သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားဝန်ကြီးချုပ် ဘာဒါဝီ နုတ်ထွက်မည်


ရှေ့လာမဲ့ မတ်လမှာ ရာထူးက ဆင်းပေးမှာဖြစ်တယ်လို့ မလေးရှား နိုင်ငံဝန်ကြီး ချုပ် အက်ဘ်ဒူလာ အာမက် ဘာဒါဝီ က ပြောဆိုလိုက်ပါတယ်။ လက်ရှိ အုပ်ချုပ်နေတဲ့ ပါတီအတွင်း ရှုတ်ရှုတ်ထွေထွေး တွေဖြစ်လာပြီးတဲ့ နောက် အခုလို ပြောဆိုမှု ဖြစ်လာတဲ့အကြောင်း ဗွီအိုအေသတင်းထောက် နန်စီ အမေလီယာ ကော် လင်းန်(စ်) က ဂျာကာတာမြို့ကနေ သတင်းပေးပို့ထားတာပါ။

သူ့ပါတီအတွင်း ကွဲပြားမှုတွေ မဖြစ်စေဘို့အတွက် သူ့ရဲ့ ဝန်ကြီးချုပ် သက်တမ်း (၄) နှစ်မပြည့်မီ ရှေ့လာမဲ့ မတ်လမှာ ရာထူးက ဆင်းပေးမယ်လို့ မလေးရှားဝန်ကြီးချုပ် အဘက်ဒူလာ အာမက် ဘဒါဝီက ပြောဆိုလိုက်တာပါ။

အခုလို ထုတ်ဖေါ်ပြောဆိုလိုက်ပြီးတဲ့နောက် သူ့ရဲ့ လက်ထောက် နာဂျစ်ဘ် ရာဇတ် ကို လက်ရှိ အုပ်ချုပ်နေတဲ့ သူ့တို့ ဘာရီဆန် နေရှင်နယ်လ် ပါတီရဲ့ ဥက္ကဌအဖြစ်ရွေးချယ်ဘို့ အဆိုပြုခဲ့ပါတယ်။ လက်ရှိအုပ်ချုပ်နေတဲ့ ပါတီရဲ့ ဥက္ကဌဟာ အလိုလျောက် နိုင်ငံရဲ့ ဝန်ကြီးချုပ် ဖြစ်လာမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ရွေးကောက်ပွဲ ကာလက လူများစု မဲတွေကို အတိုက်အခံဘက်က ရရှိသွားတာကြောင့် အဗဒူလာ ဘာဒါဝီအနေနဲ့ အမ်နို လို့ခေါ်တဲ့ United Malays National Organization စည်းလုံးညီညွတ်သော မလေးအမျိုးသား အဖွဲ့ကို ဘာရီ ဆန် နေရှင်နယ်ပါတီရဲ့ ညွန့်ပေါင်းအဖွဲ့ တခု တည်ထောင်လိုက်ချိန်ကစပြီး သူကို ရာထူးက ဆင်းပေးဘို့ ဖိအားပေးမှု တွေ များလာခဲ့တာဖြစ်ပါတယ်။

အခုလို ရာထူးက ဆင်းပေးမယ်လို့ ဆုံးဖြတ်လိုက်တာဟာ ပါတီရဲ့ စည်းလုံးညီညွတ်မှုအတွက် ဖြစ်တယ်လို့ အဗဒူလာက ဆိုပါတယ်။

“ကျနော့်အနေနဲ့ လာမဲ့ ရွေးကောက်ပွဲမှာ အမ်နို ရဲ့ ဥက္ကဌနေရာမှာ နေရာယူဘို့မရှိပါဘူး၊ ပါတီရဲ့ ညွန်ပေါင်း အုပ် ချုပ်ရေး ပိုင်းမှာရော ပါတီအစိတ်အပိုင်းပိုင်း ကွဲသွားတာမျိုးရော မဖြစ်စေချင်ပါဘူး။ စည်းလုံးညီညွတ်ပြီး သဟဇာတာ ဖြစ်နေတာမျိုး တခုပဲ လိုချင်ပါတယ်။”

အတိုက်အခံ ခေါင်းဆောင် အန်နဝါ အီဘရာဟင် ကတော့ ပါလီမန်နဲ့ သက်ဆိုင်တဲ့ စည်းမျဉ်းစည်းကမ်း ချိုးဖေါက်သူကို အစိုးရအဖွဲ့က ထွက်သွားအောင်လုပ်နိုင်ခဲ့တာက ကျေနပ်လောက်စရာပါပဲလို့ အထပ်ထပ် ပြောဆိုခဲ့ပါတယ်။ လိင်တူခြင်း ဆက်ဆံမှုနဲ့ တရား ရင်ဆိုင် နေရတဲ့ ကြားထဲကပဲ နိုင်ငံရေးအရ တက်တက်ကြွကြွပဲ ပြောဆိုခဲ့တာပါ။

နိုင်ငံရေး လေ့လာ သုံးသပ်သူ တဦးဖြစ်တဲ့ ခိုးကေပန် ကတော့ မလေးရှားနိုင်ငံအနေနဲ့ စီးပွားရေးရော နိုင်ငံရေးမှာပါ ရှုတ်ထွေမှုတွေ အများကြီးဖြစ်လာနေတာကြောင့် ဘယ်သူပဲ ဝန်ကြီးချုပ် ဖြစ်ဖြစ် အတိုက်အခံ ပါတီ နှစ်ဘက်စလုံး ပူးပေါင်း ဆောက်ရွက်မှုတွေ လုပ်သင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“ ခင်ဗျားတို့အနေနဲ့ အမျိုးသားရေး စည်းလုံး ညီညွတ်မှုရှိတဲ့ အစိုးရ တရပ် လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မလေးရှားနိုင်ငံဟာ လက်ရှိအခြေအနေမှာ အဆင့်မြင့်မားတဲ့ ဗဟိုအုပ်ချုပ်ရေး ဖက်ဒရယ် အစိုးရ တရပ် အနေနဲ့ ရှိနေတာပါ။ ဒီတော့ အတိုက်အခံအကြား နိုင်ငံရေးအရ အကြိတ်အနယ် ယှဉ်ပြိုင်မှုတွေနဲ့ ဆက်လက်လုပ်ဆောင်နေမယ် ဆိုရင် ပူးပေါင်း အလုပ်လုပ်ဆောင်ကြဘို့ သိပ်ကို ခက်ခဲပါလိမ့်မယ်။ ဒါကြောင့် ကျနော်ထင်တာကတော့ နှစ်ဦး နှစ်ဘက် အနေနဲ့ အထူးသဖြင့် နိုင်ငံရဲ့ စီးပွားရေးအခြေအနေ ပေါ်မှာ အဓိကထားပြီး သူတို့ရဲ့ ထင်မြင်ယူဆမှုတွေကို ပြောဆို ဆောင်ရွက်သင့်ကြပါတယ်။”

မလေးရှားနိုင်ငံမှာ ရေနံဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် စီးပွားရေး အခက်အခဲတွေ ရင်ဆိုင်နေကြရတယ်လို့ လေ့လာ သုံးသပ်သူတွေက ဆိုပါတယ်။ နိုင်ငံတွင်း ငွေကြေးဖေါင်းပွမှုဟာ (၂၇) နှစ်အတွင်း အခုလမှာ အမြင့်ဆုံးဖြစ်လာခဲ့တာပါ။ နိုင်ငံတကာငွေကြေးဈေးကွက်ပြသနာကြောင့်လည်း နိုင်ငံရဲ့ ငွေကြေးပမာဏ တိုးတက် မှုနှုန်းဟာ ၂၀၀၉ ခုနှစ်မှာ (၃) ရာခိုင်နှုန်းလောက်သာရှိနိုင်တယ်လို့လဲ ခန့်မှန်းပြောဆိုနေကြတာပါရှင်/

ဆက်စပ်သတင်းများ ...

XS
SM
MD
LG