သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ဘင်္ဂလားဒေ့ရှ်ကို သွားမည်


မြန်မာစစ်အစိုးရ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ အဖွဲ့ ဟာ မကြာခင် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို သွားရောက်မှာ ဖြစ်တဲ့အကြောင်း စစ်အစိုးရက ကြေညာထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်က ဒီခရီးစဉ် အတွင်းမှာ နှစ်နိုင်ငံအကြား ရေကြောင်း ပိုင်နက် သတ်မှတ်ရေးကိစ္စကို အဓိက ဆွေးနွေးမယ့် ကိစ္စရပ်တခုအဖြစ် မျှော်လင့်ထားပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

စစ်အစိုးရ ဘက်ကတော့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ အသေးစိတ် ကြေညာထားတာ မရှိသေးပါဘူး။ ဘင်္ဂလားဒေ့ရှ် အခြေစိုက် သတင်းဌာနတွေ ကတော့ လာမယ့် အောက်တိုဘာ ၇ ရက်နေ့၊ အဂါၤနေ့မှာ လာရောက်နိုင်တယ်၊ ဒီ ခရီးစဉ်ဟာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ ပထမဆုံး ခရီးစဉ်ဖြစ်ပြီး နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း အပါအဝင် မြန်မာစစ်အစိုးရ ကိုယ်စားလှယ် အဖွဲ့ဝင် ၅၀ လောက်အထိ ပါနိုင်တယ် ဆိုပြီး ခန့်မှန်းရေးသား တာတွေ ရှိပါတယ်။ ဒီလို လာရောက်တဲ့အခါ နှစ်နိုင်ငံ ရေကြောင်းပိုက်နက် ကိစ္စအပြင် အခြား အကြောင်းအရာတွေ ဆွေးနွေးမယ် ဆိုပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတွေက ဗွီအိုအေ အမေရိကန် အသံကို အရင်က အတည်ပြုပြောဆိုခဲ့ဖူးပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ သူ့နိုင်ငံ စီးပွားရေးမှာ ကပ္ပလီပင်လယ်ပြင် ကမ်းလွန် သဘာဝဓါတ်ငွေ့ ထုတ်လုပ်မှုကို အဓိက အားထားလာရတဲ့ အချိန် အိမ်နီးချင်းနိုင်ငံတွေနဲ့ ရေကြောင်းပိုင်နက် နယ်နိမိတ်ကိစ္စကို အဓိက ဆွေးနွေးလာခဲ့ပါတယ်။ ဒီလို ရေကြောင်းပိုင်နက် တိတိကျကျ သတ်မှတ်ရေးကိစ္စက ဆယ်စုနှစ် အတွင်း မကြာခဏ ဆွေးနွေးခဲ့ရတဲ့ ကိစ္စဆိုပေမယ့် အခုအချိန်အထိတော့ အဖြေ တိတိကျကျ မရှိသေးပါဘူး။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက စီးပွားရေးသမားတွေက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲက လယ်ယာတွေကို ငှားရမ်းပြီး မြန်မာ လယ်သမားတွေကို ပြန်ငှား သီးနှံစိုက်ပျိုးခိုင်းမယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံအခြေစိုက် ၈၈ မျိုးဆက် မြန်မာ့အရေး လှုပ်ရှားသူ ကိုနိုင်နိုင် ကတော့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“ဒီရခိုင်ပြည်နယ်မှာ မြေကွက်ငှားဖို့ ကိစ္စရယ်၊ ပြီးတော့ သဘာဝဓါငွေ့နဲ့ ပတ်သက်လို့ ရောင်းဝယ်ရေး ကိစ္စတခုလည်း ပါပါတယ်။ နောက်ဆုံး အရေးကြီးတဲ့ ကိစ္စ၊ နောက်ထပ် အရေးကြီးတဲ့ ကိစ္စတခုကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်ခြားမှာ မြန်မာစစ်တပ်ဘက်က စစ်သားတွေ ထွက်ပြေးနေတဲ့ ကိစ္စတွေလည်း ပါနိုင်ပါတယ်။ ဒုက္ခသည် ကိစ္စကတော့ နှစ်နိုင်ငံခြားမှာ အရင်ကလည်း နှစ်လတကြိမ် သုံးလတကြိမ် ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။”

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နှစ်စဉ် ရေထွက်ပစ္စည်း တန်ချိန် ၂၀,၀၀၀ ကျော် တင်ပို့နေတယ် ဆိုပြီး တရားဝင်စာရင်းတွေမှာ ဖော်ပြပါတယ်။ နှစ်နိုင်ငံ နှစ်စဉ် ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ သန်း ၆၀ ကျော် ရှိပါတယ်။ ဒါပေမယ့်လည်း နှစ်နိုင်ငံ တရားဝင် ကုန်သွယ်မှု ပမာဏက အခြား အာရှနိုင်ငံတွေနဲ့ နိုင်းစာရင် မပြောပလောက်ပါဘူး။ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံက ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေးကိုလည်း ဆွေးနွေးနိုင်တယ်လို့ ခန့်မှန်းတာတွေ ရှိပေမယ့် စီးပွားရေး ကိစ္စတွေကပဲ ခရီးစဉ်ရဲ့ အဓိက ဦးစားပေး ဖြစ်မယ်လို့ သုံးသပ်ကြတာတွေ ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG