သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး အကျဉ်းသား ဦးရေ မနှစ်ကထက် နှစ်ဆ ပိုများလာဟု မြန်မာလူ့အခွင့်အရေးအဖွဲ့များ အစီရင်ခံ


မြန်မာနိုင်ငံမှာ နိုင်ငံရေး လှုပ်ရှားသူတွေ ဒီနှစ်အတွင်း ဖမ်းဆီးခံရမှုဟာ ၂၀၀၇ခုနှစ်ကထက် အဆမတန်များလာခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံ AAPPBနဲ့ အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ US Campaign For Burma အဖွဲ့က ပူးတွဲ ထုတ်ပြန်တဲ့ အစီရင်ခံထဲမှာ ဖော်ပြထားပါတယ်။ အစီရင်ခံစာရဲ့ နာမည်ကိုလည်း အမှောင်ထဲရောက်နေတဲ့ အနာဂတ်များဆိုတဲ့ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အားထုတ်ဆောင်ရွက်ပေးဖို့ တောင်းဆိုတဲ့ အိတ်ဖွင့်ပေးစာကိုလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ပေးပါတယ်။ ဒီအစီအရင် ခံစာရေးသားသူ US Campaign For Burma အဖွဲ့က ညွှန်ကြားရေးမှူး ဦးအောင်ဒင်ကို ဒီအစီအရင်ခံစာမှာ အဓိက ဘာတွေကို မီးမောင်းထိုးပြထားသလဲဆိုတာကို မေးတော့

"နိုင်ငံရေးအကျဉ်းသားတွေက ခိုး ဆိုး လုယက်ပြီး ထောင်ကျကြတာမဟုတ်ဘူးလေ။ သူတို့ ယုံကြည်တဲ့ နိုင်ငံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ တိုင်းသူပြည်သားများအတွက် အခြေခံ လူ့အခွင့်အရေးတွေ ရရှိဖို့အတွက် သူတို့ ရဲရဲဝင့်ဝင့် တောင်းဆိုကြတယ်၊ ဖော်ထုတ်ပြတယ်။ သူတို့ဟာ တကယ်ကျတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်တွေပဲ။ အဲဒီ အနာဂတ်တွေကို အကျဉ်းထောင်ထဲမှာ ထည့်သွင်း အကျဉ်းချထားခြင်းဖြင့် ကျွန်တော်တို့ အနာဂတ်တွေ အမှောင်ထုထဲကို ရောက်နေတယ်။ ဒီအနာဂတ်တွေကို အမှောင်ထုကြီးထဲက မဆွဲထုတ်နိုင်မချင်း ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်က ဆက်ပြီးတော့ မှောင်မိုက်နေဦးမှာပဲ။ ကျွန်တော်တို့က ဒါကြောင့်မို့ ဒီအစီရင်ခံစာကို အမှောင်ထုထဲက အနာဂတ်များလို့ အမည်ပေးထားတာပါ။"

ဒီအစီရင်ခံစာထဲမှာ ဖော်ပြထားတာကတော့ ၂၀၀၇ခုနှစ်ကနေပြီး ၂၀၀၈ခုနှစ်အတွင်းမှာ ဖမ်းခံရတဲ့သူဟာ ၇၈%အထိ တိုးလာတယ်ဆိုပြီး ဖော်ပြထားပါတယ်။ ဘာဖြစ်လို့ အခုလိုများလာရသလဲဆိုတဲ့အပေါ် US Campaign For Burma အဖွဲ့က ဘယ်လို သုံးသပ်ပါသလဲရှင့်။

"ပထမအချက်က ပြီးခဲ့တဲ့ ၂၀၀၇ သြဂုတ် ဖြစ်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားများ ဦးဆောင်ပြီး လှုပ်ရှားခဲ့တဲ့ လှုပ်ရှားမှုတွေ၊ စက်တင်ဘာမှာ ဖြစ်ခဲ့တဲ့ သံဃာဦးဆောင်မှု ရွှေဝါရောင် တော်လှန်ရေး လှုပ်ရှားမှုတွေမှာ ဖမ်းဆီးထားတဲ့ လူတွေ အများကြီးရှိတယ်။ အဲဒီလူတွေကို တကယ်ကျတော့ နအဖ စစ်အုပ်စုက တယောက်မကျန် ပြန်လွှတ်ပေးရမှာ။ အဲဒီလို ပြန်လွှတ်ပေးဖို့ကိုလည်း သူက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကိုရော၊ အထွေထွေ အတွင်းရေးမှူးချုပ်ကိုရော သဘောတူ ကတိကဝတ်ပြုလုပ်ပြီးသား။ ဒါပေမယ့် မလွှတ်ပေးဘဲနဲ့ ဆက်ပြီး ဖမ်းထားတာ၊ ထောင်တွင်း အကျဉ်းချထားတာက အနဲဆုံး ၇၀၀ ကျော်ရှိတယ်။ နောက်ပိုင်း နအဖရဲ့ စစ်အာဏာရှင်အောက် ရာသက်ပန် သွတ်သွင်းရေး အစီအစဉ် လုပ်နေတာက တဖြေးဖြေးနဲ့ အရှိန်အဝါရလာပြီ။ အဲဒီလို ရလာတဲ့အချိန်မှာ ဒီဆန္ဒခံယူပွဲကို မတရားသဖြင့်လုပ်ပြီးတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတင်း အဓ္ဓမပြုတယ်။ တဘက်မှာလည်း လူထု ဒုက္ခကို မျက်ကွယ်ပြုတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်တွင်းက အင်းအားစုတွေရဲ့ တုန့်ပြန်မှုကလည်း ပိုပြီး အရှိန်အဟုန် ကြီးမားလာတယ်။ အဲဒီလို အရှိန်အဟုန် ကြီးမားလေလေ ဖမ်းဆီးမှုက များလေလေဖြစ်တယ်။ ဒါကြောင့် ဂျူလိုင်ကနေ စက်တင်ဘာအထိ သုံးလအတွင်းမှာ နအဖ စစ်အုပ်စုက ဖမ်းဆီးလိုက်တဲ့ ဒီမိုကရေစီ အင်အားစု အရေအတွက်က ၁၀၀ ကျော်တယ်။ ဒါကြောင့်မို့ နိုင်ငံရေး အကျဉ်းသား အရေအတွက်က လျော့နည်းမသွားဘဲ တိုးပြီးရင် တိုးနေတာပါပဲ။"

အစီအရင်ခံစာနဲ့အတူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အပါအဝင် ကုလမသဂ္ဂထဲမှာ အရေးပါတဲ့ အဖွဲ့တွေကို အိတ်ဖွင့်ပေးစာ ပေးတယ်လို့လည်း သိရပါတယ်။ အဲဒီ အိတ်ဖွင့်ပေးစာက နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး တောင်းဆိုတဲ့ အိတ်ဖွင့်ပေးစာပေါ့လေ။ အဲဒီ အိတ်ဖွင့်ပေးစာဟာ တကယ်တမ်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာဖို့က ဘယ်လောက်အထိ မျှော်လင့်ချက် ရှိပါသလဲ။

"အဲဒီ အဖွဲ့အစည်းတွေက ဘယ်လောက်အထိ အလုပ်လုပ်နိုင်ကြမလဲဆိုတာ။ အင်အားစုတွေဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပအဖွဲ့တွေရဲ့ ဆောင်ရွက်မှု၊ နောက် တရုတ်၊ အိန္ဒိယ၊ အာစီယံစတဲ့ နိုင်ငံတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေဖြစ်တဲ့ မြန်မာပြည်မှာ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရမယ်။ တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်ရမယ်ဆိုတာကတော့ အခြေခံအားဖြင့် သဘောတူပေမယ့် လက်တွေ့လုပ်တဲ့နေရာမှာ ကွဲလွဲနေတာရှိတယ်။ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ဖိအားပေးမှုတွေ တိုးမြင့်ချင်တယ်။ အိန္ဒိယ၊ တရုတ်၊ အာစီယံတွေက နအဖကို ပျော့ပျော့ပြောင်းပြောင်း ချဉ်းကပ်ပြီးတော့ ကြိုးစားချင်တယ်။ အဲဒီလို ကွဲလွဲမှုတွေကို ညှိနှိုင်းပြီးတော့ တသံတည်း ထွက်နိုင်ဖို့က ကုလသမဂ္ဂ အထွေထွေ အတွင်းရေမှူးချုပ်ရဲ့ အခန်းကဏ္ဍက အင်မတန် အရေးကြီးပါတယ်။ ကျွန်တော်တို့ အစီရင်ခံစာရဲ့ အဓိက တုန့်ပြန်မှုက ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ကို နိုင်ငံ ၁၉၂နိုင်ငံက အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီးတော့ ခုနက ကွဲလွဲနေတဲ့ နိုင်ငံတွေကြားထဲမှာ တညီတညွတ် အသံထွက်လာအောင် ဖိအားပေးတာပါ။ အဲဒီလို ဖိအားကလည်း အောင်မြင်မယ်၊ အထွေထွေ အတွင်းရေးမှူးချုပ်ကလည်း သူရဲ့ စွမ်းအားကို မြင့်တင်မယ်ဆိုရင် ကွဲပြားတဲ့ နိုင်ငံတွေကြားမှာ ညီညွတ်တဲ့ သဘောထားတရပ်ကို ချမှတ်နိုင်မှာ ဖြစ်ပြီး အဲဒီ ညီညွတ်တဲ့ တုန့်ပြန်မှုက နအဖကို နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးစေနိုင်ပြီးတော့၊ တွေ့ဆုံဆွေးနွေးပွဲပေါ်မှာ စိတ်ဝင်စား အကောင်အထည်ဖော်လာတဲ့အထိ ရောက်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ကမ္ဘာတဝန်းမှာ ဖမ်းဆီးခံစားရသူတွေရဲ့ လူ့ဂုဏ်သိက္ခာနဲ့ တရားမျှတမှု ရရှိစေရေးအတွက် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်ရဲ့ အစပြု ဆောင်ရွက်မှု စတင်ချိန်နဲ့ တိုက်ဆိုင်ပြီးတော့ ဒီ အစီရင်ခံစာကို ထုတ်ပြန်တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG