သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စတော့ရှယ်ယာ ဈေးကွက် အနိမ့်ကျဆုံး အခြေအနေရောက်


အမေရိကန် လွှတ်တော် က ဘုရှ် အစိုးရ ရဲ့ ဒေါ်လာ ၇ သိန်း တန် ငွေကြေး အကျပ်အတည်း ကယ်တင်ရေး အစီအစဉ် ကို ဆွေးနွေးငြင်းခုန်နေကြတဲ့ အချိန်မှာ ကမ္ဘာတဝှမ်းက ငွေချေးလုပ်ငန်း ဈေးကွက်ကတော့ အလုပ်မဖြစ်ဘဲ ဖြစ်နေပါတယ်။ ဗွီအိုအေ သတင်းထောက် Barry Wood သတင်းပေးပို့ထားတာ ကို ဦးတင်မောင်သန်း က တင်ပြထားပါတယ်။

ဒီတခါတော့ အမေရိကန် ဒေါဂျုံးစတော့ ရှယ်ရာ ဈေးကွက် ဟာ သုံးနှစ်အတောအတွင်း အနိမ့်ဆုံး အခြေအနေ ဖြစ်ပါတယ်။ ကမ္ဘာ က အဓိက ဈေးကွက်တွေ မှာလည်း ဒီနှစ်အတွင်း၂၅ % လောက် ကျဆင်းခဲ့ပါတယ်။ မနေ့တုန်းက ဥရောပ ဈေးကွက်တွေမှာလည်း ကြာသပတေးနေ့က တော်တော်ကြီး ကျသွားခဲ့ပါတယ်။ ကမ္ဘာ့စီးပွါးရေး အားလျော့လာတဲ့ အခြေအနေပါ။ ရေနံဈေးတွေလည်း ထပ်ကျခဲ့တာ ရေနံတစည် ကို ၉၄ ဒေါ်လာ အောက် ရောက်ခဲ့လို့ ၅ % လောက် ကျသွားခဲ့ပါတယ်။

ဂျွန်လွန်းစကီးဟာ နယူးယောက်မြို့ က မူးဒီး အရင်း ဈေးကွက်လုပ်ငန်း ရဲ့ စီးပွါးရေးပညာရှင် အကြီးအကဲ တစ်ယောက် ဖြစ်ပါတယ်။ သူက မကြာခင် မှာ ဗဟိုဘဏ် ကနေ အတိုးနှုန်းတွေ လျှော့ချလိမ့်မယ်လို့ တွက်ထားပါတယ်။ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ငွေ အရေအတွက် အတိုင်း အရံထားငွေ အဖြစ် ဗဟိုဘဏ် မှာ ဘဏ်တွေက ထားရပါတယ်။ ဒီ သတ်မှတ်ချက် နေ့တိုင်း ပြည့်မီရပါတယ်။ လိုနေရင်၊ ဗဟိုဘဏ် ကပဲ နေ့ချင်းငွေချေးပြီး ဖြည့်ထည့်ပေးရပါတယ်။ အဲဒီ နေ့ချင်း ချေးငွေ အတိုးနှုန်း က ကျသွားတာ ကို တွေ့ရကြောင်း အခုလို လွန်းစကီး က ပြောပါတယ်။

“စီးပွါးရေး ကို ခြိမ်းခြောက်လာတာက စွမ်းအင်ဈေးတွေ တက်သွားတာထက် အိမ်ဈေးတွေ အရင်က မဖြစ်ခဲ့ဘူး တဲ့ ဈေးနှုန်း နဲ့ ကျလာတာ ဖြစ်ပါတယ်။ ဒါကြောင့် သိပ်မကြာလှမီမှာပဲ၊ ဗဟိုဘဏ် က အတိုးနှုန်း ကို တော်တော်ကြီး ချလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ဘဏ်တွေ ရဲ့ အရံငွေ ဖြည့်ဆည်းရေး အတွက် ဗဟိုဘဏ် နေ့ချင်းချေးငွေ အတိုးနှုန်း က ၁ % ကျသွားတာ ကို တစ်လအတွင်း မှာ ကျွန်တော်တို့ တွေ့နိုင်ပါတယ်။”

ဒေါ်လာ သန်းပေါင်း ၇ သိန်း ကို အထက်လွှတ်တော် က အတည်ပြုပြီးတာနဲ့အတူ၊ အောက်လွှတ်တော်ကလည်း သူ ပယ်ချခဲ့တာ ကို ပြန်ပြောင်းပြီး၊ အဲဒီ အစီအစဉ် ကို အတည်ပြုပေးလိမ့်မယ်လို့ ဈေးကွက် က မျှော်လင့်ထားပါတယ်။ ငွေချေးတဲ့ ဈေးကွက် အပေါ်မှာတော့ အစီအစဉ် က ချက်ချင်း သက်ရောက်မှု ရှိဖွယ် မရှိဘူး လို့ စီးပွါးရေး ပညာရှင် လွန်းစကီး က ဆိုပါတယ်။

“ဒီ အစီအစဉ် က လုပ်မှာကတော့ လက်ရှိ စီးပွါးရေး ကျလာတာ ကို ပို ဆိုးမသွားအောင် တားဆီးရေး ပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ နောက် လေးလပတ် တိုင်းမှာ တကယ့် ပြည်တွင်း ထုတ်ကုန် နဲ့ ဝန်ဆောင်မှု စုစုပေါင်း (ဂျီဒီပီ) ကျမသွားအောင် ကာကွယ်ဖို့တော့ ဒီ အစီအစဉ် က လုံလောက်လိမ့်မယ် မဟုတ်ဘူး။”

လွန်းစကီး က ဈေးကွက်စောင့်ကြည့်တဲ့ အင်တာနက် အိမ် Marketwatch.com မှာ ပြောခဲ့တာပါ။

စက်တင်ဘာလ အတွက် အလုပ်အကိုင် ရရှိနိုင်မှု အခြေအနေ ကို အလုပ်သမား ဝန်ကြီးဌာန က သောကြာနေ့ မှာ ထုတ်ပြန်တဲ့အခါ၊ အလုပ်လက်မဲ့နှုန်း တက်လာတာ ကို တွေ့ရလိမ့်မယ်လို့ ငွေကြေး ဈေးကွက် က ခန့်မှန်းထားကြပါတယ်။ တက်တာမှ လူ ၁ သိန်းလောက် အလုပ်လက်မဲ့ ဖြစ်သွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ အမေရိကန် အလုပ်လက်မဲ့ နှုန်း က ၆.၁ ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG