အမေရိကန် သမ္မတ ဘုရှ် ငွေကြေးပြဿနာ ကယ်တင်ရေး အစီအစဉ်ကို လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်တဲ့နောက် Wall Street ရဲ့ မရေမရာ ဖြစ်နေတဲ့ အစုရှယ်ယာ ဈေးတွေဟာ အရှုံး နဲ့ အဆုံးသတ်သွားခဲ့ရပါတယ်။ သောကြာနေ့က စီးပွားရေးလောက ရဲ့ အခြေအနေတွေကို ဗွီအိုအေ သတင်းထောက် ကန့် ကလိုင်ယန် (Kent Klein) က ဝါရှင်တန် မြို့တော်ကနေ သတင်းပေးပို့ခဲ့ပါတယ်။ ဦးကျော်ဇံသာ က အပြည့်အစုံကို တင်ပြထားပါတယ်။
ပြန်လည် ပြင်ဆင်ထားတဲ့ ဘဏ္ဍာရေး ကယ်ဆယ်မှု ဥပဒေကြမ်း ဒီတခါတော့ အောက်လွှတ်တော်က အတည်ပြုမှာပဲ ဆိုတဲ့ မျှော်လင့်ချက်နဲ့ အမေရိကန် အစု ရှယ်ယာဈေးဟာ သောကြာနေ့ အစောပိုင်းက တက်နေခဲ့တာပါ။ ဒါပေမယ့် ဒီဥပဒေကြမ်းကို တကယ်လည်း အတည်ပြုပြီး သမ္မတ ဘုရှ် ကလည်း လက်မှတ် ရေးထိုးလိုက်ပြီးတော့ အစုရှယ်ယာ ဈေးက ကျဆင်းသွားပါတယ်။ အဲဒါကတော့ Wall Street မှာပါ။
ဥရောပ ကို ကြည့်ရင်တော့ အစုရှယ်ယာဈေးဟာ တက်ဈေး နဲ့ ပိတ်ခဲ့ပေမယ့် အာရှ ဈေးကွက်မှာတော့ ကျဆင်းခဲ့ပါတယ်။ UNCTD လို့ ခေါ်တဲ့ ကုလသမဂ္ဂ ကုန်သွယ်မှုနဲ့ ဖွံ့ဖြိုးရေး ညီလာခံ အထွေထွေ အတွင်းရေးမှူး ဆူပါချိုင် ပန်နီချာပတ် ကတော့ အခု ကယ်ဆယ်ရေး အစီအစဉ်ဟာ အမေရိကန် ဘဏ္ဍာရေးစနစ် ပြုပြင်ပြောင်းလဲဖို့အတွက် ပထမ အဆင့်မျှသာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ဒါဟာ အကျပ်အတည်း ဖြစ်နေတာကို ပိုမို နက်ရှိုင်းမသွားရအောင် ဟန့်တားတဲ့ အဆင့်လောက်ပဲ ဖြစ်ပါတယ်။ အခြေခံ ပြဿနာတွေကို အောင်အောင်မြင်မြင် ကိုင်တွယ် ဖြေရှင်းပြီးပြီလို့ လုံး၀ မဆိုနိုင်ပါဘူး။ ဆိုတော့ အမေရိကန်ပြည်ထောင်စု နဲ့ ကမ္ဘာတဝှမ်းမှာပါ ငွေရေးကြေးရေး အဆောက်အဦတွေကို ဘယ်လို စီမံ ခန့်ခွဲကြတယ်။ ဘယ်လို စည်းကမ်းကနားတွေ နဲ့ ထိန်းချုပ်ကြတယ် ဆိုတာကို ပြန်ပြီး သုံးသပ်ဖို့ လိုအပ်လာပါတယ်။”
ဘဏ္ဍာရေး ဈေးကွက် တည်ငြိမ်အောင်လုပ်ရာမှာ အထောက်အပံ့ ဖြစ်စေဖို့အတွက် ဒေါ်လာ သန်းပေါင်း ၇ သိန်းကျော် အစိုးရက သုံးမယ့် ဒီကိစ္စကို အမေရိကန် အောက်လွှတ်တော်မှာ ၂၆၃ မဲ ၁၇၁ မဲ နဲ့ မဲခွဲဆုံးဖြတ်ခဲ့တာပါ။
ကယ်လီဖိုးနီးယားပြည်နယ်က ဒီမိုကရက်တစ်အမတ် ဘာဘရာလီး (Barbara Lee) လို အမတ်တချို့ ကတော့ တနင်္လာနေ့တုန်းက ဒီဥပဒေကြမ်းကို ကန့်ကွက်ခဲ့ပေမယ့် သောကြာနေ့မှာတော့ သဘောတူ ပေးခဲ့ပါတယ်။
“စီးပွားရေး အခြေအနေကို မျက်လှည့်ပြသလို ချက်ချင်း အပြောင်းအလဲ လုပ်နိုင်မှာ မဟုတ်ပါဘူး။ အလုပ်လက်မဲ့တွေ များနေတာ ချက်ချင်း နည်းပါးစေမှာ မဟုတ်သလို စီးပွားရေး ဆုတ်ယုတ်နေတာတွေလည်း ရုတ်တရက် ရပ်တန့်စေမှာ မဟုတ်ပါဘူး။ ဒါကိုတော့ ကျမတို့က ရိုးရိုးသားသား ဝန်ခံရပါလိမ့်မယ်။ ဒါပေမယ့် ကျမ ကတော့ ကျမတို့ဆီက သက်ကြီးရွယ်အိုတွေ ပင်စင်အပေါ်မှာ စိတ်ချရပါစေလို့ ဆိုပြီးတော့ပဲ ထောက်ခံလိုက်ပါတယ်။ ပြီးတော့ ကျမတို့ မဲဆန္ဒရှင်တွေ နေ့စဉ်ဘ၀ သက်သာရာ ရစေဖို့ကိုလည်း မျှော်လင့်ပါတယ်ရှင်။”
ဒါပေမယ့် ကော်လိုရာဒိုက ရီပါပလစ်ကန် အမတ် မာရီလင် မက်စ်ဂရေ့ (Marilyn Musgrave) တို့လို ပုဂ္ဂိုလ်တချို့ ကတော့ ဆက်ပြီး ငြင်းဆန်နေဆဲပဲ ဖြစ်ပါတယ်။
“ကျမတို့ အလောသုံးဆယ် လုပ်တဲ့ ဒီလုပ်ရပ်အတွက် အခွန်ထမ်း ပြည်သူတွေ မျိုးရိုးစဉ်ဆက် ပေးဆပ်နေကြရမှာ။ ပြီးတော့ ဒီလုပ်ရပ်ကြောင့် အကျိုးရှိလာမယ် ဆိုတဲ့ အာမခံချက်လည်း မရှိဘူး။ မှားတဲ့လုပ်ဆောင်ချက်တွေကို ဆုချသလို မလုပ်သင့်ပါဘူး။ Wall Street ဟာ အခုထိ ဒါကို သင်ခန်းစာ မရသေးပါဘူး။ ဒါကို ကျမတို့ ဆက်လက် ခွင့်မပြုသင့်ပါဘူး။”
ဒီ အောက်လွှတ်တော်အမတ် အားလုံး လိုလိုဟာ နောက်တပတ် အကြာမှာ ပြန်လည် အရွေးခံကြမှာ ဖြစ်ပါတယ်။ ဆိုတော့ သူတို့ရဲ့ မဲဆန္ဒရှင် ပြည်သူတွေက သူတို့ဆီကို တယ်လီဖုန်း တဂွမ်ဂွမ် ဆက်ပြီးတော့ ဘဏ္ဍာရေး ကယ်တင်မှု ဥပဒေကို မထောက်ခံကြပါနဲ့လို့ ပြောကြားနေခဲ့ကြတာလည်း အများအပြားပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီဥပဒေကြမ်းကို မဲခွဲပြီး မကြာခင်မှာပဲ သမ္မတ ဘုရှ် ကတော့ လက်မှတ်ရေးထိုးလိုက်ပါပြီ။ ဒီကိစ္စကို ထောက်ခံခဲ့ကြတဲ့အတွက် နှစ်ပါတီစလုံးက အမတ်တွေကို ကျေးဇူးစကားဆိုရင်း ဒီဥပဒေကြမ်း အတည်ဖြစ်သွားတာဟာ ကမ္ဘာတခွင်လုံးအတွက် ကောင်းသတင်းဖြစ်တယ်လို့ ဆိုပါတယ်။
“အမေရိကန်ပြည်ထောင်စုဟာ မိမိတို့ရဲ့ ဘဏ္ဍာရေး ဈေးကွက်ကို တည်ငြိမ်အောင် လုပ်ဆောင်နိုင်တယ်။ အမေရိကန်ဟာ ကမ္ဘာ့စီးပွားရေးလောက ရဲ့ ဦးဆောင်မှုကဏ္ဍမှာ ရှိနေဆဲပဲ ဆိုတာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။”
ဒါဖြစ်ရင် ဒီဥပဒေကြမ်းကို လက်မှတ်ရေးထိုးပြီးမှ Wall Street မှာ ဘာကြောင့် ဈေးကွက်တွေ အရှုံးပေါ်ခဲ့ရသလဲ ဆိုရင် တချက်ကတော့ စက်တင်ဘာလအတွင်း အမေရိကန်မှာ အလုပ်အကိုင် ဆုံးရှုံးမှုပေါင်း ၁ သိန်းခွဲကျော် ရှိခဲ့တယ်လို့ ဆိုတဲ့ အလုပ်သမားဌာနရဲ့ သတင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒါဟာ ၅ နှစ်အတွင်းမှာ အဆိုးရွားဆုံး အလုပ်အကိုင် ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်။ အလုပ်အကိုင် ဆုံးရှုံးမှုဟာ စီးပွားရေး ပညာရှင်တွေ ခန့်မှန်းတာထက် ပိုပြီး အရှိန်အဟုန်တွေ မြန်ဆန်နေပါတယ်။ တချိန်တည်းမှာပဲ ပြဿနာတက်နေတဲ့ ဝါရှိုဗီယာ (Wachovia) ဘဏ် ကို လွှဲပြောင်းယူနိုင်ဖို့ အတွက်လည်း အမေရိကန်ဘဏ်တိုက်ကြီးတွေက အပြိုင်အဆိုင် ကြိုးစားနေပါတယ်။ ဝဲလ်စ် ဖာဂို (Wells Fargo) ဘဏ်ကတော့ အစိုးရ အထောက်အပံ့ မယူဘဲ ဒေါ်လာ သန်းပေါင်း ၁၅,၀၀၀ နဲ့ သူ့ဟာသူ စိုက်ယူမယ်လို့ လက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် စီးတီးဂရု(ပ်) (Citigroup) ကတော့ အမေရိကန် ပြည်ထောင်စု အာမခံ ကော်ပိုရေးရှင်း အကူအညီယူပြီး ဝယ်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဗဟိုဘဏ် ကတော့ ဒီကိစ္စကို အဆုံးအဖြတ်ပေးဖို့ စဉ်းစားဖို့ အချိန်မရသေးဘူးလို့ ဆိုထားပါတယ်။