဉ်းချတဲ့ကိစ္စတွေ ကမ္ဘာနဲ့အဝှမ်း တောမီးလို
ပျံ့နှံ့နေတယ်လို့ လူ့အခွင့်အရေး မဟာမင်းကြီးအသစ် မစ္စပီလေးက ပြောလိုက်ပြီး
ကမ္ဘာပေါ်က ရှိရှိသမျှ နိုင်ငံတိုင်းနီးပါးမှာ ဖမ်းတဲ့ဆီးတဲ့ကိစ္စနဲ့ဆိုင်တဲ့ ပြဿနာတွေ
ရှိနေတယ်လို့လည်း မဟာမင်းကြီး ပီလေးက ဆိုပါတယ်။

တရားဥပဒေနဲ့မညီဘဲ ဖမ်းတာဆီးတာတွေ တိုင်းပြည်နိုင်ငံတွေမှာ ဖြစ်ဖြစ်နေတာ
ကြာလှပြီဖြစ်ပေမယ့် အကြမ်းဖက်မှု တိုက်ဖျက်ရေးစစ်ပွဲဆိုတဲ့ အသံတွေထွက်လာတဲ့
မကြာသေးခင်နှစ်တွေကစပြီး အဲသလို မတရားသဖြင့် ဖမ်းဆီးအကျဉ်းချမှုတွေ ပိုပြီး
ဆိုးရွားလာတယ်လို့လည်း မစ္စပီလေးက အခုလိုပြောပြပါတယ်။

"အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုတဲ့ ခေါင်းစဉ်တပ်တပ်ပြီး မတရားလုပ်နေကြတာတွေရဲ့
ရလဒ်ကတော့ ကမ္ဘာ့နိုင်ငံတချို့ရဲ့ အစိုးရတွေက လူတွေကို ထင်တိုင်းကျဲ၊ ထောင်ထဲ
သွင်းသွင်းနေတဲ့ အဖြစ်ပါပဲ။ အဲဒီ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေသစ်တွေအရ
တချို့နိုင်ငံတွေမှာဆိုရင် လူတွေကို တရားမစီရင်ဘဲနဲ့ အာဏာပိုင်တွေက အချိန်အကြာ
ကြီး အချုပ်ထဲဆွဲသွင်းနိုင်တဲ့ လုပ်ပိုင်ခွင့်တွေ ရနေတော့တာပဲ။"

ဟိုးအရင် အတိတ်ကာလက တရားစွဲဆိုခြင်းမရှိဘဲ လူတွေကို ၄၈ နာရီထက်ပိုပြီး
ချုပ်နှောင်ထားခွင့် မရှိပါဘူး။ အခုအခါမှာတော့ လူတွေကို မိသားစုအပါအဝင် အားလုံး
နဲ့ အဆက်ဖြတ်ပြီး လနဲ့ချီ တရားမစွဲဘဲ ဖမ်းဆီးထားတာတွေ မကြာခဏ ဖြစ်နေလေ
တော့ အဲဒီ အဖမ်းခံထားရသူတွေဟာ ကိုယ်ကာယအားဖြင့် နှိပ်စက်ညှဉ်းပန်းခံရတာ
ထက် ဆိုးရွားတဲ့ စိတ်အားငယ်မှုတွေ ဖြစ်နေရပါတယ်။

မြန်မာစစ်အစိုးရက မကြာသေးခင်က နိုင်ငံရေးအကျဉ်းသား ၇ ယောက် ပြန်လွှတ်ပေးခဲ့
တာကို မဟာမင်းကြီး မစ္စပီလေးက ကြိုဆိုလိုက်ပေမယ့် စဉ်းစားကြည့်လိုက်ရင်တော့
နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်ရှိနေတဲ့နိုင်ငံမှာ ဒါဟာ သိပ်ကိုနည်းလွန်းတဲ့
ပြန်လွှတ်ပေးမှုဖြစ်တယ်လို့လည်း မစ္စပီလေးက ပြောသွားပါတယ်။

ဒါတင်မက မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်
ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့တဲ့ နှစ်ကာလတွေမှာ နေအိမ်မှာ အကျယ်ချုပ်နဲ့ အကျဉ်းချ
ခံထားရတာကို တွက်လိုက်ရင် စုစုပေါင်း ၁၂ နှစ်လောက် ရှိနေတာကိုလည်း မဟာ
မင်းကြီး မစ္စပီလေးက အလေးအနက် ရည်ညွှန်းပြောဆိုသွားခဲ့ပါတယ်။

ရာဇဝတ်ပြစ်မှု ပြင်းပြင်းထန်ထန် ကျူးလွန်ထားသူ တော်တော်များများ အကျဉ်းချခံကြ
ရတဲ့ ကာလတွေထက် ပိုရှည်ကြာပြီး ဒေါ်အောင်ဆန်းစုကြည်က အကျယ်ချုပ်နဲ့ အကျဉ်း
ကျခံနေရတာဖြစ်တယ်လို့လည်း မဟာမင်းကြီး ပီလေးက ထောက်ပြ ပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုက ဂွမ်တာနာမို အကျဉ်းစခန်းမှာ အကြမ်းဖက်သမားအဖြစ်
မသင်္ကာမှုတွေနဲ့ ဖမ်းဆီးထားပြီး နှစ်ပေါင်းများစွာ တရားမစီရင်ဘဲ ထားခဲ့တာတွေ ရှိပါ
တယ်။ မကြာသေးခင်ကတော့ အမေရိကန် တရားရုံးချုပ်က ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ
ဥပဒေထဲမှာပါတဲ့ လူ့အခွင့်အရေးအရ ဂွမ်တာနာမို အကျဉ်းစခန်းမှာ ဖမ်းဆီးထားသူ
တွေကို ရုံးထုတ်ရမယ်လို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာကို မဟာမင်းကြီး မစ္စပီလေးက
ကြိုဆိုလိုက်ပါတယ်။ ဂွမ်တာနာမိုက အဖြစ်အပျက်ကိုကြည့်ပြီး မတရားသဖြင့် ဖမ်းဆီး
ခံနေကြရသူတွေ၊ သို့မဟုတ် အကျဉ်းထောင်တွေထဲမှာ မတရားပြုခြင်း ခံနေကြရသူ
တွေ ကမ္ဘာတဝှမ်းမှာ သန်းနဲ့ချီပြီး ရှိနေတာကို ကမ္ဘာကြီးက မေ့လျော့မနေသင့်ဘူးလို့
လည်း မဟာမင်းကြီး ပီလေးက အခုလိုဆိုပါတယ်။

"တနှစ်တနှစ် ကမ္ဘာပေါ်မှာ ယောက်ျားတွေ၊ မိန်းမတွေ၊ ကလေးတွေ၊ အဖမ်းခံနေကြရ
တဲ့ကိစ္စတွေ ရာနဲ့ချီပြီး ရှိနေပါတယ်။ ဘာအကြောင်းနဲ့မှ အဖမ်းခံရဖို့မရှိတဲ့ အခြေအနေ
မှာကို လူမဆန်တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရပြီး အဖမ်းအဆီး ခံနေကြရပါတယ်။"

ဆင်းရဲနွမ်းပါးသူတွေ၊ ကိုယ်လက်မသန်မစွမ်းသူတွေ၊ မိဘမဲ့ကလေးတွေနဲ့ လိင်ကုန်ကူး
ခြင်းခံရတဲ့ အမျိုးသမီးတွေဟာလည်း အဲဒီလိုအခြေအနေတွေမှာ သူတို့ရှိနေတာကြောင့်
ကိုပဲ အဖမ်းဆီးတွေ ခံနေကြရပြန်သေးတယ်လို့လည်း မစ္စပီလေးက ဆိုပါတယ်။

အခုလို ကမ္ဘာတဝှမ်းက မေ့လျော့ခြင်းခံနေကြရတဲ့၊ မတရားပြုကျင့် ခံနေကြရသူတွေ
အတွက် တရားသဖြင့် ဖြစ်စေရေးနဲ့ သူတို့တွေကို ကမ္ဘာကြီးက ပိုပြီး အာရုံစိုက်မှုရှိလာဖို့
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက စွမ်းအားမြှင့်ပြီး ဆောင်ရွက်
သွားမယ်လို့ မဟာမင်းကြီးအသစ် မစ္စပီလေးက ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG