သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးစစ်သား စုဆောင်းအသုံးပြုသူများ အမေရိကန်လာရင် အရေးယူမည်


ကလေးစစ်သား စုဆောင်းမှုအတွက် တာဝန်ရှိတဲ့ ဘယ်နိုင်ငံက ဘယ်သူမဆို
အမေရိကန်မြေပေါ်ကို ရောက်လာရင် တရားစွဲဆို အရေးယူနိုင်တဲ့ ဥပဒေမူကြမ်းတရပ်
ကို အမေရိကန်သမ္မတ ဂျော့ခ်ျဘုရှ် (George Bush) က လက်မှတ်ထိုးပြီး ဥပဒေအဖြစ်
အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒီဥပဒေအရဆိုရင် ဘယ်နိုင်ငံကပဲဖြစ်ဖြစ် ကလေး
စစ်သား စုဆောင်းရာမှာ တာဝန်ရှိသူတွေကို အမေရိကန် တရားရေးဌာနက တရားစွဲဆို
နိုင်တော့မှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါ
တယ်။

မြန်မာဘာသာစကားနဲ့ဆို ကလေးစစ်သားဆိုင်ရာ တာဝန်ခံမှုဥပဒေလို့ ဆိုရမယ့် ဥပဒေ
မူကြမ်းတရပ်ကို လွန်ခဲ့တဲ့သီတင်းနှစ်ပတ်မှာ အမေရိကန်ကွန်ဂရက်က အတည်ပြုခဲ့ပြီး
တဲ့နောက် အမေရိကန်သမ္မတဘုရှ်က ပြီးခဲ့တဲ့သောကြာနေ့မှာ ဥပဒေအဖြစ် လက်မှတ်
ရေးထိုး ပြဋ္ဌာန်းပေးလိုက်တာပါ။ ဒီဥပဒေကို အတည်ပြု ပြဋ္ဌာန်းတဲ့နေ့ကစလို့ ကလေး
စစ်သား စုဆောင်းရာမှာ ပါဝင်သူတွေဟာ ကိုယ်လုပ်ခဲ့တာအတွက် ကိုယ်တိုင် တာဝန်
ခံရမယ်၊ တာဝန်ယူရမယ်လို့ ဥပဒေရဲ့အမည်က ဆိုလိုချင်ပုံရပါတယ်။ ဥပဒေအရဆိုရင်
အသက် ၁၅ နှစ်အောက် ကလေးငယ်တွေကို စစ်သားအဖြစ်စုဆောင်းသူ၊ အသုံးပြုသူ
ဘယ်သူမဆို အမေရိကန်ပြည်ထောင်စုကို ရောက်လာရင် အရေးယူနိုင်တယ်လို့ ဥပဒေ
က ဆိုထားပါတယ်။

ဒီဥပဒေဟာ ကလေးစစ်သား စုဆောင်းအသုံးပြုနေတဲ့ ကမ္ဘာတ၀ှမ်းက လက်နက်ကိုင်
အဖွဲ့အစည်းတွေကို အပြင်းအထန် သတိပေးလိုက်တာပဲလို့ ကလေးစစ်သားပပျောက်
ရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာ
ရေးအဖွဲ့က ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လှုံ့ဆော်စည်းရုံး လှုပ်ရှားသူ မစ္စ ဂျိုး
ဘက်ကာ (Joe Becker) က ပြောပါတယ်။

"ဒီဥပဒေဟာ သိသာထင်ရှားတဲ့ သက်ရောက်မှု ရှိနိုင်တယ်လို့ ကျမထင်ပါတယ်။
ဘာ့ကြောင့်လဲဆိုတော့ ကမ္ဘာတ၀ှမ်းမှာရှိတဲ့ စစ်ဖက်ခေါင်းဆောင်တွေနဲ့ လက်နက်ကိုင်
အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေအနေနဲ့ ကလေးတွေကို အတင်းအကျပ် စစ်သား
လုပ်ခိုင်းနေတဲ့ တချိန်ထဲမှာ ဘယ်လိုအရေးယူမှုမျိုးမှ မခံရဘဲ အမေရိကန်ပြည်ထောင်စု
ကို လာလို့မရဘူးဆိုတာ ပြင်းပြင်းထန်ထန် သတိပေးလိုက်လို့ပါပဲ။"

မြန်မာစစ်တပ်ဟာ ကလေးစစ်သားအများအပြားရှိတဲ့ စစ်တပ်တခုအဖြစ် ကမ္ဘာမှာ
နာမည်ဆိုးနဲ့ထင်ရှားပြီး မြန်မာနိုင်ငံနဲ့ ဆက်စပ်ပတ်သက်တဲ့ ကိစ္စတွေမှာ ကလေး
စစ်သားအရေးဟာလည်း ထိပ်တန်းကရှိနေတဲ့ အရေးကိစ္စတခု ဖြစ်ပါတယ်။ လူ့အခွင့်
အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ ကိန်းဂဏန်းအရဆိုရင် မြန်မာနိုင်ငံမှာ ကလေး
စစ်သား ၇၀,၀၀၀ အထိရှိနိုင်ပြီး တခြားဘယ်နိုင်ငံမှာမဆိုရှိတဲ့ ကလေးစစ်သားအရေ
အတွက်ထက် များတယ်လို့ ဆိုပါတယ်။ အခု အမေရိကန်ပြည်ထောင်စုရဲ့ ဥပဒေအသစ်
က အမေရိကန်နဲ့ ဆက်ဆံရေး အဆင်မချောလှတဲ့ မြန်မာလိုနိုင်ငံမျိုးမှာ ကလေး
စစ်သားစုဆောင်းတာ ပပျောက်သွားဖို့၊ ရှိနေတဲ့ ကလေးစစ်သားအရေအတွက်
လျော့ကျသွားဖို့ ဘယ်လောက်များ အထောက်အကူဖြစ်နိုင်ပါမလဲဆိုတာက မေးခွန်း
ထုတ်စရာပါ။

ဒီအပေါ်မှာ ဂျိုး ဘက်ကာက မြန်မာစစ်ခေါင်းဆောင် ဘယ်နှစ်ယောက် အမေရိကန်
နိုင်ငံကို တကယ်တမ်း လာနေသလဲဆိုတာက မေးခွန်းထုတ်စရာဖြစ်ပေမယ့် ဒီဥပဒေ
ဟာ ကမ္ဘာတ၀ှမ်း အစိုးရတွေကို အင်မတန် အရေးကြီးတဲ့ အသိပေး အကြောင်းကြား
ချက်တခု ဖြစ်တယ်လို့ ပြောပါတယ်။

"ဒီရာဇ၀တ်မှုကို အစိုးရတခုချင်းဆီက အလေးအနက် သဘောထားလာပြီး တခြားနိုင်ငံ
က ခေါင်းဆောင်တွေပေါ်မှာတောင် သက်ရောက်မှုရှိနိုင်တဲ့ နိုင်ငံတွင်းဥပဒေတွေကို
ပြဋ္ဌာန်းလာကြပြီဆိုတာ အသိပေးလိုက်တာပါပဲ။ ဒါဟာ ကလေးတွေကို စစ်သားအဖြစ်
အသုံးပြုနေတာကို ရှုတ်ချပြစ်တင်ကြဖို့၊ ကလေးတွေကို စစ်သားအဖြစ် အသုံးပြုနေသူ
တွေကို အရေးယူဖို့၊ တာဝန်ခံမှုရှိရေး တောင်းဆိုဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာပဲ
ဖြစ်ဖြစ်၊ အထွေထွေညီလာခံမှာပဲဖြစ်ဖြစ်၊ နိုင်ငံတခုချင်းစီမှာပဲဖြစ်ဖြစ် တာဝန်ရှိတယ်
ဆိုတာ အသိအမှတ်ပြုဖို့ ဒီကနေ့ ကမ္ဘာမှာ ကျမတို့ တွေ့လာနေရတဲ့ အရှိန်အဟုန်ရဲ့
တစိတ်တပိုင်းဖြစ်တယ်လို့ ကျမထင်ပါတယ်။"

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ကလေးသူငယ် အခွင့်အရေးဆိုင်ရာ
လှုံ့ဆော်စည်းရုံးလှုပ်ရှားသူ မစ္စ ဂျိုး ဘက်ကာ ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကလေးစစ်သား စုဆောင်းအသုံးပြုနေတာဟာ မြန်မာအစိုးရ စစ်တပ်
ချည်းမဟုတ်ဘဲ အစိုးရကို လက်နက်ကိုင်တိုက်ခိုက်နေတဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့
အစည်းတွေဟာလည်း အလားတူ လုပ်ဆောင်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်
လေ့လာရေးအဖွဲ့လို အဖွဲ့အစည်းတွေက ပြောပါတယ်။

ဒါပေမယ့် ဒီလက်နက်ကိုင်အဖွဲ့တွေကတော့ သူတို့အဖွဲ့အစည်းတွေမှာ ကလေးစစ်သား
မစုဆောင်းဖို့ မူဝါဒချမှတ်ထားတယ်လို့ ချေပကြပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်း
တခုခုရဲ့ အဖွဲ့ဝင်ဖြစ်ရုံနဲ့တော့ ဒီဥပဒေအရ အကျုံးဝင်မှာမဟုတ်ဘဲ ကလေးဟာ အသက်
မပြည့်ဘူးဆိုတာ ကိုယ်တိုင်က သိလျက်နဲ့ ကလေးတွေကို စစ်သားလုပ်ခိုင်းဖို့ စုဆောင်း
တာမျိုး၊ စစ်သားလုပ်ဖို့ ခွင့်ပြုတာမျိုးကသာ အကျုံးဝင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကလေးစစ်သားပပျောက်ရေး လုပ်ဆောင်ဖို့ မြန်မာအစိုးရက အဆင့်မြင့်
အဖွဲ့တခု ဖွဲ့စည်းထားပါတယ်။ အရင်တုန်းကဆိုရင် မြန်မာစစ်တပ်မှာ ကလေးစစ်သား
မရှိဘူးလို့တောင်မှ တွင်တွင် ငြင်းဆန်ခဲ့ဖူးပေမယ့် နောက်ပိုင်းမှာတော့ အတိအလင်း
ဖွင့်ဟ၀န်မခံသော်ငြား ကလေးစစ်သား ရှိနေတယ်၊ ကလေးစစ်သား စုဆောင်းနေတယ်
ဆိုတာကို အသိအမှတ်ပြုလာပုံတော့ ရပါတယ်။ ဒါဟာလည်း လူ့အခွင့်အရေး အဖွဲ့
အစည်းတွေ အပါအ၀င် ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုတွေကြောင့်ဆိုရင်
မမှားပါဘူး။

ကုလသမဂ္ဂအဖွဲ့တခုဟာလည်း မြန်မာနိုင်ငံတွင်း အခြေစိုက်ပြီး ကလေးစစ်သား
ပပျောက်ရေး လုပ်ဆောင်နေတာတွေ ရှိပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂရဲ့ လုပ်ငန်းတွေ
မှာ နိုင်ငံရေးသဘောပါတဲ့ နှောင့်ယှက်မှုတွေ ရှိနေတယ်၊ အဖွဲ့ကလုပ်ဆောင်နိုင်တဲ့
အပေါ်၊ လိုအပ်တဲ့ နေရာဒေသတွေကို သွားလာခွင့်တွေအပေါ်၊ သတင်းအချက်အလက်
စုဆောင်းမှုတွေအပေါ် ဆိုးဆိုးရွားရွား ကန့်သတ်ခံနေရတယ်ဆိုပြီး ဂျိုး ဘက်ကာက
ပြောပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG