သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေကြေးဈေးကွက် ကယ်တင်ရေးအစီအစဉ် မှန်ကန်တဲ့ရွေးချယ်မှုလို့ သမ္မတဘုရှ် ခေါ်ဆို


အမေရိကန်ပြည်ထောင်စုမှာ ကြုံတွေ့နေရတဲ့ ဘဏ္ဍာရေး ပြဿနာ အကျပ်အတည်း ပြေလည်သွားပါလိမ့်မယ်။ ဒါပေမယ့် မကြာခင်ကပဲ အတည်ပြုခဲ့တဲ့ ဘဏ္ဍာရေး အကျပ်အတည်းဖြေရှင်းရေးဥပဒေ ရဲ့ အကျိုး သက်ရောက်မှု ဖြစ်ပေါ်ဖို့ကတော့ အချိန် စောင့်ရဦးမယ်လို့ အမေရိကန် သမ္မတ ဂျော့ ဘုရှ် က ပြောကြားသွားပါတယ်။

သမ္မတ ဘုရှ် က သူ့ရဲ့ စနေနေ့ ရေဒီယို မိန့်ခွန်းမှာ အခုလို အမေရိကန်လူထုကို အားပေးစကား ပြောသွားတာပါ။ အကျပ်အတည်း တွေ့နေတဲ့ ဘဏ္ဍာရေး လုပ်ငန်းတွေကို ဒေါ်လာ သန်းပေါင်း ၇ သိန်း နဲ့ ကယ်တင်ဖို့ စီစဉ်တာဟာ မှန်ကန်တဲ့ လုပ်ဆောင်မှုပဲလို့ သမ္မတ ဘုရှ် က ပြောပါတယ်။ သောကြာနေ့ကပဲ ဥပဒေအဖြစ်နဲ့ အတည်ပြုလိုက်တဲ့ အဲဒီအစီအစဉ်အရ ကြွေးမြီ ပေးတဲ့ ဘဏ်တွေ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ ဈေးကွက်အပေါ်မှာ ပေါ်ပြီးတော့ အယုံအကြည် ရှိလာစေဖို့ စီးပွားရေး ဖွံ့ဖြိုးမှုတွေ ပိုပြီးတော့ ပေါ်ပေါက်လာ စေဖို့အတွက် အကျပ်အတည်း တွေ့နေတဲ့ ဘဏ္ဍာရေး ကုမ္ပဏီတွေကနေ တန်ဖိုးကျ ရင်းနှီးမြှုပ်နှံမှုတွေကို အစိုးရက ဝယ်ယူမှာ ဖြစ်ပါတယ်။

ဥရောပ ခေါင်းဆောင်တွေကလည်း ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနေကြရပါတယ်။ တကမ္ဘာလုံးမှာ ဖြစ်ပေါ်နေတဲ့ ကြွေးမြီစနစ်မှာ အကျပ်အတည်း ဖြစ်နေတဲ့ပြဿနာကို ဖြေရှင်းဖို့ ပြင်သစ်၊ ဗြိတိန်၊ ဂျာမဏီ နဲ့ အီတလီ တို့က ခေါင်းဆောင်တွေ စနေနေ့ကပဲ ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ တွေ့ဆုံခဲ့ ကြပါတယ်။ အစည်းအဝေး တက်ရောက်တဲ့ အစိုးရတွေဟာ သူတို့ နိုင်ငံတွေမှာ သူတို့နည်း သူတို့ဟန်နဲ့ လုပ်ကိုင်သွားကြမှာ ဖြစ်တယ်။ ဒါပေမယ့် တခြား ဥရောပ နိုင်ငံတွေနဲ့ ညှိနှိုင်း တိုင်ပင် လုပ်ဆောင်ကြမှာ ဖြစ်တယ်လို့ ဒီအစည်းအဝေးကို စီစဉ်ခဲ့တဲ့ ပြင်သစ်သမ္မတာ နီကိုးလက်(စ်) ဆာကိုဇီ က ပြောပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်းကတော့ ကြံ့ခိုင်ပြီးတော့ ကြွေးကင်းတဲ့ ဘယ်ဘဏ်မှ အပြင်ကို ထုတ်ပေးစရာ ငွေမရှိတာ နဲ့တော့ လုပ်ငန်း ပျက်သွားရတာမျိုး ကြည့်မနေသင့်ပါဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ဒီပြဿနာ အတွက် ဘဏ်တွေရော၊ ငွေကြေးကစားသူတွေရော သူတို့လုပ်ခဲ့တဲ့ ဆိုးပြစ်ကိုတော့ မျှဝေခံစားရမယ်လို့ ဥရောပ ခေါင်းဆောင်တွေ တင်ပြသွားကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG